ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်ဘူတာနှင့် တော်ဝိဘူတာအကြား မိုင်တိုင်အမှတ်၊ ၉၈/၄-၅ ကြား တံတားအမှတ်(၁၃၆)ရှိ ရထားလမ်းအား PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင် ဖောက်ခွဲဖျက်ဆီး

ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်ဘူတာနှင့် တော်ဝိဘူတာအကြား မိုင်တိုင်အမှတ်၊ ၉၈/၄-၅ ကြား တံတားအမှတ်(၁၃၆)ရှိ ရထားလမ်းအား PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင် ဖောက်ခွဲဖျက်ဆီး

နေပြည်တော်           အောက်တိုဘာ ၁၇

          ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်အတွင်း အောက်တိုဘာလ ၇ ရက်နေ့ မှစတင်၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ရေကြီးမှုသဘာဝဘေးအန္တရာယ်ကြောင့် ရထားလမ်းများ ပျက်စီးခဲ့မှုများကို မြန်မာ့မီးရထားအနေဖြင့် အမြန်ဆုံးမွမ်းမံပြင်ဆင်မှု ဆောင်ရွက်နိုင်ခဲ့ သောကြောင့် အောက်တိုဘာလ ၁၄ ရက်နေ့မှစ၍ ရန်ကုန်-မန္တလေးနှင့် ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်း လူစီးရထားများ၊ ကုန်ရထားခရီးစဉ်များကို ပုံမှန်ပြန်လည် ပြေးဆွဲပေးလျက်ရှိသည်။

ထိုသို့ ပြေးဆွဲလျက်ရှိရာ အောက်တိုဘာလ ၁၆ ရက်ညနေပိုင်းတွင် မန္တလေးမှ ထွက်ခွာလာသော မန္တလေး-ရန်ကုန် အမှတ်(၆)အစုန်အမြန် ရထားသည် ယနေ့ နံနက် ၃ နာရီ ၁၅ မိနစ်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်ဘူတာနှင့် တော်ဝိဘူတာအကြား မိုင်တိုင်အမှတ်၊ ၉၈/၄-၅ ကြားရှိ တံတားအမှတ် (၁၃၆)အနီးသို့အရောက်၌ PDF အမည်ခံအကြမ်းဖက်သမားများက အစုန်နှင့် အဆန် ရထားလမ်း နှစ်ခုစလုံးအား မိုင်းထောင် ဖောက်ခွဲဖျက်ဆီးထားသဖြင့် ရထား ပြေးဆွဲနေသော အဆန်ရထားလမ်းနှင့် ပြန်လည်တည်ဆောက်နေသော အစုန် ရထားလမ်းတို့တွင် တပ်ဆင်ထားသည့် သံလမ်းသစ်များ(၂)ပေခန့်စီ ပြတ်တောက် ကွေးကောက်ခြင်း၊ သံလမ်းသစ်(၆)ချောင်းပျက်စီးခြင်း၊ ကွန်ကရစ်ဇလီဖားတုံးများ ပျက်စီးခဲ့သည်။ အဆိုပါပျက်စီးမှုကြောင့် အမှတ်(၆)အစုန်အမြန်ရထားသည် ပိန်းဇလုပ်ဘူတာသို့ နောက်ပြန်ဆုတ်၍ ခေတ္တရပ်နားခဲ့ရသည်။ အလားတူ မန္တလေး-ရန်ကုန် အမှတ်(၄)အစုန် ရထားကိုလည်း ကျောက်တံခါးဘူတာတွင် ခေတ္တရပ်နား ထားခဲ့ရသည်။

ယင်းသို့ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ရထားလမ်းများအား မြန်မာ့မီးရထား ဝန်ထမ်းများက အမြန်ဆုံး ပြန်လည်ပြုပြင် ဆောင်ရွက်ခဲ့ရာ နံနက် ၁၀နာရီ ၅၀ မိနစ်ခန့်တွင် ပြီးစီးခဲ့သဖြင့် အဆိုပါရထားများ ပုံမှန်ပြန်လည်ပြေးဆွဲနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှ စ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ယက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာ နယ်မြေအတွင်း ဗုံးထောင် မိုင်းခွဲ/ တွေ့ရှိခြင်း(၁၂၆)ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီး ခြင်း (၄၅) ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း(၁၂)ကြိမ် ကျူးလွန်ခဲ့ကြပြီး ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူ ခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ မြန်ဆန်စေရေးအတွက် ရထားလမ်းအခြေခံ အဆောက်အဦများ ပိုမိုကောင်းမွန်လာစေရေး၊ ရထားပို့ဆောင်ရေးစနစ်ကို အဆင့်မြှင့်တင်နေသည့် စီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ စီမံဆောင်ရွက်ပေးလျက်ရှိသော်လည်း အကြမ်းဖက် သောင်းကျန်းသူများ က နိုင်ငံတော်ပိုင် ရထားစက်ခေါင်း၊ တွဲများနှင့် ခရီးသည်များ၊ ကုန်စည်များ ထိခိုက်ပျက်စီးစေရေး၊ ပြည်သူများ အသက်အန္တရာယ် ထိခိုက်ပြီး စိတ်မချမ်းမြေ့စေရေး တို့အတွက်သာမက ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းလုပ်ငန်းများ အချိန်ပိုမိုကြန့်ကြာစေရန် ရည်ရွယ်ချက်များဖြင့် အကြိမ်ကြိမ် ကျူးလွန်နေကြသောကြောင့် ဒေသခံပြည်သူ တစ်ရပ်လုံးက ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း သတင်းရရှိသည်။

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန