အင်းတော်၊ ယာဉ်တိုက်မှု
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်အင်းတော်မြို့ အောင်မေတ္တာရပ်ကွက် မြအင်းသာ လမ်းနှင့်မန္တလေး-မြစ်ကြီးနား မီးရထားလမ်းဆုံရာ တရားမဝင် ရထားလမ်းကူးနေရာ မီးရထားလမ်းမိုင်တိုင်အမှတ် (၅၈၅/၂၀) နှင့် (၅၈၅/၂၁)ကြား၌ နိုဝင်ဘာ ၁၈ ရက်နံနက် ၁၀ နာရီခွဲတွင် မီးရထားနှင့် မော်တော်ယာဉ် တိုက်မိမှုဖြစ်ပွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မန္တလေး-မြစ်ကြီးနား မီးရထားလမ်းဆုံရာ တရားမဝင်ရထား လမ်းကူးနေရာ၌ မြစ်ကြီးနားမှ မန္တလေးသို့ ထွက်ခွာလာသော စက်ခေါင်းအမှတ် DF-1343 အစုန်ကုန်တင်ရထားနှင့် မြအင်းသာလမ်းအတိုင်း ဦးမျိုးဝင်းမောင်းနှင်လာသော AD Van အမျိုးအစားအဖြူရောင် ယာဉ်အမှတ် 7D/---- နှင့်တိုက်မိရာ မော်တော်ယာဉ်မှာ မီးရထားလမ်းအတိုင်း ပေ ၁၅၀ ခန့် လျှောတိုက်ပါသွားကြောင်း၊ ၎င်းတိုက်မိမှုကြောင့် မီးရထားမှာ ထိခိုက်ပျက်စီးမှုမရှိသော်လည်း မော်တော်ယာဉ်မှာ ယာဘက်ခြမ်းတံခါး ပျက်စီးသွားသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မျိုးဝင်းအား အမှုဖွင့်တရားစွဲဆိုနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်သီဟ