ကလေးနို့ဖြတ်ချိန်တွေ့ကြုံရနိုင်သည့် အရာများနှင့် ဖြေရှင်းနည်းများ
မိခင်တစ်ယောက်အတွက် ကလေးငယ်ကို ပြုစုပျိုးထောင်တဲ့ ကာလထဲမှာ အခက်ခဲဆုံးအချိန်တွေကတော့ ကလေးငယ်ကို နို့စတိုက်ချိန်နဲ့ နို့ဖြတ်တဲ့အချိန်တွေပဲဖြစ်ပါတယ်။ ကလေးငယ်က မိခင်နို့ကို စစို့ဖို့ခက်ခဲ နေတဲ့အချိန်မှာ ကျင့်သားရစေဖို့နဲ့ ကလေးဆီကို အာဟာရတွေ ပါသွားအောင် အတော့်ကို ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ ဒီလိုပဲ မိခင်တစ်ယောက်ရဲ့ နေထိုင်တဲ့ပုံစံနဲ့ အလုပ်အကိုင်အခြေအနေတွေကြောင့် ကလေးကို အချိန်ကြာကြာ နို့ချိုတိုက်ကျွေးဖို့ အခက်အခဲရှိနေတတ်ပါ တယ်။ အဲဒီလိုအချိန်မျိုးမှာ ကလေးကို နို့ဖြတ်တာက ကြီးမားတဲ့စိန်ခေါ်မှုကြီးပါပဲ။
နို့တိုက်ချိန်မှာ တွေ့ကြုံရတတ်တဲ့ ဟော်မုန်းအပြောင်းအလဲတွေကြောင့် မိခင်နဲ့ကလေးကြားမှာ ကြည်နူးနှစ်သက်ဖွယ် နှောင်ကြိုးတို့ မြဲမြံနေတတ်ပါတယ်။ ကလေးက မိခင်ရဲ့ အရိပ်အခြည်ကို နားလည်စပြုသလို မိခင်ကလည်း ကလေးရဲ့ ဘာသာစကားကို ရင်းနှီးနေပါပြီ။ အဲဒီလိုအချိန်မျိုး မှာ မိခင်နို့ကို မဖြစ်မနေဖြတ်ဖို့ လိုအပ်နေတယ်ဆိုတာတောင်မှ နို့ဖြတ်ဖို့ အတော်ခက်ခဲပါတယ်။ တချို့ နို့တိုက်ရခက်တဲ့ ကလေးတွေတောင်မှ ရုတ်တရက်ကြီး နို့ဖြတ်လိုက်ဖို့ ခက်ခဲတတ်သလို ကလေးတွေ နို့မစို့တော့ တဲ့အချိန်မှာ မိခင်တွေအနေနဲ့ ဝမ်းနည်းပက်လက်နဲ့ စိတ်မကောင်းဖြစ် ကြရပါတယ်။
နို့စဖြတ်တဲ့အချိန်မှာ နို့ဘူးတိုက်တာပဲဖြစ်ဖြစ်၊ ဖြည့်စွက်စာတွေ ကျွေးတာပဲဖြစ်ဖြစ် ဘယ်အရာကိုမဆို ကလေးငယ်က အလိုမကျဖြစ်ပြီး ငြင်းပယ်တတ်ပါတယ်။ နို့စို့ရင်းအိပ်တဲ့ကလေးတွေဆိုရင် ပိုပြီးသိသာပါတယ်။ ကလေးအများစုက မိခင်နို့ကိုစို့ရင်း သက်သောင့်သက်သာပဲ အိပ်ပျော်သွားတတ်ကြပါတယ်။ အဲဒီလိုအခြေအနေမှာ ရုတ်တရက် နို့ဖြတ်လိုက်တဲ့အခါ ကလေးတွေဟာ အိပ်ရာဝင်တာကအစ အဆင်မပြေဖြစ်လာပြီး စိတ်အလိုမကျတာ၊ အိပ်မပျော်တာမျိုးတွေပါ ဆက်ဖြစ်လာပါတယ်။ အသက်နှစ်နှစ်၊ သုံးနှစ်လောက်ရောက်တဲ့အထိ ကလေးတွေကို နို့ဖြတ်မယ်ဆိုရင် ဒေါသတကြီးနဲ့ တုံ့ပြန်လာနိုင်တာတွေကိုပါ မျှော်လင့်ထားရပါမယ်။
