အမျိုးသမီးများဓမ္မတာလာစဉ် နာကျင်ကိုက်ခဲမှုသက်သာစေမည့်နည်းလမ်းများ
အမျိုးသမီးတချို့ ဓမ္မတာလာစဉ်မှာ ဆီးစပ်ကိုက်တာ၊ တင်ပါးဆုံနဲ့ ပေါင်တွေတောင့်တင်းနာကျင်တာတွေကို ခံစားရတတ်ပါတယ်။ ဓမ္မတာ လာချိန်မှာ သားအိမ်ကြွက်သားတွေက ကျုံ့တာ၊ ဆန့်တာတွေ ပြုလုပ်ပေးရ တာကြောင့် ကိုက်ခဲနာကျင်တာတွေ ဖြစ်ပေါ်စေပါတယ်။ တချို့တွေမှာ ကိုယ်လက်မအီမသာဖြစ်တာ၊ ခေါင်းကိုက်တာ၊ ခါးနာတာနဲ့ အော့အန်တာတွေလည်း ဖြစ်တတ်ပါတယ်။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဓမ္မတာလာတဲ့ သူတွေ၊ ဓမ္မတာများတဲ့သူတွေအနေနဲ့လည်း ဒီလိုနာကျင်ကိုက်ခဲမှု ဖြစ်နိုင်ပါတယ်။
ဓမ္မတာလာချိန် ဆီးစပ်ကိုက်တာကို ခံစားရတဲ့သူတွေ တော်တော်များများရှိပါတယ်။ ဆီးစပ်ကိုက်တာကြောင့် ဖြစ်နိုင်ခြေရောဂါတွေများပါတယ်။ ဆီးစပ်ကိုက်ရတဲ့အကြောင်းရင်းတွေအနေနဲ့ အမျိုးသားတွေမှာ ဆီးလမ်းကြောင်းပိုးဝင်တာ၊ ဆီးကျောက်တည်တာ၊ ဆီးအိမ်ရောင်တာ၊ အူအတက်ပေါက်တာ၊ အူကျတာ တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ဆိုရင် ဓမ္မတာလာခါနီး ဆီးစပ်ကိုက်တာ၊ သားဥ အိမ်အရည်အိတ်တည်တာ၊ သားဥအိမ်လိမ်တာ၊ သားအိမ်တစ်သျှူးရဲ့ နေရာများတာ၊ မျိုးပွားအင်္ဂါတွေ ရောင်ရမ်းတာဖြစ်နိုင်ပါတယ်။ ကိုယ်ဝန် ဆောင်တွေအနေနဲ့ နေရာမှားပြီး သန္ဓေတည်တာ၊ ကိုယ်ဝန်နုချိန်ဆိုရင် ကိုယ်ဝန်ပျက်ကျတာတွေ ဖြစ်နိုင်ပါတယ်။
ဓမ္မတာလာချိန် နာကျင်ကိုက်ခဲတာတွေ သက်သာအောင် အစားအစာကို ပူပူနွေးနွေး ချက်ပြုတ် စားသုံးသင့်ပါတယ်။ ဓမ္မတာလာတဲ့ရက်မှာ စိတ်ခံစားမှု၊ စိတ်ဖိစီးမှု၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲတာတွေ ဖြစ်တတ်ပါတယ်။ တချို့ဆိုရင် နှစ်ရက်လောက် ဆီးစပ်နာကျင်ကိုက်ခဲနေတတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းမျိုးမဟုတ်ဘဲ ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းတွေ ပြုလုပ်ပေးလို့ရပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးတာက သွေးလည်ပတ်မှုကောင်းမွန်စေပြီး ဆီးစပ်ကိုက်တာ၊ ဗိုက်အောင့်တာတွေကို သက်သာစေနိုင်ပါတယ်။
