NCA မှသည် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးဆီသို့
ဤယနေ့အချိန်အခါ၌ မိမိတို့နိုင်ငံတော်၏ နှစ်ပေါင်းထောင်ချီရှည်လျားခဲ့သော အမျိုးသားရေး ဂုဏ်သိက္ခာအတွက် လည်းကောင်း၊ ဘာသာသာသနာနှင့်ကိုယ်ပိုင်စာပေ၊ ဂီတအနုသုခုမ၊ ဗိသုကာနှင့်ယဉ်ကျေးမှု အစဉ်အလာတို့အတွက်လည်းကောင်း စစ်မှန်ငြိမ်းချမ်းသည့် စည်းလုံးညီညွတ်သော လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ် တည်လာရေး နိုင်ငံသားတိုင်းအပေါ်၌ ကိုယ်စီကိုယ်ငတာဝန်သက်ရောက်လျက်ရှိသည်။
အမိနိုင်ငံတော်၏ အချုပ်အခြာအာဏာကို အပြည့်အဝကာကွယ်မှုပြုနိုင်ရန်အတွက် တိုင်းပြည်ညီညွတ်ရေးမှာ မရှိမဖြစ်လိုအပ်သော အရင်းအမြစ်တစ်ရပ် ဖြစ်သလို တိုင်းပြည်ညီညွတ်ရေးအတွက် မရှိမဖြစ် လိုအပ်သည့်အရာမှာ ငြိမ်းချမ်းရေးတည်းဟူသော အမြုတေရတနာဖြစ်သည်။ ထို့အတွက် အမျိုးဂုဏ်၊ ဇာတိဂုဏ်၏ နက်နဲသိမ်မွေ့မှုနှင့် မြန်မာနိုင်ငံသားတို့၏ အမြုတေစိတ်ထားအရာတို့ကို မဖြစ်မနေလေ့လာ သိရှိထားကြရမည်ဖြစ်သည်။ အမျိုး ဟူသည်မှာ လူမျိုးကိုဆိုလိုသည်။ လူမျိုး ဟူသောဝေါဟာရကို အမျိုးအနွယ်တစ်စုတည်းမှပေါက်ဖွားလာ၍ ဓလေ့ထုံးတမ်းစသည်တို့ တူသောလူမျိုးစု ဟူ၍ မြန်မာ အဘိဓာန်တွင် ဖွင့်ဆိုထားသည်။
ဇာတိ ဟူသည် မွေးဖွားရာအရပ် ဟုအနက် အဓိပ္ပာယ်ရှိရာ မိမိတို့တိုင်းရင်းသားပေါင်းစုံတို့၏ မွေးဖွားရာအရပ်သည် အမိပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးဖြစ်၍ မြန်မာနိုင်ငံသားအားလုံးတို့၏ ဇာတိပင်ဖြစ်ပါသည်။ ထို့ကြောင့်ပင် မိမိတို့မွေးဖွားရာ အရပ်ဒေသကို ချစ်ခင်တန်ဖိုးထားမြတ်နိုးခြင်းကို အစွဲပြု၍ ဖြစ်ပေါ်လာသော ဇာတိဂုဏ် အရာတွင် မြန်မာနိုင်ငံသားတိုင်း အားလုံး အတူအမျှပိုင်ဆိုင်ထားကြသည်။ ထို့အတွက် ထိုဂုဏ်သိက္ခာအစွမ်းသတ္တိကို မြန်မာနိုင်ငံသား တိုင်းရင်းသား မျိုးနွယ်စုများ အားလုံးက အမြတ်တနိုးတန်ဖိုးထား ထိန်းသိမ်းကြရမည်ပင်ဖြစ်ပါသည်။
ဇာတိဂုဏ် အရာကိုဖြစ်တည်စေသည့် ဇာတိမြေဆိုသည်မှာ မိမိတို့အမျိုးအနွယ်၊ မျိုးရိုးတို့မွေးဖွားရာ အရပ်ဖြစ်သည့်အပြင် အစဉ်တစိုက်နေထိုင်၍ အခြေခိုင်သည်ထက်ခိုင်အောင် အနွယ်အဆက်မပြတ် မြို့ရွာ၊ တိုင်းပြည်နိုင်ငံ တည်ခဲ့ကြသည့်မြေကို ညွှန်းဆိုပါသည်။ တစ်နည်းအားဖြင့် ရှေးဦးအစအချိန်ကတည်းက တိုင်းရင်းသားများ မျိုးနွယ်စဉ်ဆက်မပြတ်စတမ်း နေထိုင်ခဲ့ကြပြီး ကျူးကျော်လာသူဟူသမျှကို