၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အထောက်အကူပြု သမိုင်းဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမယ့် ကျောင်းသား၊ကျောင်းသူများ အတွက် ဒွါဒသမတန်း (Grade-12) သမိုင်းဘာသာရပ် သိကောင်းစရာများကို တင်ပြသွားပါမယ်။ စနစ်သစ် ဒွါဒသမတန်း (Grade-12) သမိုင်းဘာသာရပ် ကျောင်းသုံးဖတ်စာအုပ်ကို မြန်မာ့သမိုင်း၊ ကမ္ဘာ့သမိုင်း ဖတ်စာအုပ် (၂) အုပ်မခွဲခြားဘဲ (၁) အုပ်တည်းမှာရေးသား ပြုစုပြဋ္ဌာန်းထားတယ်။ မြန်မာ့သမိုင်း သင်ခန်းစာ ၅ ခန်းနဲ့ ကမ္ဘာ့သမိုင်း သင်ခန်းစာ ၄ ခန်း ၊ စုစုပေါင်း အခန်း ၉ ခန်း ပါဝင်တယ်။
ပထမဦးစွာ မြန်မာ့သမိုင်း သင်ခန်းစာများမှ သိကောင်းစရာတွေကို တင်ပြပါမယ်။ မြန်မာ့သမိုင်းသင်ခန်းစာမှာ ကိုလိုနီခေတ်မှ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရ လက်ထက်အထိ ခေတ်အဆက်ဆက် ကျင့်သုံးခဲ့တဲ့ အုပ်ချုပ်ရေးစနစ်၊ စီးပွားရေးစနစ်နှင့် စီးပွားရေး ပုံစံပြောင်းလဲမှုများ၊ လူမှုရေးပြောင်းလဲမှုများကို လေ့လာသင်ကြားရမှာဖြစ်တယ်။
ကိုလိုနီခေတ်အုပ်ချုပ်ရေး စနစ်များကိုလေ့လာတဲ့အခါ ပထမအင်္ဂလိပ်-မြန်မာစစ် (၁၈၂၄-၁၈၂၆) အပြီး အင်္ဂလိပ်တို့ကျင့်သုံးခဲ့တဲ့ အုပ်ချုပ်ရေးစနစ်၊ ဒုတိယအင်္ဂလိပ်-မြန်မာစစ် (၁၈၅၂-၁၈၅၃) အပြီး အင်္ဂလိပ်တို့ကျင့်သုံးခဲ့တဲ့ အုပ်ချုပ်ရေးစနစ်နဲ့ တတိယအင်္ဂလိပ်-မြန်မာစစ် (၁၈၈၅) အပြီး အင်္ဂလိပ်တို့ကျင့်သုံးခဲ့တဲ့ အုပ်ချုပ်ရေးစနစ်တို့ကို လေ့လာကြရမှာဖြစ်တယ်။
မြန်မာနိုင်ငံဟာ အင်္ဂလိပ်တို့ရဲ့ ကျူးကျော်စစ်ပွဲကို ၃ ကြိမ်ရင်ဆိုင်ခဲ့ရတယ်။ ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲအပြီးမှာ တနင်္သာရီနှင့် ရခိုင်ကို အင်္ဂလိပ်တို့က သိမ်းယူခဲ့ပြီး ကုမ္ပဏီကတစ်ဆင့် အုပ်ချုပ်တဲ့ အုပ်ချုပ်ရေး စနစ်ကို ကျင့်သုံးခဲ့တယ်။ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်အပြီးတွင် ပဲခူးနယ်ကို ထပ်မံသိမ်းယူခဲ့တဲ့ အတွက် အောက်မြန်မာနိုင်ငံ တစ်ခုလုံးဟာ အင်္ဂလိပ်တို့ လက်အောက်သို့ ကျရောက်ခဲ့ရတယ်။ အင်္ဂလိပ်တို့က တနင်္သာရီ၊ ရခိုင်နှင့် အောက်မြန်မာပြည် (ပဲခူးနယ်) တို့ကို ပေါင်းပြီး ဗြိတိသျှဘားမား(British Burma)လို့ ခေါ်တွင်ခဲ့တယ်။ ဗြိတိသျှဘားမားကို အုပ်ချုပ်ဖို့ ကုမ္ပဏီ အုပ်ချုပ်ရေးကနေ အင်္ဂလိပ်အစိုးရအုပ်ချုပ်တဲ့ မဟာဝန်ရှင်တော်မင်းကြီး အုပ်ချုပ်ရေးစနစ်ကို ပြောင်းလဲကျင့်သုံးခဲ့တယ်။
မဟာဝန်ရှင်တော်မင်းကြီး အုပ်ချုပ်ရေးဟာ အိန္ဒိယဘုရင်ခံချုပ်ကို တာဝန်ခံပြီး အုပ်ချုပ်ရတဲ့ စနစ်ဖြစ်တယ်။ မဟာဝန်ရှင်တော်မင်းကြီးဟာ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေး အာဏာ၊ အခွန်ကောက်ခံရေး အာဏာ စတဲ့အာဏာသုံးရပ်ကို တစ်ဦးတည်းကျင့်သုံးနိုင်တယ်။ ဒါပေမဲ့ သူ့မှာ ဥပဒေပြုပိုင်ခွင့် အာဏာမရှိတဲ့အတွက် လိုအပ်တဲ့ အက်ဥပဒေ၊ စည်းမျဉ်းဥပဒေတွေကို အိန္ဒိယဘုရင်ခံချုပ်က ပြဋ္ဌာန်းပေးရတယ်။ မဟာဝန်ရှင်တော်မင်းကြီး အုပ်ချုပ်ရေးဟာ အရာရှိအဆင့်ဆင့်ကို လုပ်ပိုင်ခွင့်အာဏာနှင့် တာဝန်များ တိကျစွာ သတ်မှတ်ပေးထားတဲ့ အုပ်ချုပ်ရေး စနစ်ဖြစ်ပြီး ၁၈၈၆ ခုနှစ်မှ ၁၈၉၇ ခုနှစ်အထိ ၁၀ နှစ်ကြာမြင့်တယ်။
၁၈၉၇ ခုနှစ်မှာ မြန်မာနိုင်ငံကို ဗြိတိသျှပိုင်အိန္ဒိယ အင်ပါယာရဲ့ ပြည်နယ်တစ်ခုအဖြစ် ထည့်သွင်းခဲ့ပြီးနောက် မဟာဝန်ရှင်တော်မင်းကြီး အုပ်ချုပ်ရေးအဆင့်ကနေ ဒုတိယဘုရင်ခံ အုပ်ချုပ်ရေးအဆင့်သို့ တိုးမြှင့်အုပ်ချုပ်ခဲ့တယ်။ဒုတိယဘုရင်ခံ အုပ်ချုပ်ရေးစနစ်မှာ ဘုရင်ခံဟာမြန်မာနိုင်ငံ အတွက် ဥပဒေပြုကောင်စီ ဖွဲ့စည်းခွင့်ရရှိတယ်။ အဲဒီအချိန်က မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တဲ့အတွက် အိန္ဒိယမှာ အုပ်ချုပ်ရေးဆိုင်ရာ အပြောင်းအလဲဖြစ်တိုင်း မြန်မာနိုင်ငံအပေါ် သက်ရောက်မှုရှိတယ်ဆိုတာ သိထားရမယ်။
အင်္ဂလိပ်အစိုးရဟာ ၁၉၁၉ ခုနှစ်မှာ အိန္ဒိယနိုင်ငံအတွက် ဒိုင်အာခီ အုပ်ချုပ်ရေးစနစ်ကို အကောင်အထည်ဖော်ဖို့ ဥပဒေပြဋ္ဌာန်းပေးခဲ့တယ်။ ဒါပေမဲ့ မြန်မာနိုင်ငံကို ချန်လှပ်ထားခဲ့တယ်။ ဒါကြောင့် မြန်မာနိုင်ငံကိုလည်း အုပ်ချုပ်ရေးစနစ် တိုးမြှင့်ပေးဖို့ မြန်မာပြည်သူတွေက အပြင်းအထန် တောင်းဆိုကြတဲ့အတွက် အင်္ဂလိပ်အစိုးရက ၁၉၂၁ မြန်မာနိုင်ငံ ကျေးလက် ကိုယ်ပိုင်အုပ်ချုပ်ရေး အက်ဥပဒေကိုပြဋ္ဌာန်းပြီး ဒိုင်အာခီ အုပ်ချုပ်ရေး ပေးခဲ့တယ်။ ဒိုင်အာခီအုပ်ချုပ်ရေးဟာ ၁၉၂၃ ခုနှစ် မှ ၁၉၃၇ ခုနှစ် အထိကြာမြင့်ခဲ့တယ်။ ဒီသင်ခန်းစာမှာ ဒိုင်အာခီ အုပ်ချုပ်ရေး ပေါ်ပေါက်လာပုံနှင့် ဒိုင်အာခီအုပ်ချုပ်ရေး စနစ်ကို သေချာသိထားသင့်တယ်။
အင်္ဂလိပ်တို့ဟာ ဒိုင်အာခီအုပ်ချုပ်ရေး ချမှတ်စဉ်ကတည်းက ၁၀ နှစ် ကာလပြီးရင် မြန်မာပြည်ရဲ့ အုပ်ချုပ်ရေးစနစ်ကို ပြုပြင်ပြောင်းလဲပေးမယ်လို့ ကတိပေးခဲ့တယ်။ ဒါကြောင့် အုပ်ချုပ်ရေးစနစ် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရေးနဲ့ပတ်သက်ပြီး စုံစမ်းဖို့ ၁၉၂၇ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ဆာဂျွန်ဆိုင်မွန် ခေါင်းဆောင်တဲ့ ကော်မရှင်ကို ဖွဲ့စည်းခဲ့တယ်။ အဲဒီကော်မရှင်ရဲ့ အစီရင်ခံစာနဲ့ အကြံပေးချက်များအရ ၁၉၃၁ ခုနှစ်မှာ လန်ဒန်တွင် သီးခြားစုံညီအစည်းအဝေးကျင်းပခဲ့တယ်။ အစည်းအဝေးမှာ ခွဲရေးကိုလိုလားသူများနဲ့ တွဲရေးကို လိုလားသူများဆိုပြီး အုပ်စုများ ကွဲပြားလာတဲ့အတွက် ခွဲရေးတွဲရေး ပြဿနာကိုဆုံးဖြတ်ဖို့ အထူးရွေးကောက်ပွဲ ကျင်းပပေးခဲ့တယ်။ ရွေးကောက်ပွဲမှာ တွဲရေးကို ထောက်ခံတဲ့ဘက်က အနိုင်ရရှိခဲ့တယ်။ ဒါပေမဲ့ ဒီပြဿနာကို မြန်မာတို့ အပြီးအပြတ် ဆုံးဖြတ်နိုင်ခြင်း မရှိနိုင်ဟုဆိုပြီး အင်္ဂလိပ်ပါလီမန် အထက်လွှတ်တော်က အဖွဲ့ဝင် ၁၆ ဦး ပါဝင်တဲ့ တွဲဖက်ကော်မတီကို တာဝန်ပေးခဲ့တယ်။ ကော်မတီအစီရင်ခံစာနှင့် အကြံပေးချက်များအရ အင်္ဂလိပ်အစိုးရဟာ ၁၉၃၅ မြန်မာနိုင်ငံတော်စီရင်အုပ်ချုပ်မှုအက်ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ၉၁ ဌာန အုပ်ချုပ်ရေးကို အကောင်အထည်ဖော်ခဲ့တယ်။ ၉၁ ဌာန အုပ်ချုပ်ရေးဟာ ၁၉၃၇ ခုနှစ်ကနေ ၁၉၄၁ ခုနှစ်အထိ ကြာမြင့်ခဲ့တယ်။ ၉၁ ဌာန အုပ်ချုပ်ရေးကို လေ့လာတဲ့အခါ ဆိုင်မွန်ကော်မရှင် ပေါ်ပေါက်လာပုံ၊ လန်ဒန်မှာကျင်းပတဲ့ သီးခြားစုံညီအစည်းအဝေး၊ ၁၉၃၅ မြန်မာနိုင်ငံတော် စီရင်အုပ်ချုပ်မှု အက်ဥပဒေ ပေါ်ပေါက်လာပုံ၊ ၉၁ ဌာနအုပ်ချုပ်ရေးမှာ ဘုရင်ခံစီရင်အုပ်ချုပ်ခွင့်ရတဲ့ ဌာနများနဲ့ ပြည်သူ့ကိုယ်စားလှယ် အမတ်များ အုပ်ချုပ်ခွင့်ရတဲ့ ဌာနများ၊ ၉၁ ဌာန အုပ်ချုပ်ရေးရဲ့ ဖွဲ့စည်းပုံအကြောင်း တွေကို သီးခြားလေ့လာ ထားသင့်တယ်။
ကိုလိုနီခေတ်အုပ်ချုပ်ရေးစနစ် ပြောင်းလဲလာမှုများကို လေ့လာပြီးတဲ့ နောက်မှာ ကိုလိုနီခေတ် စီးပွားရေးစနစ်နဲ့ လူမှုရေးပြောင်းလဲမှုတွေကို လေ့လာကြရမှာဖြစ်တယ်။ ကိုလိုနီခေတ်ရဲ့ အဓိက စီးပွားရေးလုပ်ငန်းတွေကတော့ ဆန်စပါးစိုက်ပျိုးရေး လုပ်ငန်း၊ သစ်လုပ်ငန်း၊ ရေနံလုပ်ငန်း၊ သတ္တုနှင့် သယံဇာတ လုပ်ငန်းများဖြစ်ကြတယ်။ ကိုလိုနီခေတ်မှာ စီးပွားရေး လုပ်ငန်းကြီးများကို ကိုလိုနီအစိုးရနဲ့ နိုင်ငံခြားသား အရင်းရှင်တို့က ပိုင်ဆိုင်ကြတယ်။ မြန်မာ့ဆန်စပါး ရောင်းဝယ်ရေးမှာ ဘူလင်ဂျာပူးလ် အမည်နဲ့ ကုမ္ပဏီ ၄ ခု ကလည်းကောင်း၊ မြန်မာ့သစ် ထုတ်လုပ်ရေးလုပ်ငန်းကို ဘုံဘေဘားမား ကူးသန်းရောင်းဝယ်ရေး ကုမ္ပဏီကလည်းကောင်း၊ မြန်မာ့ရေနံလုပ်ငန်းကို ဘီအိုစီကုမ္ပဏီက လည်းကောင်း၊ ပြည်တွင်းရေကြောင်း သွားလာရေးနဲ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းကို ဧရာဝတီ ဖလိုတီလာကုမ္ပဏီက လည်းကောင်း လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားခဲ့တယ်ဆိုတာ သိထားရပါမယ်။
ကိုလိုနီခေတ်မှာ အရင်းရှင်စီးပွားရေး စနစ်နဲ့အတူ နိုင်ငံခြားသား အရင်းရှင်များ၊ အလုပ်သမားများ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့အတွက် မြန်မာ့လူမှု အဖွဲ့အစည်းဟာ ပဒေသရာဇ်စနစ်ကို အခြေခံတဲ့ လူနေမှုစနစ်ကနေ အရင်းရှင်စီးပွားရေးစနစ်ကို အခြေခံတဲ့လူနေမှုစနစ်သို့ တဖြည်းဖြည်း ပြောင်းလဲလာခဲ့တယ်။ ကိုလိုနီခေတ်မှာ အင်္ဂလိပ်အစိုးရဟာ လယ်ယာလုပ်ငန်းများ တိုးချဲ့လာခြင်းနဲ့အတူ ပြောင်းလဲသွားတဲ့ တောင်သူလယ်သမားများရဲ့ ဘဝအခြေအနေများကိုလည်း သိထားရမယ်။ ကိုလိုနီခေတ်မှာ လယ်ယာလုပ်ငန်းသာမက စက်မှုလုပ်ငန်းများ တိုးချဲ့လာတဲ့အတွက် ပြည်ပမှ အလုပ်သမားများကို ခေါ်ယူခဲ့တယ်။ အလုပ်သမားများအနက် စက်မှုလုပ်ငန်းများမှာ လုပ်ကိုင်တဲ့ အလုပ်သမားများရဲ့ ဘဝအခြေက ပိုပြီးဆိုးရွားတယ်။ အထူးသဖြင့် ရေနံမြေ အလုပ်သမားများဟာ အရင်းရှင်များရဲ့ လက်ဝါးကြီးအုပ် အမြတ်ထုတ်သည့်ဒဏ်ကို ဆိုးရွားစွာခံကြရတယ်။ ၁၉၃၀ ပြည့်နှစ်မှာကြုံတွေ့ရသော ကမ္ဘာ့စီးပွားပျက်ကပ်ကြောင့် အလုပ်သမားများရဲ့ဘဝဟာ ပိုမိုဆိုးရွား လာခဲ့တယ်ဆိုတာကိုလည်း လေ့လာထားရမယ်။
အင်္ဂလိပ်အစိုးရဟာ ကိုလိုနီအုပ်ချုပ်ရေးကို အထောက်အပံ့ဖြစ်စေတဲ့ ပညာရေးစနစ်ကို အကောင်အထည်ဖော်ခဲ့ပြီး စက်မှုလက်မှု သင်တန်းကျောင်းများ အပါအဝင် အသက်မွေးဝမ်းကျောင်း ပညာရပ်ဆိုင်ရာကျောင်းများကိုလည်း ဖွင့်လှစ်ပေးခဲ့တယ်။ ၁၉၂၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံရဲ့ ပထမဆုံးတက္ကသိုလ်အဖြစ် ရန်ကုန်တက္ကသိုလ် ပေါ်ပေါက်လာတယ်ဆိုတာလည်း သိထားရမယ်။
ကိုလိုနီခေတ်မှာ ကျန်းမာရေးဌာနဖွဲ့စည်းပုံကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး အုပ်ချုပ်ရေး လုပ်ငန်းများနဲ့ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ခဲ့တယ်။ ဒါပေမဲ့ ကျေးလက်တောရွာနေ ပြည်သူများဟာ မြန်မာဆေးဝါးများနဲ့ တိုင်းရင်းဆေးဆရာများကိုသာ မှီခိုအားထားနေကြရပြီး မြို့နေလူထုကတော့ အနောက်တိုင်း ဆေးပညာနဲ့ ထိတွေ့မှုများလာတယ်။ ဆေးရုံများကို အားကိုးလာကြတယ်။ ဒါကြောင့် ရန်ကုန်၊ မန္တလေးနဲ့ အခြားခရိုင်မြို့ကြီးများမှာ ဆေးရုံများ ဖွင့်လှစ်နိုင်ခဲ့တယ်။
လွတ်လပ်ပြီးခေတ် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး ပြောင်းလဲမှု(၁၉၄၈- ၁၉၆၂)ကိုလေ့လာရာမှာ ၁၉၄၈ ခုနှစ်မှ ၁၉၅၈ ခုနှစ် ကာလအပိုင်းအခြားဟာ ဖဆပလအစိုးရအုပ်ချုပ်တဲ့ ကာလ၊ ၁၉၅၈ခုနှစ်မှ ၁၉၆၀ ပြည့်နှစ်ကာလဟာ အိမ်စောင့်အစိုးရ အုပ်ချုပ်တဲ့ကာလ၊ ၁၉၆၀ ပြည့်နှစ်ကနေ ၁၉၆၂ ခုနှစ် အထိကာလဟာ ပြည်ထောင်စု (ပထစ)အစိုးရ တာဝန်ယူခဲ့တဲ့ကာလဖြစ်တယ်ဆိုတာ သိထားရမယ်။
၁၉၄၈ခုနှစ်မှ ၁၉၅၈ ခုနှစ် ကာလအတွင်း ဖဆပလအစိုးရဟာ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ အုပ်ချုပ်တယ်။ ပထမဦးဆုံး အစိုးရအဖွဲ့ကို ဝန်ကြီးဌာန ၁၉ ခုနဲ့ ဖွဲ့စည်းခဲ့တယ်။ ဖဆပလခေတ်မှာ ပြည်သူ့လွှတ်တော်နှင့် လူမျိုးစုလွှတ်တော်ဆိုပြီး လွှတ်တော် ၂ ရပ်ရှိတယ်။ လွှတ်တော် ၂ ရပ်ပေါင်းကို ပြည်ထောင်စုပါလီမန်လို့ ခေါ်တယ်။ ပြည်ထောင်စုပါလီမန်မှာ ဥပဒေပြုအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေး အာဏာများရှိတယ်။
၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ပြည်ထောင်စုပုံစံပေါ်လွင်စေဖို့ ပြည်နယ်များကို ဖွဲ့စည်းထားရှိတယ်။ ဝန်ကြီးဌာနအလိုက် ဝန်ကြီးဌာနရုံးများ ဖွဲ့စည်းထားရှိပြီး ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးချုပ်၊ ဝန်ကြီး၊ အတွင်းဝန်၊ တိုင်းမင်းကြီး၊ ခရိုင်ဝန်ခေါ်အရေးပိုင်၊ နယ်ပိုင်ဝန်ထောက်၊ မြို့ပိုင်နှင့် လက်ထောက်မြို့ပိုင်တို့ဟာ စီမံခန့်ခွဲရေးဆိုင်ရာ တာဝန်များကို အဆင့်ဆင့် ဆောင်ရွက်ကြရတယ်။
ဖဆပလအစိုးရဟာ ၁၉၅၂ ခုနှစ်မှာ ပြည်တော်သာစီမံကိန်းကို ရေးဆွဲ အကောင်အထည်ဖော်ခဲ့ပြီး ၁၉၅၃ ဒီမိုကရေစီဒေသန္တရ အုပ်ချုပ်ရေး အက်ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ဒီမိုကရေစီ ဒေသန္တရအုပ်ချုပ်ရေးစီမံကိန်းဟာ ကျေးရွာကိုအခြေပြုတဲ့ အုပ်ချုပ်ရေးစနစ်ဖြစ်တယ် ဆိုတာကိုလည်း သိထားရမယ်။
မြန်မာ့သမိုင်းမှာ ၁၉၅၈ ခုနှစ်မှ ၁၉၆၀ ပြည့်နှစ်ကာလဟာ အိမ်စောင့်အစိုးရ တာဝန်ယူတဲ့ ကာလဖြစ်တယ်။ ဒီအပိုင်းမှာ အိမ်စောင့်အစိုးရပေါ်ပေါက်လာပုံ၊ အိမ်စောင့်အစိုးရအဖွဲ့ရဲ့ လုပ်ငန်းစဉ်လေးရပ်၊ အိမ်စောင့်အစိုးရရဲ့ အုပ်ချုပ်ရေးစနစ် ဒါမှမဟုတ်ဆောင်ရွက်ချက်များကို လေ့လာသင့်တယ်။
မြန်မာ့သမိုင်းမှာ ၁၉၆၀ ပြည့်နှစ်ကနေ ၁၉၆၂ ခုနှစ်အထိကာလဟာ ပြည်ထောင်စု (ပထစ)အစိုးရ တာဝန်ယူခဲ့တဲ့ ကာလဖြစ်တယ်။ ပထစအစိုးရရဲ့ အုပ်ချုပ်ရေးပုံစံကတော့ ယခင်ဖဆပလအစိုးရရဲ့ အုပ်ချုပ်ရေးပုံစံကိုပဲ အခြေခံထားတယ်ဆိုတာ သိထားရမယ်။ပြည်ထောင်စု (ပထစ) အစိုးရလက်ထက်အတွင်း နိုင်ငံရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်လာတဲ့အတွက် တော်လှန်ရေးကောင်စီ ပေါ်ပေါက်လာစေတယ်။
မြန်မာ့သမိုင်းသင်ရိုးမှာ ဖဆပလ၊ အိမ်စောင့်အစိုးရ၊ ပထစအစိုးရများ လက်ထက် စီးပွားရေးပြောင်းလဲမှုနဲ့ လူမှုရေးပြောင်းလဲမှု အခြေအနေတွေကိုလည်း သီးခြားကဏ္ဍအလိုက် လေ့လာသင့်တယ်။
မြန်မာ့သမိုင်းမှာ ၁၉၆၂ ခုနှစ်မှ၁၉၇၄ ခုနှစ်အထိ ကာလကို တော်လှန်ရေး ကောင်စီခေတ်လို့ ခေါ်တယ်။ ဒီသင်ခန်းစာမှာ တော်လှန်ရေး ကောင်စီပေါ်ပေါက်လာပုံ၊ တော်လှန်ရေးကောင်စီခေတ်မှာ ပြောင်းလဲကျင့်သုံးခဲ့တဲ့ အုပ်ချုပ်ရေးစနစ်၊ တရားစီရင်ရေးစနစ်တွေ အကြောင်းကို လေ့လာထားဖို့လိုတယ်။ တော်လှန်ရေးကောင်စီဟာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၉၆၂ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့မှာပြဋ္ဌာန်းပြီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် အမြုတေပါတီကို စတင်တည်ထောင်ခဲ့တယ်ဆိုတာလည်း သိထားရမယ်။
တော်လှန်ရေးကောင်စီက ဝါဒသဘောထား ကြေညာချက်ထုတ်ပြန်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံမှာ အရင်းရှင်စီးပွားရေး စနစ်ကို ဖျက်သိမ်းပြီး ဆိုရှယ်လစ်စီးပွားရေး စနစ်ကို တည်ဆောက်မှာဖြစ်ကြောင်း ကြေညာခဲ့တယ်။ ပြည်သူပိုင်ကဏ္ဍကို ကျယ်ပြန့်လာအောင် ဆောင်ရွက်ခဲ့တယ်။ ကုန်သွယ်ရေးလုပ်ငန်း၊ သမဝါယမလုပ်ငန်းနဲ့ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကိုလည်း ဆိုရှယ်လစ်စီးပွားရေး မူဝါဒနဲ့အညီ ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်ခဲ့တယ်။
တော်လှန်ရေးကောင်စီဟာ ဆိုရှယ်လစ်စနစ်နှင့် ကိုက်ညီပြီး အသက်မွေးဝမ်းကျောင်းမှုကို အထောက်အကူပြုတဲ့ ပညာရေးမူဝါဒအသစ်များ ချမှတ်ခဲ့တယ်။ ပညာရေးပြုပြင် ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့တယ်။ စာတတ်မြောက်ရေး လုပ်ငန်းကို လူထုလှုပ်ရှားမှုအသွင်နဲ့ ဆောင်ရွက်ခဲ့တဲ့ အတွက် ၁၉၇၁ ခုနှစ်မှာ မိုဟာမက်ရီဇာပါလာဗီဆုကိုလည်း ရရှိခဲ့တယ်။
တော်လှန်ရေးကောင်စီဟာ ရောဂါကာကွယ် တိုက်ဖျက်ရေးလုပ်ငန်းများကို စီမံကိန်းချမှတ် ဆောင်ရွက်ခဲ့တယ်။ ဆေးပညာ နှီးနှောဖလှယ်ပွဲများ ကျင်းပပေးတယ်။ တိုင်းရင်းဆေးပညာ ပြန့်ပွားလာရေးအတွက် ဆောင်ရွက်ပေးတယ်။ ကျေးလက်ကျန်းမာရေး ဌာနတွေကို တိုးချဲ့ဖွင့်လှစ်ပေးခဲ့တယ်။ အားကစားကို တစ်မျိုးသားလုံး လူထုလှုပ်ရှားမှုအသွင်နဲ့ ဆောင်ရွက်ဖို့ မူဝါဒချမှတ် အကောင်အထည် ဖော်ပေးခဲ့တယ်ဆိုတဲ့ တော်လှန်ရေးကောင်စီခေတ်ရဲ့ လူမှုရေးပြုပြင် ပြောင်းလဲမှုတွေကို သိထားဖို့လိုတယ်။
၁၉၇၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ကာလဟာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်ဖြစ်တယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီဟာ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခဲ့တယ်။ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ နိုင်ငံတော်အမည်မှာ ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာ နိုင်ငံတော်ဖြစ်တယ်။ ဒီသင်ခန်းစာမှာ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပြောင်းလဲလာသော အုပ်ချုပ်ရေးစနစ် ၊ ကျင့်သုံးခဲ့သော ဆိုရှယ်လစ် စီးပွားရေးပုံစံနဲ့ မြန်မာ့ဆိုရှယ်လစ် လူ့အဖွဲ့အစည်း၏ ပြောင်းလဲမှုများကို လေ့လာထားဖို့လိုတယ်။
ဒါ့အပြင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့အစိုးရနဲ့ နိုင်ငံတော်အေးချမ်း သာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီအစိုးရများ လက်ထက်အုပ်ချုပ်ရေးစနစ် ပြောင်းလဲလာပုံ၊ ဆိုရှယ်လစ်စီးပွားရေးစနစ်မှ ဈေးကွက်စီးပွားရေး စနစ်သို့ ပြောင်းလဲလာပုံ၊ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် အမျိုးသား ပညာရည်မြင့်မားရေး နှစ် ၃၀ စီမံကိန်းကို ချမှတ်ခဲ့ပုံ၊ ကျောင်းနေအရွယ် ကလေးငယ်တိုင်း ပညာသင်ကြားနိုင်ရေး (Education for All)အတွက် အခြေခံပညာကျောင်းများကို ကျေးရွာများနှင့် နယ်စပ်ဒေသများတွင် တိုးမြှင့်ဖွင့်လှစ်ခဲ့ပုံ စတာတွေကိုလည်း သိထားရမယ်။
ဆက်လက်ပြီး ကမ္ဘာ့သမိုင်းနဲ့ပတ်သက်ပြီး သိကောင်းစရာတွေကို တင်ပြသွားပါမယ်။ ကမ္ဘာ့သမိုင်း သင်ခန်းစာမှာ အခန်း ၄ ခန်း ပါဝင်တယ်။ ဒုတိယကမ္ဘာစစ်ပြီးနောက် ပြောင်းလဲလာတဲ့ ကမ္ဘာ့အနေအထား၊ ကမ္ဘာ့စီးပွားရေး ၊ပြောင်းလဲလာသော နည်းပညာများနဲ့ စီးပွားရေး ပုံသဏ္ဌာန်ကြောင့် ပေါ်ပေါက်လာသော ကမ္ဘာ့ပြဿနာများ၊ တရုတ်နိုင်ငံနှင့် စင်ကာပူနိုင်ငံတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုများဆိုပြီး လေ့လာရမှာဖြစ်တယ်။
ပထမဦးစွာ ဒုတိယကမ္ဘာစစ်ပြီးကာလ ပြောင်းလဲလာသော ကမ္ဘာ့အနေအထား သင်ခန်းစာကို တင်ပြသွားပါမယ်။ ကမ္ဘာ့အနေအထား သင်ခန်းစာမှာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့နဲ့ ဒေသဆိုင်ရာ အဖွဲ့အစည်းများဆိုပြီး ပါရှိတယ်။ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အကြောင်းကို လေ့လာတဲ့အခါမှာ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးဖွဲ့စည်းပုံနဲ့ လုပ်ငန်းတာဝန်များ၊ လုပ်ငန်းဆိုင်ရာ အမျိုးအစားအလိုက် အေဂျင်စီများ၊ ကုလသမဂ္ဂရဲ့ အဓိက လုပ်ငန်းကြီး ၅ ရပ်နဲ့ ယင်းတို့ရဲ့ ဆောင်ရွက်ချက်များကို ကဏ္ဍအလိုက် လေ့လာသင့်တယ်။
