ဒေသတွင်းတည်ငြိမ်ရေးကိုပါ ခြိမ်းခြောက်လာနိုင်သည့် ဂါဇာကမ်းမြောင် တိုက်ခိုက်မှု

ဒေသတွင်းတည်ငြိမ်ရေးကိုပါ ခြိမ်းခြောက်လာနိုင်သည့် ဂါဇာကမ်းမြောင် တိုက်ခိုက်မှု

 

    အရှေ့အလယ်ပိုင်းဒေသတွင် အစ္စရေးနှင့် ဟားမတ်စ်တို့ကြား တင်းမာမှုများဆက် လက်ဖြစ်ပွားနေစဉ်တွင် ပါလက်စတိုင်းတို့ ထိန်းချုပ်ထားသည့် ဂါဇာကမ်းမြောင်ဒေသရှိ ဆေးရုံတစ်ရုံအပေါ် တိုက်ခိုက်မှုဖြစ်ပွားရာ လူ ၅၀၀  ကျော် သေဆုံးသွားသည်။ ယင်းတိုက်ခိုက်မှုသည် အစ္စရေးတို့၏ လက်ချက်ဖြစ်သည်ဟု ပါလက်စတိုင်း အာဏာပိုင်များက ပြောဆိုထားသော်လည်း ယင်းတိုက်ခိုက်မှုသည် ၎င်းတို့လက်ချက်မဟုတ်ဘဲ  ပါလက်စတိုင်းဂျီဟက် အဖွဲ့အစည်းတစ်ခု၏ လက်ချက်သာဖြစ်ကြောင်း အစ္စရေးစစ်ဘက်က တုံ့ပြန်ထားသည်။

သို့သော် ဆေးရုံအပေါ် တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ပိုင်းတွင် အရှေ့အလယ်ပိုင်းဒေသရှိ  နိုင်ငံအချို့တွင် အစ္စရေးနှင့် အမေရိကန်သံရုံးများအနီးတွင် စုရုံး၍ ဆန္ဒပြမှုများကို လုပ်ဆောင်ခဲ့ကြသည်။   အထူးသဖြင့် အမေရိကန်အစိုးရ၏ နိုင်ငံခြားရေး မူဝါဒအပေါ်  ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။  ယခုဖြစ်ပွားသည့် တိုက်ခိုက်မှုနှင့် စပ်လျဉ်း၍ ကနဦးသတင်းများအရ အစ္စရေးတွင် တာဝန်မရှိဟု အမေရိကန်အစိုးရ၏ အမျိုးသား လုံခြုံရေးကောင်စီမှ  ပြောရေးဆိုခွင့်ရှိသူ အန်ဒရေယန်ဝပ်ဆင်က အောက်တိုဘာလ ၁၈ ရက်တွင် တရားဝင် ထုတ်ပြန်ထားသည်။

ထို့ပြင် ယင်းတိုက်ခိုက်မှုသည် အကြမ်းဖက် အဖွဲ့အစည်းတစ်ခု၏  ဒုံးကျည်ဖြင့် မှားယွင်းပစ်ခတ်မှုဖြစ်နိုင်ပြီး   ပင်တဂွန်စစ်ဌာနချုပ်မှ ရရှိသည့် သတင်းအချက်အလက် များအရ  ယင်းတိုက်ခိုက်မှုတွင်  အစ္စရေးနိုင်ငံက ပါဝင်ခဲ့ခြင်းမရှိကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဆိုထားသည်။

သို့သော် ဂါဇာဆေးရုံ တိုက်ခိုက်ခံရမှုနှင့် ဆက်နွှယ်သည့် သက်သေ၊ အထောက်အထား များကို လူသိရှင်ကြား ထုတ်ပြန်သွားမည်ဟု ဟားမတ်စ်အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ဖောဇီဘာဟောင်းက  အောက်တိုဘာလ ၁၈ ရက်တွင် ပြောသည်။ ၎င်းင်း၏အဆိုအရ တိုက်ခိုက်မှုသည်   အစ္စရေး၏ လက်ချက်ဖြစ်ပြီး ရရှိထားသည့် အထောက်အထားများကို နိုင်ငံတကာသို့ ဖော်ပြပေးမည်ဖြစ်ကြောင်း၊  အစ္စရေးတို့သည်  ဆေးရုံအား တိုက်ခိုက်မည်ဟု  ခြိမ်းခြောက်ပြီးနောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း    ၎င်းက ဆက်လက်ပြောကြားသည်။  ယခုဖြစ်ပွားသည့် တိုက်ခိုက်မှုသည် လူသားမဆန်သည့် လုပ်ဆောင်ချက်ဖြစ်ကြောင်း  ရုရှားနိုင်ငံက ပြောကြားထားသည်။

အရှေ့အလယ်ပိုင်းဒေသတွင် လက်ရှိ ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခသည် ဥရောပရှိ နိုင်ငံအချို့အား ဂယက်ရိုက်ခတ်စေခဲ့သည်။  ဂါဇာရှိဆေးရုံ တိုက်ခိုက်ခံရပြီး နောက်ပိုင်းတွင်  နယ်သာလန်အစိုးရသည် ၎င်းင်းတို့၏တပ်ဖွဲ့ဝင် ၂၀၀ ခန့်ကို ဆိုက်ပရပ်

