ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲ့ဝင် ၁ ဦးအား ဆုကြေးငွေများ ပေးအပ်

ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲ့ဝင် ၁ ဦးအား ဆုကြေးငွေများ ပေးအပ်

 

နေပြည်တော်၊ ၂၀၂၃ အောက်တိုဘာ - ၁၆

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိ နေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေ ဘောင်အတွင်းသို့ ဝင်ရောက်လာသူများကို လိုအပ်သည့် ကူညီပံ့ပိုးမှုများဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများ ပါရှိမှုအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားရှိပြီးဖြစ်ရာ ယနေ့တွင် ပြစ်မှုကျူးလွန်ခြင်း မရှိသော PDF အဖွဲ့မှ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက် လာသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းကို ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံတပ်ခန်းမ၌ ပြုလုပ်ရာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက နယ်မြေဒေသ တည်ငြိမ်အေးချမ်း ရေးနှင့် တရားဥပဒေဆိုင်ရာ ပုဒ်မများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်း မရှိသော တနင်္သာရီတိုင်းဒေသကြီးအတွင်းမှ PDF အဖွဲ့ဝင် အမျိုးသား ၁ ဦးသည် ၎င်းနှင့်အတူ ပါလာသည့် ကာဘိုင် ၁ လက်၊ ကျည်အိမ် ၂ ခု၊ ၎င်းကျည် ၈၀ တောင့်နှင့် စကား ပြောစက် ၁ လုံးတို့ကို အပ်နှံရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး ကာဘိုင်သေနတ်  ၁ လက်အတွက် ဆုကြေးငွေကျပ်သိန်း ၅၀ ၊ စကားပြောစက်တစ်လုံးအတွက် ၂ သိန်း စုစုပေါင်းငွေကျပ် ၅၂ သိန်းကို  ပေးအပ်ရာ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် လာသူက လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ၎င်းနောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူအား ဝန်ခံကတိလက်မှတ် ရေးထိုး စေကာ ၎င်း၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်း ပေးအပ်သည်။

          ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဥပဒေဘောင်အတွင်း ဝင်ရောက်လာ သူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လက်နက်/ ခဲယမ်းများ ပါရှိမှုအတွက် ဆုကြေး ငွေများ ပေးအပ်လျက်ရှိခြင်းနှင့် လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက် ရှိခြင်းတို့ကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိ နေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများ အနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။