ဒေသဆိုင်ရာအဖွဲ့အစည်းများ အကြောင်းကို လေ့လာတဲ့အခါမှာ နေတိုး၊ အီးယူ၊ အာဆီယံ၊ အေပက်၊ ဘင်းမ်စတက်နဲ့ ဂျီအမ်အက်စ် စတဲ့ ဒေသဆိုင်ရာ အဖွဲ့အစည်းများ ပေါ်ပေါက်လာပုံနဲ့ အဲဒီအဖွဲ့အစည်းများရဲ့ ဆောင်ရွက်ချက်တွေကိုသိဖို့ သေသေချာချာ ပိုင်းခြား လေ့လာထားသင့်တယ်။
ကမ္ဘာ့နိုင်ငံရေးနှင့် ကမ္ဘာ့စီးပွားရေးဟာ အပြန်အလှန်ဆက်စပ် အကျိုးပြုနေတယ်။ ဒုတိယကမ္ဘာစစ်ပြီးနောက် နိုင်ငံတကာ အဖွဲ့အစည်းများနဲ့အတူ ကမ္ဘာ့စီးပွားရေး အဖွဲ့အစည်းများလည်း ပေါ်ပေါက်လာတယ်။ ဒုတိယကမ္ဘာစစ်အပြီး ပေါ်ပေါက်လာတဲ့ ကမ္ဘာ့စီးပွားရေး အဖွဲ့အစည်းများထဲက ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးမှုညီလာခံ(အန်းတက်)၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ ဘရစ်စ်နဲ့ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့တွေဟာ အရေးပါတဲ့အတွက် ကဏ္ဍအလိုက် ပိုင်းခြား လေ့လာသင့်တယ်။
ဒုတိယကမ္ဘာစစ်ပြီးနောက် တိုးတက်လာသောနည်းပညာများ၊ နည်းပညာကို အခြေပြု၍ ပြောင်းလဲလာသော ရင်းနှီးမြှုပ်နှံမှုပုံစံများ၊ ကုန်ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်ပြောင်းလဲလာပုံ၊ နိုင်ငံတကာ ကုန်သွယ်ရေးရဲ့ အရေးပါပုံ စတဲ့ အကြောင်းတွေကိုလည်း သိထားရမယ်။
တိုးတက်လာသောနည်းပညာဟာ လူသားတို့အပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိတယ်ဆိုတာကို သိနားလည်ရမယ်။ ကမ္ဘာ့ရာသီဥတုဟာ ၁၉ ရာစုနှောင်းပိုင်း စက်မှုတော်လှန်ရေး ပေါ်ပေါက်လာပြီးနောက် သိသာစွာ ပြောင်းလဲမှုများ ဖြစ်ပေါ်လာတယ်။ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုဟာ သဘာဝအလျောက်သော် လည်းကောင်း၊ လူသားတို့ပြုမူဆောင်ရွက်ချက်ကြောင့်သော် လည်းကောင်း ဖြစ်ပေါ်တယ်။ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုဟာ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုများနှင့် ရင်ဆိုင်လာရပြီး ကမ္ဘာ့လူသားများရဲ့ ကျန်းမာရေးအပေါ် စိန်ခေါ်မှုများဖြစ်စေတယ်။ ဒါကြောင့်ရာသီဥတု ဖောက်ပြန်မှုထိန်းချုပ်ရေး ဆောင်ရွက်ချက်များ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက်ချက်များ၊ ရာသီဥတုဆိုင်ရာ ပြဿနာများကြောင့် လူသားတို့၏ ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများကို သိရှိထားဖို့လိုတယ်။
ကမ္ဘာ့သမိုင်းကိုလေ့လာရာမှာ စီးပွားရေးဖွံ့ဖြိုး တိုးတက်လာသော ကမ္ဘာ့နိုင်ငံများအနက် တရုတ်နိုင်ငံနှင့် စင်ကာပူနိုင်ငံတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်ဆိုင်ရသည့် စိန်ခေါ်မှုတွေဟာလည်း အရေးပါတဲ့အတွက် တစ်နိုင်ငံချင်း လေ့လာသင့်တယ်။ တရုတ်နိုင်ငံအကြောင်းကို လေ့လာတဲ့အခါ တရုတ်နိုင်ငံ ထူထောင်ခြင်း၊ ခေတ်အဆက်ဆက် နိုင်ငံခေါင်းဆောင်များက ချမှတ်ဆောင်ရွက်ခဲ့သော မူဝါဒများနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များ၊ တိန့်ရှောင်ဖိန်၏ ပြုပြင်ပြောင်းလဲမှုများ၊ ပြည်တွင်းပြည်ပ စိန်ခေါ်မှုများကို လေ့လာသိရှိဖို့ လိုအပ်တယ်။ ပြည်တွင်းပြည်ပစိန်ခေါ်မှုများကို လေ့လာတဲ့အခါ တရုတ်နိုင်ငံ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့သို့ ဝင်ရောက်ခြင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ လူဦးရေဆိုင်ရာ စိန်ခေါ်မှုများအပြင် တရုတ်နိုင်ငံက အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ရပ်ဝန်းနှင့် လမ်းအစီအစဉ် ဘီအာအိုင် (BRI-Belt and Road Initiative )ကို လည်း သိဖို့လိုအပ်တယ်။ ခေတ်သစ်ကမ္ဘာ့သမိုင်းကို လေ့လာတဲ့အခါ အရေးပါတဲ့အတွက် ကဏ္ဍအလိုက် ပိုင်းခြား လေ့လာသင့်တယ်။
