ဘာစီလိုနာအသင်း လစာကန့်သတ်ခံရ၍ မက်ဆီထွက်ခွာသွားပါက တစ်နှစ် ပေါင်သန်း ၅၀ သက်သာနိုင်

ဘာစီလိုနာ၊ ဘောလုံး

၂၀၁၃ ခုနှစ်က စတင်ကျင့်သုံးရန် လုပ်ဆောင်ခဲ့သော လစာကန့်သတ်ထိန်း ချုပ်ပေးရေး စည်းမျဉ်းအရ စပိန်လာလီဂါသည် အသင်းများ၏ လစာနှုန်းထားများကို သတ်မှတ်ပေးခဲ့ရာတွင် ဘဏ္ဍာရေး အကျပ် အတည်းနှင့် ရင်ဆိုင်နေရသည့် ဘာစီလိုနာအသင်းကို တစ်နှစ်လစာအသုံးစရိတ် ပေါင် ၃၄၃ သန်းသာ သုံးစွဲ ခွင့်ပြုခဲ့သည်။

ပြီးခဲ့သည့်ရာသီက ဘာစီလိုနာအသင်း လစာအသုံးစရိတ်ကို စပိန်လာလီဂါ အဖွဲ့ချုပ်က ပေါင် ၆၀၁ ဒသမ ၅ သန်း သတ်မှတ်ပေးခဲ့ပြီး COVID-19 ရောဂါကြောင့် ယခုရာသီအတွက် လစာသုံးစွဲရမည့်နှုန်းကို ၄၃ ရာခိုင် နှုန်းအထိ ထပ်လျှော့လိုက်သဖြင့် ပေါင် ၃၄၃ သန်းသာ သုံးစွဲခွင့်ရတော့မည်ဖြစ်သည်။

အဆိုပါလစာနှုန်းသည် အသင်းစီနီယာ ကစားသမားများ၊ နည်းပြများ၊ အကယ်ဒမီ ကစားသမားများ၊ အရန် အသင်းကစား သမားများနှင့် တခြားအသင်းဝန်ထမ်း အားလုံးကိုပေးရသည့် လစာများပါ အကျုံးဝင်သည်။ ထိုသတ်မှတ်မှုကြောင့် ဘာစီလိုနာအသင်းသည် လက်ရှိအသင်းမှ စီနီယာကစားသမားများအတွက် ပေးနေ ရသည့် တစ်နှစ်လစာ ပေါင်သန်း ၁၇၀ ကို လျှော့ပေးနိုင်ရေး ကြိုးစားရာတွင်လည်း ကစားသမားလေး ဦးမှ အပ ကျန်ကစားသမားများက လက်မခံသဖြင့် နောက်တစ်ကြိမ် ထပ်မံညှိနှိုင်းရန် ကြိုးစားနေသည်။

အကယ်၍ ယခုရာသီကုန်တွင် အသင်းနှင့် စာချုပ်သက်တမ်းကုန်မည့် မက်ဆီထွက်ခွာသွားပါက လာမည့် ရာသီတွင် ဘာစီလိုနာအသင်းအတွက် လစာ ပေါင် သန်း ၅၀ သက်သာနိုင်မည်ဖြစ်၍ မက်ဆီသည်လည်း ရာသီကုန်တွင် ဘာစီလိုနာမှထွက်ခွာရန် သေချာသလောက်ရှိနေသည်။

စပိန်လာလီဂါတွင် လက်ရှိကလပ် အသင်း ၂၀ ၏ စုစုပေါင်းတစ်ရာသီလစာနှုန်းသည် ကန့်သတ်ထားသည့် တိုင် ပေါင် ၂ ဒသမ ၉ ဘီလီယံရှိနေပြီး ယခုထပ်မံကန့်သတ်ချက်အရ ပြီးခဲ့သည့်ရာသီက စုစုပေါင်း လစာနှုန်းထက် ပေါင်   ၅၄၆ သန်း လျော့ကျသွားသည်။ သို့သော် လာလီဂါဥက္ကဋ္ဌ တီဘက်စ်က လက်ရှိတွင် ပင် အသင်းများ၏ အသုံးစရိတ်ကို ဖြစ်သင့်သည်ထက် ပေါင်သန်း ၅၀၀ နီးပါး ပို၍သုံးစွဲနေရပြီး လစာ ကန့်သတ်မှုမလုပ်လျှင် အသင်းများ ဒေဝါလီခံသွားရနိုင်ကြောင်း ထုတ်ပြန်ပြောဆိုခဲ့သည်။

လစာထပ်မံကန့်သတ်ချက်တွင် ရီးယဲလ်အသင်းကို ပြီးခဲ့သည့်ရာသီကပေါင် ၅၄၇ သန်း သုံးစွဲခွင့်ပြုခဲ့ရာမှ ယခုရာသီတွင် ပေါင် ၄၃၆ သန်းသာ သုံးစွဲခွင့်ပြုမည်ဖြစ်သည်။                     

Ref:ESPN