နေပြည်တော် သြဂုတ် ၁၁
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်အကောင်အထည်ဖော်မှု ဆိုင်ရာညှိနှိုင်းအစည်းအဝေး (JICM) အကြို ညှိနှိုင်းအစည်းအဝေး ဒုတိယနေ့ကို ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ၌ ဆက်လက်ကျင်းပသည်။
အစည်းအဝေးသို့ အစိုးရကိုယ်စားလှယ် များအဖြစ် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ငြိမ်းချမ်းရေး ကော်မရှင် အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပြုံးချို (ခ)ဦးဌေးဝင်းအောင်၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေနှင့် ဦးမိုးဇော်ဦး၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး တို့တက်ရောက်ကြပြီး NCA-S EAO ကိုယ်စားလှယ် များအဖြစ် ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် စဝ်စိုင်းငင်း (RCSS/SSA)၊ ညှိနှိုင်းရေးမှူး ဦးမျိုးဝင်း (ABSDF)၊ ညှိနှိုင်းရေး အဖွဲ့ဝင်များ ဖြစ်ကြသည့် ပဒို စောတာဒိုမူး (KNU) ၊ ဦးလှဌေး (ABSDF)၊ စောမြရာဇာလင်း (ALP)၊ ဒေါက်တာ လျန်မှုန်း ဆာခေါင်း (CNF)၊ ဆလိုင်း ထလာဟေး (CNF)၊ စောစိန်ဝင်း (DKBA)၊ ပဒိုစောအယ်ကလူစေး (KNU)၊ စောကျော်ညွန့် (KNLA-PC)၊ ကြာဆော်လမွန် (LDU)၊ နိုင်အောင်မငေး (NMSP)၊ ခွန်မြင့်ထွန်း (PNU)နှင့် ဒေါက်တာစိုင်းဦး (RCSS/SSA) တို့ တက်ရောက်ကြသည်။
ယနေ့ အစည်းအဝေးတွင် (၉)ကြိမ်မြောက် (JICM) အစည်းအဝေးသို့ တင်ပြမည့် နှစ်ဖက် အဆိုပြုချက်များ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ စတုတ္ထအစည်း အဝေးဆိုင်ရာ ကိစ္စရပ်များနှင့် အထွေထွေ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာညှိနှိုင်း အစည်း အဝေး (JICM) အကြို ညှိနှိုင်း အစည်းအဝေး တတိယနေ့ကို သြဂုတ်၁၂ရက်တွင် ဆက်လက် ကျင်းပသွားမည် ဖြစ် ကြောင်း သိရသည်။