လူသားအားလုံးကျန်းမာရေး တစ်ကမ္ဘာလုံးဆိုင်ရာ လက်ကိုသန့်ရှင်းဆေးကြောပေး

 

လူသားအားလုံးကျန်းမာရေး တစ်ကမ္ဘာလုံးဆိုင်ရာ လက်ကိုသန့်ရှင်းဆေးကြောပေး

 

လူသားအားလုံး၏ကျန်းမာရေးအတွက် လက်များအား ပုံမှန်ဆေးကြောတတ်သည့် အလေ့အကျင့်ကောင်းကို မွေးမြူခြင်းဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ  ကလေးများစွာ၏အသက်ကို ကယ်တင်နိုင်မည်ဖြစ်ကြောင်း ကုလသမဂ္ဂအဖွဲ့ကြီးက ၂၀၀၈ ခုနှစ်မှစ၍ တိုက်တွန်းနှိုးဆော်ခဲ့သည်။

ထို့ကြောင့် ၂၀၀၈ ခုနှစ် သြဂုတ်လတွင် ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့၌ကျင်းပသောကမ္ဘာ့ရေရက်သတ္တပတ်မှ အစပြုခဲ့ပြီး ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ကုလသမဂ္ဂအဖွဲ့၏ တိုက်တွန်းနှိုးဆော်ချက်ကို အလေးထားလိုက်နာကာ အကောင်အထည်ဖော်သည့်အနေဖြင့် ကမ္ဘာတစ်ဝန်း၌ နှစ်စဉ် အောက်တိုဘာလ  ၁၅ ရက်ကို ကမ္ဘာလုံးဆိုင်ရာလက်ဆေးကြောရေးနေ့အဖြစ် သတ်မှတ်ခဲ့သည်။

လူ့အဖွဲ့အစည်းတိုင်းတွင် လက်ဆေးသည့်အလေ့အထကို  နိုင်ငံတိုင်း၌  အသိပညာပေးလုပ်ငန်းများ    ပြုလုပ်ရန်နှင့် ဆပ်ပြာဖြင့် လက်ဆေးခြင်း၏ အကျိုးကျေးဇူးများကို လူအများသိရှိစေရန် ရည်ရွယ်ခြင်းလည်းဖြစ်သည်။

လက်ကို   ဆပ်ပြာဖြင့်ဆေးခြင်းသည် ရောဂါများစွာကိုကာကွယ်ရန်     အမှန်တကယ်ထိရောက်သော   နည်းလမ်းဖြစ်သကဲ့သို့ ငွေကုန်ကြေးကျသက်သာသောကာကွယ်နည်းလည်းဖြစ်ပေသည်။ သန့်စင်ခန်းဝင်ပြီး သို့မဟုတ် အစာမစားမီအချိန်များတွင် ဆပ်ပြာဖြင့် လက်ကိုဆေးကြောခြင်းသည်  ဝမ်းပျက်၊   ဝမ်းလျှောရောဂါ၊ အဆုတ်ရောင်ရောဂါများဖြစ်နိုင်ခြေကို သိသိသာသာလျှော့ချပေးနိုင်သည်။ ဆပ်ပြာဖြင့်လက်ဆေးခြင်းသည် ရာသီဖျားနာတုပ်ကွေးအမျိုးမျိုး၊ ကိုဗစ်-၁၉ ရောဂါအပါအဝင် တခြားကူးစက်ရောဂါများနှင့် ဗိုင်းရပ်စ်များ ပြန့်ပွားခြင်းတို့ကို မလွဲမသွေကာကွယ်ပေးနိုင်သည်။

အရှေ့တောင်အာရှနိုင်ငံများအနက် မြန်မာနိုင်ငံ၌ ကလေးသူငယ်များ လက်ဆေးကြောသန့်စင်မှုဆိုင်ရာ    အားနည်းချက်ကြောင့်  အသက်တစ်လမပြည့်မီနှင့် အသက်ငါးနှစ်အောက်ကလေးသေဆုံးမှုနှုန်း  အများဆုံးနိုင်ငံအဖြစ်  ရပ်တည်နေ သည်။ ကြိုတင်ကာကွယ်နိုင်သော ဝမ်းပျက်၊ ဝမ်းလျှောရောဂါ၊  အဆုတ်ရောင်ရောဂါဖြစ်ပွားမှုတွင်လည်း   လက်ဆေးကြောမှု အားနည်းခြင်းကြောင့်  နှစ်စဉ်  မြန်မာနိုင်ငံရှိ ကလေးငယ်  ၅၆၀၀၀  ခန့်မှာ  အသက်ငါးနှစ်မပြည့်မီ  သေဆုံးနေကြရကြောင်း၊   ၎င်းင်းတို့အနက်   ကလေးငယ်  ၄၁၀၀၀  ခန့်မှာ  အသက်တစ်လမပြည့်မီ  သေဆုံးနေရကြောင်းကို  ကမ္ဘာ့ကျန်းမာရေးအဖွဲ့  (WHO)  ၏  ၂၀၁၅  ခုနှစ် သတင်းထုတ်ပြန်ချက်များအရ  လေ့လာမှတ်သားရသည်။

ခေတ်ကာလရွေ့လျားလာသော်လည်း မြန်မာနိုင်ငံအပါအဝင် ချို့တဲ့သောအာရှနှင့် အာဖရိကနိုင်ငံများ၌ ကလေး၊ လူကြီးလက်ဆေးကြောသန့်စင်မှု  လွန်စွာအားနည်းနေသေးကြောင်း WHO က သတိပေးထားသည်။   ထို့ပြင်    မြန်မာနိုင်ငံ၌ ၂၀၁၈  ခုနှစ်အတွင်း  အသက်ရှင်လျက် မွေးဖွားလာသောကလေးဦးရေ ၁၀၀၀ တွင် ၄၆ ဦးသေဆုံးနေကြောင်းနှင့် အသက်ငါးနှစ်အောက်ကလေးသေဆုံးသူများ၏  ၄၀ ရာခိုင်နှုန်းနှင့် ကလေးသေဆုံးမှုစုစုပေါင်း၏ လေးပုံတစ်ပုံသည် ဝမ်းပျက်၊ ဝမ်းလျှောရောဂါ၊   အဆုတ်ရောင်ရောဂါ   စသည့်ကာကွယ်နိုင်သောရောဂါများကြောင့်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာတစ်ဝန်းရှိ   ကလေးငယ်ပေါင်း ၃ ဒသမ ၅ သန်းခန့်သည် လက်ဆေးကြောသန့်စင်မှုအားနည်းသဖြင့်    ဖြစ်ပေါ်လာသောရောဂါများကြောင့် နှစ်စဉ် သေဆုံးနေကြရသည်။  ထို့ပြင်  ကမ္ဘာတစ်လွှား အဆုတ်ရောင် သို့မဟုတ် ဝမ်းပျက်၊ ဝမ်းလျှောရောဂါကြောင့် ၂၅ စက္ကန့်တိုင်း ကလေးတစ်ဦးနှုန်း သေဆုံးလျက်ရှိသည်။ ယင်းမှာလက်များကို    ဆပ်ပြာဖြင့်ဆေးကြော၍ သန့်ရှင်းစွာထားခြင်းဟူသော  ရိုးရှင်းလှသည့် ကြိုတင်ကာကွယ်မှု အတွက် ကျန်းမာရေးဗဟုသုတ လွန်စွာအားနည်းနေကြခြင်းကြောင့်ဖြစ်သည်။ 

အစာမစားမီ    လက်ဆေးသည်ဆိုရာတွင် ဇလုံထဲရှိရေတွင် လက်ကိုနှစ်၍ ရေစိုရုံမျှသာ ရေစွတ်ခြင်းက လက်၏ အညစ်အကြေးများ၊ ကြေးညှော်များကို ရေတစ်မျိုးတည်းဖြင့် ဆေးကြောခြင်းသည် မျက်စိဖြင့်မြင်နိုင်သော အမှိုက်သရိုက်ကိုသာ ဖယ်ရှားခြင်းဖြစ်၍ ဆပ်ပြာဖြင့်စင်ကြယ်စွာ ဆေးကြောပေးမှသာလျှင်    မျက်စိဖြင့်မြင်နိုင် သော၊ မမြင်နိုင်သောရောဂါပိုးမွှားအားလုံးကို သေစေနိုင်မည်ဖြစ်သည်။

ဆပ်ပြာဖြင့်လက်ဆေးခြင်းက အဆုတ် ရောင်ရောဂါကူးစက်မှုကို ၂၃ ရာခိုင်နှုန်း၊ ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ဖြစ်ပွားမှုကို ၃၀ - ၅၀  ရာခိုင်နှုန်း၊  အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်ပွားမှုကို  ၅၀  ရာခိုင်နှုန်းကျော် လျော့ကျစေနိုင်သည်။ အစာမစားမီနှင့်   အစာစားပြီးချိန်၊   ဆော့ကစားပြီးချိန်၊ သန့်စင်ခန်းဝင်ပြီးချိန်၊ ကလေးအညစ်အကြေးများအား သန့်စင်ပြီးချိန်နှင့် အစားအစာများ   မချက်ပြုတ်မီ အချိန်တိုင်းတွင်လည်း     လက်ကိုဆပ်ပြာဖြင့် စင်ကြယ်စွာဆေးကြောသင့်သည်။ ထို့ပြင် အခြေခံပညာ ကျောင်းများ၌ ကလေးငယ်များအား လက်ဆေးခြင်း အလေ့အထများသင်ကြားပေးခြင်း၊ သန့်လေးသန့် (လက်သန့်-ရေသန့်-အစာသန့်- မိလ္လာသန့်) အစီအစဉ်များ ဆောင်ရွက်စေခြင်း စသည်ဖြင့် လက်ဆေးခြင်းဆိုင်ရာ ကျန်းမာရေး စီမံချက်များ      ရေးဆွဲကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။   မည်သို့ပင်ဆိုစေကာမူ   မိမိနှင့် မိသားစုကိုယ်တိုင် ယင်းစီမံချက်များကို လိုက်နာဆောင်ရွက်နိုင်မှသာလျှင်   တစ်မိသားစုလုံး ကျန်းမာစေနိုင်မည် ဖြစ်သည်။

လေ့လာမှုများအရ  လူအများ  နေ့စဉ်ထိတွေ့နေရသော ငွေစက္ကူတချို့တွင် အီကိုလိုင်း(E.coil) ပိုးများ တွယ်ကပ်နေလေ့ရှိသဖြင့် ငွေစက္ကူကိုင်ပြီးတိုင်း လက်ကိုရေ၊ ဆပ်ပြာတို့ဖြင့် သေချာစွာဆေးကြောသင့်သည်။ ရေနှင့်ဆပ်ပြာကိုအသုံးပြု၍ စနစ်တကျလက်ဆေးခြင်းသည် ရောဂါပိုးများကူးစက်ပြန့်ပွားမှုကိုကာကွယ်နိုင်ပြီး    လူ့အသက်ပေါင်းများစွာကို     ကယ်တင်နိုင်သည့်   အလေ့အကျင့်ကောင်းဖြစ်သည်။ 

