ကမ္ဘာ့နိုင်ငံများအတွက် စိုးရိမ်စရာ ဖြစ်လာသော်လည်း အမေရိကန်က ၎င်းတို့၏ အကျိုးစီးပွားအတွက်သာ စောင့်ကြည့်နေသည့် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ
အရှေ့အလယ်ပိုင်းဒေသတွင် အစ္စရေးနှင့် ဟားမတ်စ်တို့ကြား တင်းမာမှုများ ဆက်လက်ဖြစ်ပွားနေစဉ်တွင် ဒေသတွင်းသို့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ ပေးအပ်မည်ဟု တရုတ်အစိုးရက ပြောကြားခဲ့သည်။ အစ္စရေးတပ်များက ဂါဇာကမ်းမြောင်ဒေသအား ဝိုင်းရံထားခြင်းနှင့် စပ်လျဉ်း၍ ထိုသို့လုပ်ဆောင်ခြင်း၏ အကျိုးဆက်များကို တရုတ်နိုင်ငံက စိုးရိမ်လျက်ရှိပြီး ဒေသတွင်းရှိ အကူအညီ လိုအပ်နေသူများအား လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ ပေးပို့မည်ဟု ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်း ကိုယ်စားလှယ် ကျန်းကျွမ်က ပြောကြားခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံ၏ အဆိုပါပြောဆိုချက်သည် အရှေ့အလယ်ပိုင်း ဒေသတွင် စစ်ရေးအခြေအနေ မြင့်တက်လာနေစဉ် အမေရိကန်က အစ္စရေးတို့အား အကူအညီ ပေးအပ်ရန်အတွက် ကမ်းတပ်သားဦးရေ ၂၀၀၀ ကို ဒေသအတွင်းသို့ ပို့ဆောင်လိုက်ခြင်းနှင့် တိုက်ဆိုင်လျက်ရှိသည်။ အရှေ့အလယ်ပိုင်းသို့ စေလွှတ်လိုက်သည့် အမေရိကန်ကမ်းတပ်ဖွဲ့အား အမေရိကန်၏ ထိပ်တန်းတပ်ဖွဲ့တစ်ခုဖြစ်သည့် အမှတ် (၂၆) နိုင်ငံရပ်ခြား စစ်ဆင်ရေး ကမ်းတပ်ဖွဲ့မှ အလျင်အမြန် တုံ့ပြန်ရေးတပ်ဖွဲ့က ဦးဆောင်လာခြင်းဖြစ်သည်။
ထို့ကြောင့် အမေရိကန်၏ အဆိုပါ လုပ်ဆောင်ချက်အပေါ် ဒေသတွင်းနိုင်ငံများက အာရုံစိုက်လာခဲ့ကြသည်။ အမေရိကန်ကမ်းတပ် တပ်ဖွဲ့ဝင်များအား USS Bataan ကမ်း၊ ရေနှစ်သွယ် စစ်ဆင်ရေး ရေယာဉ်ပေါ်တွင် တင်ဆောင်လာခြင်းဖြစ်ပြီး ယင်းရေယာဉ်သည် ယခင်က အိုမန် ပင်လယ်ကွေ့တွင် အခြေပြုထားသည့် ရေယာဉ်တစ်စင်းဖြစ်သည်။ ထို့ကြောင့် အရှေ့အလယ်ပိုင်းတွင် လက်ရှိဖြစ်ပွားနေသည့် အခြေအနေမှာ ပို၍ထူးခြားလာမည့် အလားအလာရှိနေသည်။
သို့ရာတွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကို ထိန်းသိမ်းနိုင်ရန်နှင့် အရှေ့အလယ်ပိုင်းတွင် ရန်လိုမှုများ လျှော့ချရန်အတွက် ရုရှားနိုင်ငံက တင်သွင်းခဲ့သည့် အဆိုပြုချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အတည်ပြုရန် ပျက်ကွက်ပြီးနောက်တွင် တရုတ်နိုင်ငံအနေဖြင့် လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခများမှာ အရှေ့အလယ်ပိုင်း ဒေသတွင်းရှိ အခြားနေရာများသို့ ကူးစက်သွားခြင်းမှ ကာကွယ်တားဆီးရန်အတွက် တရုတ်အစိုးရက သက်ဆိုင်ရာ အဖွဲ့အစည်းများကို တောင်းဆို၍ လိုအပ်သူများအား အကူအညီများ ပေးအပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
အရှေ့အလယ်ပိုင်းဒေသတွင် လောလောဆယ်ဖြစ်ပွားနေသည့် အခြေအနေနှင့် စပ်လျဉ်း၍ ကမ္ဘာ့နိုင်ငံများအနေဖြင့် တရားမျှတပြီး ဓမ္မဓိဋ္ဌာန်ကျသည့် ရပ်တည်ချက်၊ သဘောထားကို ပြသရန်လိုအပ်ကြောင်း၊ သို့မှသာ ပိုမိုကြီးထွားလာမည့် ပဋိပက္ခနှင့် လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းများကို ရှောင်ရှားနိုင်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံက ထောက်ပြထားသည်။