ကဖင်းဓာတ်ပါတဲ့ ကော်ဖီ ဒါမှမဟုတ် ကဖင်းဓာတ်ပါတဲ့ အစားအသောက်တွေကိုစားတာက စိတ်ဖိစီးပြီး နှလုံးခုန်နှုန်းမြန်တာနဲ့ ရာသီကြိုလက္ခဏာတွေကို ပိုပြီးခံစားရလေ့ရှိပါတယ်။ ဒါကြောင့် ကဖင်းဓာတ်ပါတဲ့ အစားအသောက်တွေအစား ရေများများသောက်ပေးပြီး အသီးဖျော်ရည်သောက်ပေးရပါမယ်။
ဓမ္မတာလာတဲ့အချိန် နာကျင်ကိုက်ခဲတာတွေ သက်သာစေဖို့အတွက် ရေများများသောက်ပေးသင့်ပါတယ်။ အနည်းဆုံး တစ်နေ့ကို ရေဖန်ခွက် ခြောက်ခွက်ကနေ ရှစ်ခွက်သောက်ပေးသင့်ပါတယ်။ ရေဓာတ်ပြည့်ဝစေမယ့် အစားအစာတွေဖြစ်တဲ့ ဖရဲသီး၊ သခွားသီး၊ ဘယ်ရီသီးတွေ စားပေးသင့်ပါတယ်။ အမျှင်ဓာတ်ပါဝင်တဲ့ အစားအသောက်တွေကိုလည်း ပိုပြီး စားသင့်ပါတယ်။ ဒါ့ပြင် ဆန်လုံးညို၊ သင်္ဘောသီး၊ ပန်းဂေါ်ဖီစိမ်း၊ ကြက်သား၊ အစိမ်းရင့်ရောင်အရွက်တွေ၊ သစ်ကြားသီး၊ ဖရုံစေ့၊ သံလွင်ဆီအပြင် ကယ်လ်စီယမ်နဲ့ဖော့စဖရပ် (phosphorus) တို့ကို စုပ်ယူနိုင်အောင် အထောက်အကူဖြစ်စေတဲ့ ထောပတ်၊ မြေပဲ၊ ထောပတ်သီး၊ ငှက်ပျောသီး၊ ကုလားပဲတွေ စားသုံးသင့်ပါတယ်။
ဓမ္မတာလာနေတဲ့အချိန် နာကျင်ကိုက်ခဲနေရင် ဝမ်းဗိုက်နေရာကို ရေနွေးအိတ်ကပ်ပေးတာကလည်း နာကျင်ကိုက်ခဲတာကို လျော့ပါးသက်သာစေနိုင်ပါတယ်။ အပူက ကြွက်သားတွေကို ပြေလျော့စေနိုင်လို့ ရေနွေးနဲ့ရေချိုးပေးလို့လည်း ရပါတယ်။
ဓမ္မတာလာစဉ်မှာ ရပ်သွားတာနဲ့ နာကျင်ကိုက်ခဲတာတွေကို သက်သာစေဖို့ ဝမ်းဗိုက်အောက်ပိုင်းကို ဖြည်းဖြည်းချင်း နှိပ်နယ်ပေးတာတွေလည်း ပြုလုပ်ပေးလို့ရပါတယ်။ အဲဒီလို ဝမ်းဗိုက်အောက်ပိုင်းကို ဖြည်းဖြည်းချင်း နှိပ်နယ်ပေးတာက သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေပြီး သားအိမ်ကို သွေးရောက်ရှိ စေနိုင်တဲ့အတွက် နာကျင်ကိုက်ခဲတာတွေကိုလည်း သက်သာစေနိုင်မှာပါ။
အမျိုးသမီးတွေ ဓမ္မတာလာချိန်အတွင်း ဟော်မုန်းအပြောင်းအလဲတွေကြောင့် ငန်တဲ့ အစားအသောက်တွေကို စားမိရင် ဗိုက်ကယ်၊ ဗိုက်ဖော၊ ဗိုက်အောင့်တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဓမ္မတာလာတဲ့အချိန် မှာ အငန်များတဲ့အစားအသောက်တွေကိုစားမိရင် ဗိုက်ကယ်နေတတ်တယ်။ အသင့်အမြန်စား အစားအသောက်တွေ စားသုံးတာတွေကို တတ်နိုင်သလောက် ရှောင်ကြဉ်သင့်တယ်။ ဓမ္မတာလာချိန်မှာ ဗိုက်ပွစေနိုင်တဲ့ အစားအသောက်တွေဖြစ်တဲ့ အဆီများတဲ့ အစားအသောက်တွေ၊ အရက်၊ ဘီယာ၊ အချိုရည်တွေကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။
အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကို နာရီပေါင်းများစွာသုံးစွဲမယ်ဆိုရင် Toxic Shock Syndrome ဖြစ်နိုင်တာကြောင့် လစဉ်သုံးပစ္စည်းတွေ ကို ၄ နာရီကနေ ၆ နာရီခြားတစ်ခါ လဲပေးသင့်ပါတယ်။ ဓမ္မတာလာစဉ် အတောအတွင်းမှာ တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးဂရုစိုက်ပေးသင့်ပါတယ်။
ဓမ္မတာလာစဉ်မှာ အကာအကွယ်မဲ့လိင်ဆက်ဆံတာတွေက လိင်ကတစ်ဆင့်ကူးစက်တဲ့ ရောဂါဖြစ်နိုင်ခြေကို ပိုပြီးမြင့်မားစေပါတယ်။
ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲတတ်တာက အမျိုးသမီးတိုင်းလိုလို ခံစားရတတ်ပါတယ်။ ခါးကိုက်တာ၊ ဆီးစပ်ကိုက်တာ၊ ဝမ်းဗိုက်အောင့်တာ စတဲ့ပြဿနာတွေကို သက်သာအောင် ဘယ်လိုနေထိုင်မလဲဆိုတာ သိသင့် ပါတယ်။
ဒီလိုလစဉ်တွေ့ကြုံနေရတဲ့ ကိုက်ခဲနာကျင်မှုကို လျော့ပါးသက်သာအောင် ဆေးဝါးအကူအညီနဲ့ လုပ်ဆောင်နိုင်သလို နေ့စဉ်ဘဝနေထိုင်မှု ပုံစံတွေကို ပြောင်းလဲပေးလို့လည်း ရပါတယ်။
ဓမ္မတာအများကြီးဆင်းတတ်သူ၊ အသက် ၂၀ အောက်အရွယ်၊ ပထမဆုံးဓမ္မတာဆင်းတဲ့သူ၊ Prostaglandin ဟော်မုန်းပမာဏများ နေသူတွေမှာ ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲတတ်ပါတယ်။
ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲတာ၊ နာကျင်ကိုက်ခဲနေတဲ့အခါ Chamomile ရေနွေးကြမ်းသောက်တာ၊ ချင်းတစ်ပြားလောက်ကို ရေနွေးထဲ ထည့်သောက်တာ၊ သစ်ကြံပိုးခေါက်အမှုန့် စားပေးသင့်ပါတယ်။ သစ်ကြံပိုးခေါက်က ဓမ္မတာဆင်းတာကိုနည်းစေပြီး ဓမ္မတာလာတာကြောင့် နာကျင်ကိုက်ခဲတာ၊ မအီမသာဖြစ်တာ၊ အော့အန်တာတွေကိုလည်း သက်သာစေပါတယ်။ ဓမ္မတာလာချိန်မှာ နေ့စဉ်နာရီဝက်ကနေ တစ်နာရီ လေ့ကျင့်ခန်း အပြေး၊ ရွရွပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူးအားကစားတစ်ခုခု ပြုလုပ်သင့်ပါတယ်။ ပုံမှန်စား၊ ပုံမှန်အိပ်စက်အနား ယူသင့်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ ။
ဒေါက်တာလွင်သန့်