စင်ကာပူနိုင်ငံအကြောင်းကိုလေ့လာတဲ့အခါ စင်ကာပူနိုင်ငံ ထူထောင်ခြင်း၊ စင်ကာပူနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုး တိုးတက်မှုများကို ဖော်ဆောင်ရာတွင် အဓိကဦးဆောင်ခဲ့သော ပီအေပီပါတီနဲ့ နိုင်ငံခေါင်းဆောင်များရဲ့ အခန်းကဏ္ဍ၊ နည်းပညာ ဖွံ့ဖြိုးတိုးတက်လာခြင်းဟာ စင်ကာပူနိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုရေးတို့အပေါ် စိန်ခေါ်မှုများ ဖြစ်ပေါ်စေကြောင်းကိုလည်း သိထားဖို့လိုအပ်တယ်။
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ် မေးခွန်းဟာ ကျောင်းသား၊ ကျောင်းသူများရဲ့ သင်ကြားသင်ယူမှု အခြေအနေ၊ သမိုင်းဘာသာရပ်ရဲ့ သဘောသဘာဝနဲ့ ဘာသာရပ် လိုအပ်ချက်များအပေါ် မူတည်ပြီး ယခင်နှစ်မေးခွန်းပုံစံကို အပိုင်းအချို့မှာ မွမ်းမံပြင်ဆင်ထားတဲ့အတွက် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ် မေးခွန်းပုံစံနဲ့ အနည်းငယ် ကွဲလွဲမှုရှိပါတယ်။ ကျောင်းသူ၊ ကျောင်းသားအများစုရဲ့ အလွတ်ကျက်မှတ်တဲ့ အလေ့အထ၊ ဘောင်ခတ်ထားတဲ့ အခြေအနေကနေ ခွဲထွက်ပြီး သင်ယူမှုဆိုင်ရာ ကျွမ်းကျင်မှုများဖြစ်တဲ့ လေးနက်စွာ စဉ်းစားတွေးခေါ်ခြင်း၊ ကြောင်းကျိုးဆက်စပ် စဉ်းစားခြင်း၊ ပြဿနာဖြေရှင်းခြင်း၊ ဆက်သွယ်ပြောဆို တတ်လာခြင်း၊ စုပေါင်း လုပ်ဆောင်တတ်လာခြင်းစတဲ့ ၂၁ရာစု ကျွမ်းကျင်မှုများ အပေါ် အခြေခံထားတဲ့ မေးခွန်းပုံစံသစ်ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ်ရဲ့ မေးခွန်းမှာ အပိုင်း (က)၊ အပိုင်း (ခ)၊ အပိုင်း (ဂ) ဟူ၍ အပိုင်းသုံးပိုင်း ပါဝင်မှာဖြစ်တယ်။ မေးခွန်းအပိုင်း သုံးပိုင်းလုံးကို ဖြေဆိုရမှာဖြစ်တယ်။ မေးခွန်းရဲ့ အပိုင်းတစ်ပိုင်းစီတိုင်းဟာ သင်ရိုးတစ်ခုလုံး လွှမ်းခြုံအောင် မေးထားတဲ့ မေးခွန်းများ ဖြစ်တယ်။ မေးခွန်းလွှာဟာ စာမျက်နှာ စုစုပေါင်း ၄ မျက်နှာ ပါရှိမှာဖြစ်တယ်။
မေးခွန်း အပိုင်း (က) ကတော့ ဓမ္မဓိဋ္ဌာန်မေးခွန်းဖြစ်ပြီး နံပါတ် ၁(က) နဲ့ ၁(ခ) ဆိုပြီး ပါရှိမှာဖြစ်တယ်။ ဘာသာရပ်ကျေညက်မှုနဲ့ စဉ်းစားတွေးခေါ်မှုကို အားပေးပြီး ဖြတ်ထိုးဉာဏ်ကို ဆန်းစစ်တဲ့ မေးခွန်းများဖြစ်တယ်။ မေးခွန်းအပိုင်း (က) ဟာ မေးခွန်းလွှာရဲ့ စာမျက်နှာ (၁) (၂) (၃) တို့မှာပါရှိမှာ ဖြစ်တယ်။ မေးခွန်းအပိုင်း (ခ)ကတော့ မှတ်စုတိုမေးခွန်းဖြစ်တယ်။ သင်ရိုးပါ သင်ခန်းစာတွေထဲက အဓိကမှတ်သားသင့်တဲ့ အချက်တွေကို နားလည်သိရှိမှု ရှိ၊ မရှိ စစ်ဆေးတဲ့ မေးခွန်းဖြစ်တယ်။ သင်ခန်းစာရဲ့ အကြောင်းအရာတစ်ခုစီကို ကောင်းစွာနားလည်ပြီး အဓိကအချက်တွေကို ထုတ်နုတ်တတ်စေဖို့ ရည်ရွယ်တဲ့ မေးခွန်းများဖြစ်တယ်။ မေးခွန်းအပိုင်း (ခ)နဲ့ အပိုင်း (ဂ) တို့ကတော့ မေးခွန်းလွှာရဲ့ စာမျက်နှာ(၄)မှာ ပါရှိမှာဖြစ်တယ်။ အပိုင်း (ဂ)ဟာ မေးခွန်းရှည် ဖြစ်တယ်။ သမိုင်းအကြောင်းအရာများကို ကြောင်းကျိုးဆက်စပ် တွေးခေါ်တတ်စေဖို့၊ ကျောင်းသား၊ ကျောင်းသူများရဲ့ ကိုယ်ပိုင်အမြင်ကို တင်ပြဖော်ထုတ်ပြီး ဖြေရတဲ့မေးခွန်းများဖြစ်တယ်။
မေးခွန်း အပိုင်း(က)ရဲ့ နံပါတ် ၁ (က) မေးခွန်းကတော့ အောက်ပါ ကွက်လပ်များ၌ ဖြည့်စွက်ရမည့် အဖြေများကို အဖြေစာအုပ်တွင်ရေးပါ။ ဟူ၍ ဖြစ်တယ်။ ပုဒ်ခွဲ နံပါတ် (၁) မှ (၁၅) အထိ စုစုပေါင်း (၁၅) ပုဒ် ပါဝင်တယ်။ မြန်မာ့သမိုင်းက (၈) ပုဒ်၊ ကမ္ဘာ့သမိုင်းက (၇) ပုဒ် ပါရှိမှာဖြစ်တယ်။ တစ်ပုဒ်ရဲ့ ရမှတ်ဟာ (၁) မှတ်ဖြစ်ပြီး စုစုပေါင်းရမှတ်ကတော့ (၁၅) မှတ်ဖြစ်တယ်။