ကလေးတွေအနေနဲ့ နို့ဘူးကိုစမ်းသောက်တဲ့အခါ မိခင်နို့နဲ့ ကွာခြားမှုရှိတာကြောင့် အခက်အခဲတွေ ရှိနေတတ်ပါတယ်။ ဒီလိုကလေးကို အဆင်ပြေစေချင်ရင် တစ်ကျိုက်စာခွက်ငယ်တွေ အသုံးပြုနိုင်ပါတယ်။
ဒါက ပိုပြီးလွယ်ကူတဲ့ အပြောင်းအလဲတစ်ခုပါပဲ။ ဒီလိုခွက်ငယ်လေးတွေကို ကလေးတွေက ပိုပြီးသဘောကျ ကြပါတယ်။ နို့ဘူးကို မကိုင်ချင်တဲ့ ကလေးတွေတောင်မှ ဒီလိုတစ်ကျိုက်စာခွက်လေးတွေကို သဘောကျတတ်ပါတယ်။ ကလေးက အစာမာတွေကို စစားနေတဲ့အရွယ်ဆိုရင်တော့ နို့ဘူးတောင် တိုက်စရာမလိုတော့ပါဘူး။
နို့ဖြတ်လိုက်တဲ့အချိန် ကလေးတွေဆီမှာ ပြောင်းလဲမှုတွေ ဖြစ်လာနိုင်ပါတယ်။ မိခင်နို့သောက်စဉ်မှာ ရက်ဆက်ဝမ်းသွားတာ နည်းသွားပြီး ဝမ်းကလည်း မာလာပါတယ်။ အသက်နည်းနည်းကြီးတဲ့ ကလေးတွေမှာတော့ ဝမ်းဗိုက်ကြွက်တက်တာ၊ လေလည်တာမျိုးတွေ ဖြစ်ပေါ်စေပါတယ်။ အဲဒီအတွက် အကောင်းဆုံးကတော့ ကလေးတွေ အသက်တစ်နှစ်ပြည့်သွားပြီဆိုရင် သူတို့အတွက် နို့မှုန့်ရွေးချယ်ရာမှာ နို့မဟုတ်တဲ့ တခြားဖော်မြူလာတွေကို ရွေးချယ်သင့်တယ်။ အသက်တစ်နှစ်ပြည့်ပြီးတဲ့အချိန်မှာလည်း အစာခြေတဲ့အင်္ဂါအဖွဲ့အစည်းတွေက ကောင်းကောင်းဖွံ့ဖြိုးတိုးတက်နေပြီဖြစ်တယ်။ အသက်တစ်နှစ်မပြည့်ခင် ကလေးတွေကို နို့ဖြတ်လိုက်မယ်ဆိုရင် ကလေးတွေရဲ့ ဇီဇာကြောင်မှုတွေ၊ အလိုမကျမှုတွေ၊ မျက်ရည်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။
အနည်းဆုံး ကလေးအသက်တစ်နှစ်ပြည့်တဲ့အထိ မိခင်နို့တိုက်သင့်ပါတယ်။ ကလေးကို နို့တိုက်တဲ့ကာလ ကြာရှည်လာတာနဲ့အမျှ မိခင်နဲ့ကလေးသံယောဇဉ်က ပိုပြီးတော့ခိုင်မြဲလာပါတယ်။ ကလေးကို နို့ချိုတိုက်ကျွေးတာ နှစ်နှစ်လောက်သာကြာမယ်ဆိုရင် ကလေးရဲ့ဦးနှောက်က ပိုပြီးတော့ ဖွံ့ဖြိုးနိုင်ပါတယ်။ လမ်းလျှောက်တာ၊ စကားပြောတာတွေမှာ တခြားကလေးတွေထက် ပိုပြီးတိုးတက်လွယ်ပါတယ်။ ကလေးကို နို့တိုက်တာက မိခင်ရော ကလေးအတွက်ပါ ကျန်းမာရေးကောင်းမွန်စေပါတယ်။
ဒီလိုအနေအထားကနေ ကလေးကို နို့ဖြတ်မယ်ဆိုရင် အပြောင်းအလဲကြီးတစ်ခုပါပဲ။ ကလေးကို နို့ချိုတိုက်ကျွေးတာက ကောင်းမွန်ပြည့်စုံနေပါလျက်နဲ့ ဘာလို့နို့ဖြတ်ရမလဲဆိုတဲ့အတွေးကို မိခင်တချို့က တွေးမိတတ်ကြပါတယ်။ ကြီးထွားဖွံ့ဖြိုးလာတော့မယ့် ကလေးရဲ့ခန္ဓာကိုယ်အတွက် နို့ရည်အပြင် တခြားအစားအသောက်တွေပါ လိုအပ်လာပါတယ်။ တကယ်တော့ ကလေးကို နို့ဖြတ်တယ်ဆိုတာက နို့ရည်လုံးဝမတိုက်တော့တာမျိုးမဟုတ်ဘဲ အစာမာတွေနဲ့တွဲပြီး စသောက်စေတာမျိုးပဲ ဖြစ်ပါတယ်။