အသက်သွေးချွေး ရင်းနှီးပေးဆပ်ကာကွယ်လာခဲ့ကြသည့်နေရာကို ခေါ်ဆိုခြင်းဖြစ်သည်။ ဇာတိမြေဟု ခေါ်ဆိုနိုင်သောဒေသသည် မိုးကျပစ္စည်းမဟုတ်သလို ငွေကြေးဖြင့်ဝယ်ယူရရှိနိုင်သောပစ္စည်း၊ အဓမ္မတိုက်ခိုက် သိမ်းပိုက်နယ်ပယ် ချဲ့ထွင်ရရှိထားသော နေရာမျိုးမဟုတ်ပါချေ။ ထို့ကြောင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် ဇာတိမြေဟူသည် လူမျိုးတိုင်း၊ နိုင်ငံတိုင်းပိုင်ဆိုင်ခွင့်မရှိသော သိက္ခာတစ်ရပ်ဖြစ်သည်။ ထို့ကြောင့် မိမိတို့၏ ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်မပျက်အောင် ထိန်းသိမ်း စောင့်ရှောက် သွားရန်လွန်စွာ အရေးကြီးသကဲ့သို့ ဘိုးဘေးတို့ လက်ဆင့်ကမ်းအမွေပေးခဲ့သည့် အမိပြည်ထောင်စု နိုင်ငံတော်၏ ပိုင်နက်နယ်မြေတစ်လက်မသော်မျှ ပြုန်းတီးဆုံးရှုံးရခြင်း မရှိရေးသည်လည်း မြန်မာနိုင်ငံသား အားလုံးနှင့် သက်ဆိုင်သော အမျိုးသားရေးတာဝန်ပင်ဖြစ်သည်။
မလိုတမာသူတို့၏ သွေးထိုးနှောင့်ယှက်မှုများ မည်မျှပင်ကြုံတွေ့ရသည်ဖြစ်စေ ဆံခြည်တစ်ဆစ်၊ တစ်လက်မမျှသော နေရာကိုပင် တန်ဖိုးထားရမည့်၊ ကာကွယ်ရမည့်နေရာမှာ အမိမြေ တစ်နည်းအားဖြင့် မြန်မာနိုင်ငံသားတို့၏ ဖြစ်တည်ရှင်သန်ခဲ့ရာ ဇာတိမြေပင်ဖြစ်သည်ဟူသည့် အမျိုးသားရေးတာဝန် အသိစိတ်ဓာတ်ကို ကျွန်ုပ်တို့အနေဖြင့် နောင်လာနောက်သားမျိုးဆက်များထံ အောင်အောင်မြင်မြင် လက်ဆင့်ကမ်း အမွေပေးနိုင်ကြရမည်ဖြစ်သည်။ အဖိုးတန် ရွှေငွေကျောက်သံပတ္တမြားတို့ဖြင့် အဆန်းတကြယ် စီမံထားသော မြန်မာ့အနုပညာလက်ရာ ရှေးဟောင်းပစ္စည်းများ၊ အဖိုးတန်အနုပညာလက်မှုထည်များသည်ပင် ဤယနေ့အချိန်၌ အသစ်ထပ်မံပြုလုပ်၍ မရနိုင်တော့သဖြင့် ဟောင်းလေလေ တန်ဖိုးကြီး မြင့်လေလေ ဖြစ်ပေသည်။ ဘိုးဘေးဘီဘင်တို့၏ ယဉ်ကျေးမှုအစဉ်အလာကြီးမားသည့် ရှေးဟောင်း အနုလက်ရာပစ္စည်းများ အမိမြေမှ စဉ်ဆက်မပြတ်တူးဖော်တွေ့ရှိနေခြင်းများက မြန်မာနိုင်ငံသားတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်ထည်ဝါ မြင့်မားမှု သမိုင်းစဉ်ကို တိုးမြှင့်ဖော်ညွှန်းသက်သေပြုလျက်ရှိသည်။ ထို့ကြောင့်လည်း မြန်မာနိုင်ငံသား ဘိုးဘေးဘီဘင်တို့၏ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် လက်ရာမွန်များဖြင့် ပြည့်နှက်နေသော မြန်မာ့မြေကို တစ်လက်မမျှ ပင်အဆုံးရှုံးမခံရစေရေး မြန်မာ နိုင်ငံသားတိုင်းက