အရှေ့အလယ်ပိုင်းဒေသရှိ အစ္စရေးနှင့် ဟားမတ်စ်တို့ကြား စစ်ရေးတင်းမာမှုများသည် ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ဖြစ်သည့် ဟားမတ်စ်တို့က အစ္စရေးနိုင်ငံ အတွင်းသို့ ယခုနှစ် အောက်တိုဘာလ ၇ ရက်တွင် ရုတ်တရက်စတင် တိုက်ခိုက်ရာမှ စတင်လာခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အဆိုပါ ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့သည် ဓားစာခံများကိုပါ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ယင်းနောက်ပိုင်းတွင် ဟားမတ်စ်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့် ဓားစာခံများအား ပြန်မလွှတ်မချင်း အစ္စရေးအစိုးရက ဂါဇာကမ်းမြောင်ဒေသသို့ လောင်စာဆီ၊ သောက်သုံးရေ၊ လျှပ်စစ်မီးများ ပေးအပ်မည်မဟုတ်ဘဲ ပိတ်ဆို့သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ကို တွေ့ရသည်။ လက်ရှိ ဂါဇာကမ်းမြောင်ဒေသ၏ အခြေအနေသည် လူသားချင်း စာနာမှုဆိုင်ရာအခက်အခဲများနှင့် ရင်ဆိုင်ရလျက်ရှိကြောင်း ကုလသမဂ္ဂ အကူအညီပေးရေး အေဂျင်စီက ပြောကြားထားပြီး ဒေသတွင်းရှိ ပါလက်စတိုင်းပြည်သူ များသည် ဘဝပျောက်ဆုံးနေကြောင်း ဆက်လက် ပြောကြားထားသည်။
လက်ရှိတွင် ပါလက်စတိုင်း စစ်သွေးကြွ ဟားမတ်စ်နှင့် အစ္စရေးတို့ကြား ဖြစ်ပွားခဲ့သည့် လက်နက်ကိုင် ပဋိပက္ခအတွင်း လူပေါင်း ၁၄၀၀ ခန့် သေဆုံးခဲ့ပြီးဖြစ်သည်။ သို့သော် အပြန်အလှန် တိုက်ခိုက်မှုများကြောင့် ဂါဇာဒေသမှ ပြည်သူ ၂၈၀၀ ကျော် သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း အာဏာပိုင်များက ထုတ်ပြန်ထားသည်။
ထိုသို့သောအခြေအနေမျိုးတွင် အမေရိကန်အစိုးရက ၎င်းတို့၏ ကမ်းတပ်ဖွဲ့မှ စစ်သည်များအား ဒေသတွင်းသို့ စေလွှတ်လိုက်ခြင်းသည် ဆေးကုသရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးအတွက် အထောက်အကူပြုစေရန်ဖြစ်သည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး လွှိုက်အော်စတင်က ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ပြောကြားသည်။ အကြောင်းမှာ အမေရိကန်အစိုးရသည် မပြီးဆုံးနိုင်သေးသည့် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခတွင် ကိုယ်တိုင်ပါဝင်မည် မဟုတ်ဘဲ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေအပေါ်မူတည်၍ ဆက်လက် လုပ်ဆောင်မည့် အလားအလာရှိနေသည်။
အကယ်၍ အမေရိကန်အနေဖြင့် လက်ရှိပဋိပက္ခတွင် နက်ရှိုင်းစွာ ပါဝင်မည်ဆိုပါက ဒေသတွင်း အင်အားကြီးထွားလာသည့် အီရန်နှင့်သာမက ဆီးရီးယား၊ အခြား အရှေ့အလယ်ပိုင်း နိုင်ငံများနှင့် ထိပ်တိုက်တွေ့ဆုံရမည်ဖြစ်သည်။ ယင်းအချက်ကို ဂျိုးဘိုင်ဒင်အစိုးရက ယခင်ကတည်းက ကောင်းစွာနားလည်သဘောပေါက်ထား သည်။ ထို့ကြောင့် ကမ်းတပ်ဖွဲ့ဝင်များကို အင်အားပြသသည့် အနေဖြင့်သာ အရှေ့ အလယ်ပိုင်းဒေသသို့ ပို့ဆောင်ခြင်းဖြစ်သည်။ သို့သော် ပါလက်စတိုင်းတွင် ဖြစ်ပေါ်နေသည့် လူသားချင်းစာနာမှုဆိုင်ရာ အခက်အခဲများကို လှည့်၍ပင်မကြည့်ပေ။ ထိုသို့သော အခြေအနေမျိုးကြောင့် တရုတ်နိုင်ငံက ၎င်းတို့၏ စိုးရိမ်မကင်းဖြစ်မှုကို လူသိရှင်ကြား ပြသခဲ့ခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။
ထို့ကြောင့် အချုပ်အားဖြင့်ဆိုရပါမူ အရှေ့အလယ်ပိုင်းဒေသတွင် လက်ရှိဖြစ်ပွားနေသည့် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခသည် ဒေသတွင်းနိုင်ငံများကိုသာမက ကမ္ဘာ့နိုင်ငံများကိုပါ စိုးရိမ်မကင်းဖြစ်စေ လာနိုင်သော်လည်း အမေရိကန်အတွက်မှာမူ ၎င်းတို့၏ အကျိုးစီးပွားအတွက် အခါအခွင့်ကိုသာ စောင့်မျှော်နေသည့်ဖြစ်စဉ် တစ်ခုသာဖြစ်ကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။