ကလေးအသက်ခြောက်လမှာ ဖြည့်စွက်စာကျွေးတတ်တယ်။ ကလေးကို မိခင်နို့တိုက်တာဖြစ်ဖြစ်၊ နို့မှုန့်တိုက်တာပဲဖြစ်ဖြစ် အသက်ခြောက်လကျော်ပြီဆိုရင် အစားအသောက်တွေ နည်းနည်းချင်းစီ စမ်းပြီးကျွေးသင့်ပါတယ်။
ကလေးငယ်ကို အစားအသောက်တွေစကျွေးချိန် သတိထားဖို့လိုတယ်။ ကလေးငယ်တွေကို အစားအသောက် တွေ စကျွေးတဲ့အခါ မိခင်တွေအနေနဲ့ စဉ်းစားရမယ့်အချက်အလက်တွေ အများကြီးရှိတယ်။
ကလေးတွေက ဘယ်လိုအစားအသောက်တွေကြောင့် ဓာတ်မတည့်မှုဖြစ်လာရသလဲ၊ ဘယ်လို အစားအသောက်တွေကို ရှောင်သင့်သလဲ၊ ဘာကိုအဓိကထားပြီး ရွေးချယ်သင့်သလဲဆိုတာကို သတိထားရပါတယ်။ မိခင်နို့ဖြတ်ပြီးလို့ အစားအသောက်တွေစကျွေးတဲ့အချိန်မှာ ဓာတ်မတည့်တဲ့ လက္ခဏာတွေပေါ်လာရင် ဆရာဝန်နဲ့ပြသဖို့ လိုအပ်ပါတယ်။
နို့တိုက်ရာကနေ ဖြတ်လိုက်ပြီး အစာမာတွေ စကျွေးချိန်မှာ တဖြည်းဖြည်းချင်းကျွေးဖို့ အရေးကြီးပါတယ်။ ဘယ်လိုအစားအသောက်နဲ့ တည့်တယ်၊ မတည့်ဘူးဆိုတာတွေကို သိဖို့အတွက် တစ်ကြိမ်မှာ တစ်မျိုးပဲ ကျွေးသင့်ပါတယ်။ တစ်ရက်မှာ သုံးမျိုးလောက်ကျွေးရင် မတည့်တဲ့ လက္ခဏာတွေပေါ်လာတဲ့အခါ ဘယ်အစားအသောက်ကြောင့်ဖြစ်တာလဲ၊ ဘာကိုရှောင်သင့်လဲဆိုတာကို မခွဲခြားနိုင်ဖြစ်တတ်ပါတယ်။
ကိုယ့်ကလေးရဲ့ အသက်အရွယ်နဲ့ လက်ရှိကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး ဘယ်လောက် အတိုင်းအတာအထိ ကျွေးမယ်၊ ဘယ်လောက်ကြာကြာ ကျွေးမယ်ဆိုတာတွေကို ထည့်သွင်းစဉ်းစားသင့်သလို ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရမျှတတဲ့ အစားအသောက်တွေဖြစ်နေဖို့လည်း အရေးကြီးပါတယ်။ အစားအစာတစ်မျိုးကို စကျွေးတဲ့အချိန်မှာ ကလေးကငြင်းဆိုတိုင်း ဒါကို ကလေးမကြိုက်ဘူးလို့ သတ်မှတ်လို့ မရပါဘူး။ အစားအစာရဲ့အရသာကို ကလေးက ချက်ချင်းမသိနိုင်တာကြောင့် သုံးလေးရက်လောက် စိတ်ရှည်ရှည်ကျွေးပေးဖို့လိုပါတယ်။