သတိကြီးစွာဖြင့် ကာကွယ် စောင့်ရှောက်ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံသားတို့ သူ့ကျွန်ဘဝကျရောက်ခဲ့ရချိန်တွင် သဘာဝသယံဇာတ အရင်းအမြစ်များသာမက လူသားအရင်းအမြစ်များကိုပါ နယ်ချဲ့တို့၏စိတ်ကြိုက် ပုံသွင်းသွေးခွဲခြင်းကို ခံခဲ့ကြရသည်။ နယ်ချဲ့တို့၏ အကြံအစည်ကြောင့် အမျိုးဘာသာသာသနာအရောင် အရှိန်မှေးမှိန်သွားခဲ့ရသည်။ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုပြိုကွဲခဲ့ရသည်။ သူ့ကျွန်ဖြစ်ရသည့်နောက် အဆိုးဝါးဆုံးသော ဒဏ်ရာဒဏ်ချက်တစ်မျိုးမှာ ဘာသာရေးနှင့်လူမျိုးရေးကို အကြောင်းပြုသွေးခွဲခံခဲ့ရသည့် ဒဏ်ရာဒဏ်ချက်ပင်ဖြစ်သည်။ သမိုင်းအစဉ်အဆက် အရေးကြီးချိန်တိုင်း သွေးစည်းညီညွတ်ခဲ့သည့် မိမိတို့လူ့အဖွဲ့အစည်းကို အနောက်ကိုလိုနီနယ်ချဲ့တို့က နည်းလမ်းအသွယ်သွယ်အသုံးပြုလျက် အချိန်ယူဖျက်ဆီးခဲ့ကြသည်။ သာသနာပြုအဖွဲ့စေလွှတ်ခြင်းဖြင့် စိတ်ဝမ်းကွဲပြားစေခြင်း၊ ကုန်အရောင်းအဝယ်ပြုခြင်းဖြင့် စိတ်ဝမ်းကွဲပြားစေခြင်း၊ သံတမန်များစေလွှတ်ခြင်းဖြင့် စိတ်ဝမ်းကွဲပြားစေခြင်း၊ သစ္စာဖောက်ပုဆိန်ရိုး သူလျှိုမွေးမြူခြင်းဖြင့် စိတ်ဝမ်းွဲပြားစေခြင်း စသည့်နည်းမျိုးစုံအသုံးပြုလျက် တိုင်းပြည်ညီညွတ်ရေးကို ဖျက်ဆီးခဲ့ကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံသားတို့သည် နယ်ချဲ့ဗြိတိသျှတို့လက်အောက်တွင် နှစ်ပေါင်းတစ်ရာကျော် သူ့ကျွန်အဖြစ်နေထိုင်ဖြတ်သန်းခဲ့ကြရသည်။ သူ့ကျွန်ဘဝကာလတစ်လျှောက်လုံး မျိုးချစ်စိတ်ဓာတ်ယုတ်လျော့ပျက်စီးစေရန် နယ်ချဲ့တို့၏ နည်းလမ်း အမျိုးမျိုးဖြင့် အစဉ်တစိုက်ကြိုးပမ်းလုပ်ဆောင်ခဲ့မှုများကို မြန်မာနိုင်ငံသားဘိုးဘွားတို့က ကြံ့ကြံ့ခံ ကာကွယ်ခဲ့ကြရခြင်း ဖြစ်သည်။
အမျိုးဘာသာ၊ အယူဝါဒမတူညီသော တိုင်းတစ်ပါးသား နယ်ချဲ့တို့က မြန်မာနိုင်ငံသားတို့၏အမျိုးဂုဏ်၊ ဇာတိဂုဏ်မှေးမှိန်ပျောက်ကွယ်သွားစေရန် ဖိနှိပ်ချုပ်ချယ်မှုမျိုးစုံ ပြုလုပ်ခဲ့ကြသည်။ ၎င်းတို့၏ယဉ်ကျေးမှုများနှင့် ဘာသာအယူဝါဒများကို အတင်းအကျပ်ရိုက်သွင်းခဲ့ကြသည်။ မည်မျှပင် ဖိနှိပ်ချုပ်ချယ်ခဲ့ကြသည်ဖြစ်စေ ပတ္တမြားမှန် နွံမနစ်ဆိုသကဲ့သို့ မြန်မာနိုင်ငံသားတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်စိတ်ဓာတ်သည်ကား ယုတ်လျော့မှေးမှိန်သွားခြင်း အလျှင်းမရှိခဲ့ချေ။ အမျိုးဂုဏ်၊ ဇာတိဂုဏ်စိတ်ဓာတ်တို့ကြောင့်ပင် နယ်ချဲ့တို့ကို အမိမြေပေါ်မှ အပြီးတိုင်မောင်းထုတ်ပြီး လွတ်လပ်ရေးကြီးကို ပြန်လည်ရယူနိုင်ခဲ့ကြသည်။