မေးခွန်း အပိုင်း (က)ရဲ့ နံပါတ် ၁(ခ) မှာ အောက်ဖော်ပြပါ မေးခွန်းတစ်ခုစီအတွက် ပေးထားသောအဖြေ (က)၊ (ခ)၊ (ဂ)တို့အနက်မှ အဖြေမှန်တစ်ခုကို အဖြေစာအုပ်တွင် ရေးပါ။ ဟူ၍ ဖြစ်တယ်။ ပုဒ်ခွဲ (၁) မှ (၁၅) ထိပါဝင်ပြီး မြန်မာ့သမိုင်းက (၇) ပုဒ်၊ ကမ္ဘာ့သမိုင်းက (၈) ပုဒ်၊ စုစုပေါင်း (၁၅) ပုဒ် ပါရှိမှာဖြစ်တယ်။ တစ်ပုဒ်ရဲ့ရမှတ်ဟာ (၁) မှတ်ဖြစ်ပြီး စုစုပေါင်းရမှတ်ကတော့ (၁၅) မှတ်ဖြစ်တယ်။
မေးခွန်း အပိုင်း (ခ) ကတော့ အောက်ပါတို့အနက်မှ ခြောက်ပုဒ်ကို မှတ်စုတိုရေးပါ။ ဖြစ်တယ်။ မေးခွန်း နံပါတ် (က)မှ (ဇ) အထိရှိပြီး မြန်မာ့သမိုင်း (၄) ပုဒ်နဲ့ ကမ္ဘာ့သမိုင်း(၄) ပုဒ်တို့ ပါဝင်တယ်။ အဲဒီ (၈) ပုဒ်ထဲက နှစ်သက်ရာ (၆) ပုဒ်ကို ဖြေဆိုရမှာဖြစ်တယ်။ တစ်ပုဒ်ရမှတ်ဟာ
(၅) မှတ်ဖြစ်ပြီး စုစုပေါင်းရမှတ်ကတော့ (၃၀) မှတ်ဖြစ်တယ်။
မေးခွန်း အပိုင်း (ဂ) ကတော့ အောက်ပါမေးခွန်းတို့ကိုဖြေဆိုပါ။ ဖြစ်တယ်။ အပိုင်း (ဂ)ရဲ့နံပါတ် (၁) မေးခွန်းဟာ မြန်မာ့သမိုင်း မေးခွန်းဖြစ်ပြီး မေးခွန်း ၂ ပုဒ် အနက် ကြိုက်နှစ်သက်ရာ တစ်ပုဒ်ကို ဖြေဆိုရမှာ ဖြစ်တယ်။ အဲဒီမေးခွန်းအတွက် ရမှတ်မှာ (၂၀) မှတ်ဖြစ်တယ်။ အပိုင်း (ဂ) ရဲ့ နံပါတ် (၂) မေးခွန်းကတော့ ကမ္ဘာ့သမိုင်း မေးခွန်းဖြစ်ပြီး မေးခွန်း ၂ ပုဒ်အနက် ကြိုက်နှစ်သက်ရာ တစ်ပုဒ်ကို ဖြေဆိုရမှာဖြစ်တယ်။ မေးခွန်းအတွက် ရမှတ်မှာ (၂၀) မှတ်ဖြစ်တယ်။ ဒါကြောင့် အပိုင်း (ဂ) ရဲ့ စုစုပေါင်းရမှတ်မှာ (၄၀) မှတ် ဖြစ်တယ်။
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ သမိုင်းဘာသာရပ် မေးခွန်းလွှာဟာ သမားရိုးကျ အလွတ်ကျက်မှတ်ဖြေဆိုတဲ့စနစ်ကနေ ကျောင်းသား၊ ကျောင်းသူများရဲ့ တွေးခေါ်ဆင်ခြင်မှုကို အားပေးတဲ့ ဓမ္မဓိဋ္ဌာန်မေးခွန်းများ၊ သင်ခန်းစာတစ်ခုစီမှ အဓိကမှတ်သားသင့်တဲ့ အချက်များကို နားလည်သိရှိမှု ရှိ၊ မရှိ စစ်ဆေးတဲ့ မှတ်စုတို မေးခွန်းများပါဝင်တယ်။ ဒါပြင် သမိုင်းအကြောင်းအရာတစ်ခုစီရဲ့ အခြေခံအကြောင်းရင်းများနဲ့ အကျိုးသက်ရောက်မှုများဟာ ဘယ်လိုဆက်စပ်နေ တယ်ဆိုတာ လေ့လာ ဆန်းစစ်ပြီး ဝေဖန်သုံးသပ်ရတဲ့ မေးခွန်းရှည်များလည်း ပါဝင်တယ်။
မေးခွန်းတစ်ခုလုံးဟာ ပြဋ္ဌာန်းစာအုပ်ကို လွှမ်းခြုံပြီးဖြေနိုင်ဖို့ ဦးတည်ထားတဲ့ မေးခွန်းများဖြစ်တယ်။ ဒါကြောင့် ကျောင်းသား၊ ကျောင်းသူတွေဟာ သမိုင်းအကြောင်းအရာများ အကဲဖြတ်တတ်ခြင်း၊ လေ့လာသုံးသပ်တတ်ခြင်း၊ ကောက်ချက်ချတတ်ခြင်း၊ ရှင်းပြတတ်ခြင်း၊ ဆန်းစစ်ဝေဖန် တတ်ခြင်း၊ သင်ခန်းစာယူတတ်ခြင်းစတဲ့ သမိုင်းအမြင်ရင့်သန်လာစေဖို့ အထောက်အကူပြုတဲ့ မေးခွန်းပုံစံဖြစ်တယ်။
ကျောင်းသား၊ ကျောင်းသူများအနေနဲ့ သမိုင်းဘာသာရပ်ကို လေ့လာရာမှာ ပြဋ္ဌာန်းစာအုပ်ရဲ့ တစ်စိတ်တစ်ပိုင်းကိုသာ ရွေးချယ်လေ့လာကျက်မှတ်ခြင်းမျိုး မလုပ်ဘဲ၊ ပြဋ္ဌာန်းစာအုပ်ပါ သင်ခန်းစာအားလုံးကို အကြောင်းအရာ အချက်အလက်များနဲ့ သမိုင်းစဉ် ဆက်စပ်မှုကို အထူးသတိထားပြီး သေချာလေ့လာရပါမယ်။ မေးခွန်းကို သေသေချာချာဖတ်ပြီး မေးခွန်းနဲ့သက်ဆိုင်ရာကိုသာ ရေးဖြေဖို့လိုပါတယ်။ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ် မေးခွန်းလွှာကို ကျောင်းသား၊ ကျောင်းသူများ အခက်အခဲမရှိဘဲ ဖြေဆိုနိုင်လိမ့်မည်ဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။
ဒေါက်တာသင်းသင်းအေး၊ ပါမောက္ခ(ဌာနမှူး)၊ သမိုင်းဌာန၊ ရန်ကုန်တက္ကသိုလ်