ကလေးတွေကို နို့ဖြတ်ပြီး အစားအသောက်တွေစကျွေးတဲ့အချိန်မှာ သတိအထားသင့်ဆုံးက ဓာတ်မတည့်မှုပါပဲ။ ဒါကြောင့် ကလေးတွေကို ဘယ်လိုအစားအသောက်မျိုးကျွေးလိုက်တယ်ဆိုတာကို စာရင်းပြုစုထားဖို့ လိုအပ်ပြီး တစ်ခါပြဿနာကြုံဖူးရင် သတိကြီးကြီးထားပြီးတော့ ရှောင်သင့်ပါတယ်။ ကလေးဓာတ်မတည့်မှုဖြစ်စေတဲ့ အစားအသောက်တွေထဲမှာ နို့နဲ့နို့ထွက်အစားအစာတွေ ပါဝင်သလို ဥအမျိုးမျိုး၊ အခွံမာသီး၊ မြေပဲ၊ ငါး၊ ပင်လယ်စာ၊ ပဲပိစပ်တွေ ပါဝင်ပါတယ်။ အဲဒါတွေကို သတိထားပြီး ကျွေးသင့်ပါတယ်။ တချို့ကလေးတွေကတော့ ဂျုံနဲ့လုပ်တဲ့ အစားအသောက်တွေကို စားပြီးတဲ့အချိန်မှာ ဝမ်းပျက်ဝမ်းလျှောတာတွေ ဖြစ်တတ်ပါတယ်။ ပုံမှန်ဆိုရင် အစားအသောက်တွေနဲ့ ဓာတ်မတည့်မှုဖြစ်တဲ့အချိန်မှာ အင်ပျဉ်ထတာ၊ အနီစက်တွေပေါ်ပြီး ယားယံတာ၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာတွေရောင်တာ၊ အန်ပြီး ဝမ်းလျှောတာ၊ ချောင်းဆိုးတာ၊ ချွဲရောသံပါအောင် အသက်ရှူရခက်တာမျိုးတွေကြုံရသလို အာရုံစိုက်ဖို့ခက်စေတယ်။
ဓာတ်မတည့်မှုကို ကြိုတင်ကာကွယ်လို့ ရပါတယ်။ ပုံမှန်အခြေအနေမှာ အသက် ကိုးလ၊ ၁၀ လလောက်ရတဲ့အထိ အထက်မှာ ဖော်ပြထားတဲ့ အစားအစာတွေကို စိတ်ချလက်ချမကျွေးသင့်သေးပါဘူး။ မြေပဲ၊ ပင်လယ်စာတွေနဲ့ ဓာတ်မတည့်မှုဖြစ်ဖူးတဲ့ကလေးတွေကိုတော့ အသက်သုံးနှစ်လောက်ရောက်တဲ့အထိ အဲဒီအစားအသောက်တွေကျွေးတာကို ရှောင်သင့်ပါတယ်။ အသက်တစ်နှစ်အောက်ကလေးတွေကို နွားနို့တိုက်ရင် အဲဒီမှာပါတဲ့ပရိုတင်းက ကလေးတွေရဲ့အစာအိမ်ကို လှုံ့ဆော်လို့ မသက်မသာ ခံစားရတတ်ပါတယ်။ ဒီအရွယ်ကလေးတွေမှာ ပျားရည်ပါတာ ကျွေးမိရင် ပြင်းထန်တဲ့ အစာအဆိပ်တောက်တာ ဖြစ်တတ်တာကြောင့် အထူးသတိထားရပါမယ်။ ကလေးတွေက မိခင်နို့ရည်ကိုသာ လက်ခံပြီး အခြေအနေသစ်၊ အစားအသောက်သစ်တစ်ခုနဲ့တွေ့ကြုံရတဲ့အခါမှာ ဒါကို ရုပ်ပိုင်းဆိုင်ရာအရရော စိတ်ပိုင်းဆိုင်ရာအရပါ လက်ခံဖို့ ခက်ခဲနေတတ်ပါတယ်။
ဒါကြောင့် ကလေးတွေကို နို့ဖြတ်တော့မယ်ဆိုရင် မကြာခဏပွေ့ဖက်ထားပြီး အရင်အတိုင်းချစ်မြဲ၊ ဂရုစိုက်မြဲဆိုတာကို ပြသဖို့ ကလေးတွေနဲ့ မျက်လုံးချင်းဆုံအောင် ကြည့်ပေးသင့်ပါတယ်။ အရင်က နို့တိုက်ပြီး သိပ်ခဲ့သလို နို့ဖြတ်ပြီးချိန်မှာလည်း သူတို့ကို အသံသာသာနဲ့ ပွေ့ချီပြီး သိပ်သင့်ပါတယ်။ ကလေးတွေရဲ့ အနီးတစ်ဝိုက်မှာနေပေးပြီး ဂရုတစိုက်ရှိပြမယ်ဆိုရင် နို့ဖြတ်ချိန်မှာ တွေ့ကြုံရမယ့်အခက်အခဲတွေကို ကောင်းစွာဖြေရှင်းပေးနိုင်ပါလိမ့်မယ်။ ။
ဒေါက်တာလွင်သန့်