လွတ်လပ်ရေးကြီး ပြန်လည်ရယူနိုင်ရန်အတွက် အမျိုးဂုဏ်၊ ဇာတိဂုဏ်စိတ်ဓာတ်မြင့်မားထက်မြက်သော အာဇာနည် အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့၏ အသက်သွေးများ၊ အရှက်နှင့်သိက္ခာတရားများ၊ ပြည်သူလူထု၏မျက်ရည်များများစွာ ပေးဆပ်ရင်းနှီးခဲ့ကြရသည်။ ထို့ကြောင့် ပြန်လည်ရရှိပြီးသော လွတ်လပ်ရေးကြီး ထပ်မံဆုံးရှုံးရခြင်းမရှိစေရန် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်များ၊ အမျိုးသားရေး လက္ခဏာများ စတင်မြစ်ဖျားခံရာဖြစ်သော၊ လောကပါလတရားကို အခြေခံသော အမျိုးဘာသာကိုချစ်မြတ်နိုးကြရမည်၊ အသက်တမျှတန်ဖိုးထား ကာကွယ် စောင့်ရှောက်ကြရမည် ဖြစ်သည်။
သမိုင်းစဉ်တစ်လျှောက်၌ မြန်မာနိုင်ငံသားတို့ဖြစ်တည်ခဲ့ကြသည့် မျိုးချစ်စိတ်ဓာတ်သည် ဇာတိသွေး ဇာတိမာန်ကိုအခြေခံသော ဘာသာချစ်မြတ်နိုးစိတ်ကို အရင်းတည်ခဲ့ကြသဖြင့်လည်း မြန်မာနိုင်ငံတော်နှင့် မြန်မာလူမျိုးဟူ၍ နှစ်ပေါင်းထောင်ချီ ကြာရှည်တည်တံ့နေခြင်း ဖြစ်သည်။ မြန်မာ့သမိုင်းစဉ်၌ အမျိုးဘာသာ သာသနာတော်ကို ချီးမြှင့်ဆည်းကပ်သည့် အနော်ရထာ၊ ဘုရင့်နောင်နှင့်အလောင်းဘုရားတို့ကဲ့သို့သော တန်ခိုးအာဏာထက်မြက်ပြင်းပြသည့် နိုင်ငံ့ခေါင်းဆောင် ကောင်းများ ပေါ်ထွန်းခဲ့သဖြင့်လည်း မြန်မာတို့၏ သမိုင်းစဉ်ကို ပိုမိုတောက်ပြောင်ထည်ဝါစေခဲ့ခြင်းဖြစ်သည်။ နှလုံးရည်၊ လက်ရုံးရည် ထက်မြက်သည့် ထိုမင်းသုံးပါးမှာ အမျိုးဘာသာသာသနာကို ထိန်းသိမ်းစောင့်ရှောက်ကြခြင်းကို မြန်မာ့သမိုင်းစဉ်မှ အတုယူသင့်သော အစဉ်အလာကောင်းတစ်ခုအဖြစ် တွေ့မြင်ရသည်။
ထို့ပြင် ဘာသာတရားကိုမျက်ကွယ်ပြုပြီး အမျက်စောင်မာန်ကြီးခြင်း၊ အမျိုးသစ္စာတရား ပျက်ယွင်းခြင်းများ ရှိသော မင်းများကြောင့် တိုင်းပြည်နှင့်လူမျိုးအနေဖြင့် ကြီးမားသောအန္တရာယ်များ ဖြစ်ပေါ်ခဲ့ရသည်ကိုလည်း သမိုင်းစဉ်၌ အထင်အရှားတွေ့မြင်ရသည်။ ထို့ကြောင့် တိုင်းပြည်တည်ဆောက်ရာ၌ လောကပါလတရားကို အခြေခံသည့် အမျိုးဘာသာအပေါ် ချစ်မြတ်နိုးတန်ဖိုးထားမှုမှ သန္ဓေတည် ပေါက်ဖွားလာသော၊ စစ်မှန်ပြည့်ဝသည့် အမျိုးသားရေး စိတ်ဓာတ်ကို အရင်းခံသော ငြိမ်းချမ်းရေး စိတ်ထားဖြင့် တည်ဆောက်မှသာ အောင်မြင်မှုရရှိနိုင်မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လောကပါလတရားကို အခြေခံသည့် အမျိုးသားရေးစိတ်ဓာတ်မှာ လူမျိုး၊ လူတန်းစား၊ ဘာသာအယူဝါဒ ခွဲခြားခြင်းမရှိသဖြင့် လူ့အဖွဲ့အစည်းတိုင်း၏ ပေါင်းစည်းညီညွတ်မှုအတွက် လွန်စွာတန်ဖိုးရှိသောကြောင့်ဖြစ်သည်။