အမေရိကန်ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန(CDC)အဆိုအရ လက်ဆေးလျှင် အနည်းဆုံးစက္ကန့် ၂၀ ကြာ အချိန်ယူပြီး သေချာစွာဆေးသင့်ကြောင်း အကြံပြုထားသည်။ လက်ဆေးကြောနည်းပုံစံမှာ ရှေးဦးစွာ လက်ကိုရေဖြင့်လောင်းချပြီး  ဆပ်ပြာဖြင့် ဆေးကြောပါ။  လက်ဖဝါးနှစ်ဖက်ကို မျက်နှာချင်းဆိုင်ထားပြီး  ဘယ်/ညာလက်ချောင်းကြား  အချင်းချင်းပွတ်တိုက်ဆေးကြောပါ။  လက်ကိုမှောက်၍  ဘယ်/ညာလက် ချောင်းကြား အချင်းချင်းပွတ်တိုက် ဆေးကြောပါ။ လက်မကို စက်ဝိုင်းသဏ္ဌာန်ပွတ်တိုက်ကာ   လက်မနှင့်လက်ညှိုးကြား အရေပြားများကို ဘယ်/ညာအပြန်အလှန်    ခပ်ဖွဖွကုတ်ခြစ်ဆေးကြောပါ။ လက်သည်းကြားတွင်ရှိနေသော   ကြေးညှော်များ ကင်းစင်ရန် ဘယ်/ညာလက်ဖဝါးပေါ်ကို လက်ချောင်းများဖြင့် ကုတ်ခြစ်ပါ။ ဘယ်/ညာလက်ကောက်ဝတ်နှစ်ဖက်ကို စက်ဝိုင်းသဏ္ဌာန်  အပြန်အလှန်ပွတ်တိုက်ဆေးကြောပါ။ အားလုံးလုပ်ဆောင်ပြီးသွားပါက ရေအလုံအလောက် လောင်းချပြီး ရေများကိုခပ်ကြမ်းကြမ်းခါထုတ်ကာ   ခြောက်သွေ့သန့်စင်သောလက်သုပ်ပဝါ   သို့မဟုတ် တစ်ခါသုံးတစ်ရှူးဖြင့် ရေစင်အောင်သုတ်ပါ။

ထို့ကြောင့်  ဆပ်ပြာနှင့်ရေကိုအသုံးပြုပြီး အနည်းဆုံး စက္ကန့် ၂၀ ကြာသည်အထိစနစ်တကျ မကြာခဏ လက်ဆေးခြင်းဖြင့် မိမိကိုယ်တိုင်ရော မိသားစုနှင့် ပတ်ဝန်းကျင်ကိုပါ   ကိုဗစ်-၁၉ ရောဂါအန္တရာယ်မှ ကာကွယ်ရမည်ဖြစ်သည်။

အထူးသတိပြုသင့်သည့်အချက်မှာ လက်ဆေးခြင်းသည် တစ်ရက်တာ၊ တစ်ခဏတာ အတွက်သာမဟုတ်ဘဲ ဘဝတစ်သက်တာလုံးတွင် နေ့စဉ် လက်များကိုဆပ်ပြာဖြင့်စင်ကြယ်စွာဆေးကြောသော   အလေ့အထကောင်းကို အစဉ်တစိုက် ဆောင်ရွက်ပေးရန် လိုသည်။ သို့မှသာ  ကိုဗစ်-၁၉   ရောဂါသာမက  အဆုတ်ရောင်ရောဂါ၊  ဝမ်းပျက်၊ ဝမ်းလျှောရောဂါနှင့်   အသက်ရှူလမ်းကြောင်းဆိုင်ရာ   ရောဂါအမျိုးမျိုးတို့ကို ကာကွယ်နိုင်မည်ဖြစ်သည်။

အချုပ်အားဖြင့်ဆိုရလျှင် လူသားတိုင်းသည် မိမိတို့၏နေ့စဉ်ဘဝတွင် ပတ်ဝန်းကျင်နှင့် ထိတွေ့ဆက်ဆံနေရသည်။ မိမိတို့၏လက်များသည်   သာမန်မျက်စိဖြင့် မမြင်နိုင်သည့်  အန္တရာယ်ရှိပိုးမွှားများနှင့် နေ့စဉ်နေ့တိုင်း ထိတွေ့နေရသည်။ သို့ဖြစ်၍  ရောဂါပိုးပျံ့နှံ့မှုကိုကာကွယ်နိုင်သည့် အရေးကြီးဆုံးအချက်မှာ နည်းစနစ်မှန်ကန်စွာ လက်ဆေးခြင်းဖြစ်သည်။    လက်ကိုသန့်ရှင်းစွာထားရှိခြင်းသည် ကျန်းမာရေး ကောင်းမွန်မှုနှင့်    တိုက်ရိုက်အချိုးကျသည်ကို      အားလုံးသတိပြုကြရမည်ဖြစ်ကြောင်း     ရေးသားတင်ပြ လိုက်ရပါသည်။     ။

ပေါက်ပေါက်