တပ်မတော်တွင် စတုတ္ထအကြိမ်အသည်းအစားထိုး ခွဲစိတ်ကုသမှုလုပ်ငန်း (တတိယနေ့) ဆက်လက်ဆောင်ရွက်

တပ်မတော်တွင် စတုတ္ထအကြိမ်အသည်းအစားထိုး ခွဲစိတ်ကုသမှုလုပ်ငန်း (တတိယနေ့) ဆက်လက်ဆောင်ရွက်

 

နေပြည်တော်၊ ၂၀၂၃ အောက်တိုဘာ - ၁၆

     တပ်မတော်တွင် စတုတ္ထအကြိမ်အသည်းအစားထိုးခွဲစိတ်ကုသမှု တတိယ နေ့ကို ယနေ့တွင် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး (ခုတင်- ၁၀၀၀)၊ အထူးကုစင်တာ၌ ဆက်လက်ပြုလုပ်ခဲ့သည်။

      အဆိုပါ အသည်းအစားထိုးခွဲစိတ်ကုသမှုတွင် လူနာ ဦးသန်းအောင် နှင့် တူဖြစ်သူ အသည်းအလှူရှင် ကိုရဲဇော် တို့ကို ခွဲစိတ်ကုသခဲ့ခြင်း ဖြစ်သည်။

     အသည်းအစားထိုးခွဲစိတ်ကုသမှု ဆောင်ရွက်ရာတွင် အသည်း အလှူရှင် လူနာထံမှ အသည်းထုတ်ယူခြင်းကို နံနက် ၈ နာရီ ၅၀ မိနစ်အချိန်တွင် စတင်ခဲ့ပြီး ထုတ်ယူရရှိသော အသည်းကို ညနေ ၃  နာရီ ၃၀ မိနစ်အချိန်ခန့်တွင် အသည်းလက်ခံ လူနာထံသို့ အစားထိုးခွဲစိတ်ကုသခြင်း ဆောင်ရွက်ခဲ့ကာ စုစုပေါင်း ခွဲစိတ်ချိန် (၁၁) နာရီခန့် ကြာမြင့်ခဲ့သည်။ အသည်းအလှူရှင် လူနာနှင့် အသည်းလက်ခံ လူနာများ၏  ခွဲစိတ်ပြီးနောက်ပိုင်း ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး အထူး ကြပ်မတ် ကုသခန်း၌ လိုအပ်သော ပြုစုကုသမှုများကို သက်ဆိုင်ရာပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု/ ကျွမ်းကျင်သူများက ဆက်လက် ဆောင်ရွက်ပေး လျက်ရှိသည်။ အသည်းအစားထိုးခွဲစိတ်ကုသမှုကို တပ်မတော်ဆေးရုံကြီးများမှ တာဝန်ရှိသူ များက ကြည့်ရှုအားပေးခဲ့ကြသည်။

       ယခင်ရက်များတွင် ခွဲစိတ်ကုသမှုဆောင်ရွက်ခဲ့သော အသည်း အလှူရှင် ၂ ဦးနှင့် အသည်းလက်ခံလူနာ ၂ ဦးတို့၏ ကျန်းမာရေးအခြေအနေ မှာလည်း ကောင်းမွန်လျက် ရှိကြောင်း သတင်းရရှိသည်။