မျိုးချစ်စိတ်ဓာတ်ဆိုသည်မှာ မိမိတိုင်းပြည်၊ မိမိလူမျိုး၊ မိမိဘာသာ စာပေယဉ်ကျေးမှုကို ချစ်မြတ်နိုးသည့်စိတ်ဓာတ်၊ တိုင်းပြည်နှင့်လူမျိုးကိုထိပါက မချိအောင်နာသည့် စိတ်ဓာတ်ဖြစ်သည့်အတွက် လူ့အသိုက်အဝန်းတိုင်းအတွက် မရှိမဖြစ်လိုအပ်သည်။ မြန်မာနိုင်ငံသားတိုင်းအနေဖြင့် ဇာတိသွေးဇာတိမာန် အစဉ်နိုးကြားတက်ကြွ ထက်သန်နေသော စစ်မှန်သည့်မျိုးချစ်စိတ်ဓာတ် အခြေခံကောင်းရှိရန် လွန်စွာပင်လိုအပ်သည်။ မိမိတို့တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးသည် တစ်မြေတည်းနေ တစ်ရေတည်းသောက် သွေးချင်းညီအစ်ကိုများဆိုသည့်စိတ်၊ တောင်ပေါ်မြေပြန့်မခွဲခြားသားချင်းများ ဆိုသည့်စိတ်၊ မရှိအတူရှိအတူ အေးအတူပူအမျှ ဥမကွဲသိုက်မပျက် အတူတကွ ချစ်ကြည်ရင်းနှီးစွာ နေထိုင်ကြသော မိသားစုများဆိုသည့်ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံသော မျိုးချစ်စိတ်ဓာတ်မျိုးကို ရွေးချယ်ကြရမည်ဖြစ်သည်။
ဤယနေ့အချိန်အခါတွင်လည်း နယ်ချဲ့တို့လှည့်ဖျားထားသော လူမျိုးရေး၊ ဘာသာရေး၊နိုင်ငံရေးဆိုင်ရာများနှင့် ခေတ်ကာလသစ် အခြေအနေအရပ်ရပ်အပေါ် သိမြင်သုံးသပ်နိုင်သူနည်းပါးနေဆဲပင်ဖြစ်သည်။ ထိုအချက်ကြောင့်ပင် တိုင်းပြည်ညီညွတ်မှုပိုင်း၊ အချင်းချင်းယုံကြည်မှုပိုင်းတို့၌ ယိုယွင်းလျော့ရဲမှုများ ဖြစ်ပေါ်နေရခြင်း ဖြစ်သည်။ ယင်းအပြင် ထိုအခြေအနေအရပ်ရပ် ဖြစ်ပေါ်နေရခြင်းမှာ နိုင်ငံသူနိုင်ငံသားများ၏ စစ်မှန်သည့်မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်တို့အပေါ် မြတ်နိုးယုံကြည်စိတ်လျော့ပါးနေဆဲ ဖြစ်ခြင်းတို့ကြောင့် လည်းဖြစ်သည်။ ထိုအချက်ကိုပြုပြင်ဖာထေးနိုင်ကြမှသာ နိုင်ငံတော်နှင့်နိုင်ငံသားတို့အပေါ် တိုင်းတစ်ပါးသားတို့၏ သွေးခွဲသပ်လျှိုမှုများ၊ နယ်ပယ်ကဏ္ဍအသီးသီးမှ ကျူးကျော်စော်ကားမှုများကို စည်းလုံးညီညွတ်စွာ ထိထိရောက်ရောက် ဟန့်တားတုံ့ပြန်မှုပြုနိုင်ကြမည်ဖြစ်သည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၅ ရက်၌ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၈)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားကို နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂) (MICC-II)၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ နိုင်ငံရေးပါတီများမှဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များအပြင် လက်မှတ်ရေးထိုးရာတွင် ပါဝင်ခဲ့ကြသော အသိသက်သေများ၊ ညှိနှိုင်းဆွေးနွေးစဉ်က ပါဝင်ခဲ့ကြသည့် ကော်မတီအသီးသီးတို့မှတာဝန်ရှိသူများ၊ အိမ်နီးချင်းနိုင်ငံများ၏ အထူးကိုယ်စားလှယ်များ၊ နိုင်ငံခြားသံတမန်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ခဲ့ကြသည်ကို တွေ့ရသည်။
ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည် ဟူသည့် အဆိုစကားရပ်မှာ အဓိပ္ပာယ်အားဖြင့် လွန်စွာပင်လေးနက်လှသည့် အဆိုအမိန့်စကားရပ်ဖြစ်သည်။ မည်သည့်ခေတ်ကာလတွင်မဆို အမြဲတစေ မှန်ကန်နေမည့် အဆိုအမိန့်လည်းဖြစ်သည်။ မိမိတို့နိုင်ငံတော်၏ အောင်မြင်တိုးတက်ခြင်း၊ ဆုတ်ယုတ်နိမ့်ပါးခြင်း တို့သည်လည်းကောင်း၊ ပျော်ရွှင်ချမ်းမြေ့ဖွယ်ကောင်းခြင်း၊ ဝမ်းနည်းကြေကွဲဖွယ်ဖြစ်ခြင်း တို့သည်လည်းကောင်း မိမိတို့နိုင်ငံသားများ၊ တိုင်းရင်းသားညီအစ်ကိုများသာ လက်တွေ့ကျကျပိုင်ဆိုင်ကြ၊ ထိတွေ့ခံစားကြရမည်ဖြစ်သည်။ သို့ဖြစ်ရာ မိမိတို့နိုင်ငံတော်၏ အနာဂတ်ရေးသည် အမုန်းတရားတို့ကင်းကွာ၍ ကိုယ်ချင်းစာနာသည့် မေတ္တာတရားတို့ဖြစ်တည်နေမှသာ ပူပင်သောကဖြစ်ဖွယ်ရာ အဆိုးတရားတို့ ကင်းကွာပြီး ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာအကောင်းတရားတို့သာ ပြီးပြည့်နေမည်ဖြစ်သည်။
ထို့ကြောင့် အနာဂတ်နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်တံ့ရေး၊ တိုင်းရင်းသားညီအစ်ကိုများအားလုံး အေးအတူပူအမျှတန်းတူညီမျှရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ဘိုးဘွားတို့ လက်ဆင့်ကမ်းအမွေပေးသွားသည့် ဘာသာသာသနာနှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများတည်တံ့ရေး၊ စစ်မှန်သည့် မျိုးချစ်စိတ်ဓာတ်ခေါ် ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံသည့် အမျိုးသားရေးစိတ်ထားများ ဖွံ့ဖြိုးရှင်သန်ရေး၊ ကျစ်လျစ်မြဲမြံသော တိုင်းရင်းသား စည်းလုံးညီညွတ်မှု တည်ဆောက်ရေးတို့အတွက် အကြားအလပ်မရှိသော ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန်အတွက် မိမိတို့နိုင်ငံသားတိုင်းက လက်လှမ်းမီသမျှဝိုင်းဝန်း ပါဝင်တည်ဆောက် သွားကြရမည်ဖြစ်ပါကြောင်း တိုက်တွန်း ရေးသားလိုက်ရပါသည်။ ။
ဘုန်းရဲနိုင်(ဂန့်ဂေါ)