သို့စေလွှတ်လိုက်ကြောင်း   နယ်သာလန် ကာကွယ်ရေးဝန်ကြီး  ကက်ဂျဆာအိုလွန်ဂရန်က အောက်တိုဘာလ ၁၈ ရက်တွင် ထုတ်ပြန်ထားသည်။ နယ်သာလန်အစိုးရသည် ၎င်းတို့၏ တပ်ဖွဲ့ဝင်များအား စစ်ဘက်သုံး C-130 Hercules သယ်ယူပို့ဆောင်ရေး လေယာဉ်နှင့် အရပ်ဘက်သုံး လေယာဉ်တစ်စင်းတို့ကို အသုံးပြု၍  ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

အလားတူပင်   ဂျာမနီအစိုးရကလည်း ဂါဇာကမ်းမြောင်ဒေသတွင်   ဓားစာခံ ကယ်ဆယ်ရေးဆိုင်ရာ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရန်အတွက် အထူးတပ်ဖွဲ့ဝင်များကို ဆိုက်ပရပ်နိုင်ငံသို့ တပ်ဖြန့်ထားပြီးဖြစ်သည်။ အကယ်၍  ဂါဇာကမ်းမြောင်ဒေသ၌ အခြေအနေများ အဆိုးဆုံးအဆင့်သို့ ရောက်ရှိလာပါက ဂျာမနီနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်နိုင်ရေး အတွက် ဂျာမနီနိုင်ငံက ပြင်ဆင်နေခြင်းဖြစ်သည်။

ဂါဇာဆေးရုံ တိုက်ခိုက်မှုသည် အောက်တိုဘာလ ၁၇ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ခိုက်မှုနှင့် စပ်လျဉ်း၍ ကမ္ဘာ့နိုင်ငံများက ထင်ကြေးအမျိုးမျိုး ပေးလျက်ရှိသည်။  တစ်ချိန်တည်းမှာပင် အစ္စရေး-ပါလက်စတိုင်းပဋိပက္ခ ပိုမိုတင်းမာလာနေစဉ် ပါလက်စတိုင်းဒေသ၌ လူသားချင်းစာနာမှုဆိုင်ရာ   အကူအညီပေးရေး လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် အပစ်အခတ်ရပ်စဲရန်    ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တောင်းဆိုပြီး အဆိုတင်သွင်းရာတွင် အမေရိကန်က ဗီတိုအာဏာဖြင့် ပယ်ချခဲ့ကြောင်း တွေ့ရသည်။

သို့သော် လုံခြုံရေးကောင်စီ၏ အဆိုပါ တောင်းဆိုချက်ကို  နောက်ဆုံးတွင်  မဲခွဲဆုံးဖြတ်ရာ လုံခြုံရေးကောင်စီဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံအနက် ထောက်ခံမဲ ၁၂ မဲဖြင့် အတည်ပြုနိုင်ခဲ့သည်။ ယင်းအဆိုကို ဘရာဇီးနိုင်ငံက ဦးဆောင် တင်သွင်းခြင်းဖြစ်သည်။

အရှေ့အလယ်ပိုင်းဒေသရှိ အစ္စရေးနှင့် ဟားမတ်စ်တို့ကြား စစ်ရေးတင်းမာမှုများ သည် ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ဖြစ်သည့် ဟားမတ်စ်တို့က အစ္စရေးနိုင်ငံအတွင်းသို့ အောက်တိုဘာလ ၇ ရက်တွင် ရုတ်တရက် စတင်တိုက်ခိုက်မှုအပေါ်   အစ္စရေးက လက်တုံ့ပြန်ရာမှ စတင်လာခဲ့ခြင်းဖြစ်သည်။

ယခုအခါ လက်နက်ကိုင်ပဋိပက္ခသည်   ပိုမိုပြင်းထန်လာသည့်အပြင် ဂါဇာဒေသတွင် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများကိုပါ   ပိုမိုဖြစ်ပေါ်လာစေခဲ့ကြောင်း တွေ့ရသည်။ ဂါဇာကမ်းမြောင်ဒေသသည် ယခင်ကတည်းကပင် ပိတ်ဆို့ခံဒေသတစ်ခုဖြစ်သည့်အပြင် အပြန်အလှန် တိုက်ခိုက်မှုများကြောင့်  သေဆုံးသူ အရေအတွက်မှာလည်း ရက်ပိုင်းအတွင်းမှာပင်  ထောင်နှင့်ချီလာပြီဖြစ်သည်။

သို့သော် လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခသည်  လွယ်လွယ်နှင့်ပြီးဆုံးမည့်  အလားအလာမရှိပေ။ အကယ်၍ အစ္စရေးနှင့် ဟားမတ်စ်တို့ကြား   ယခုဖြစ်ပွားနေသည့် ပဋိပက္ခများအတွင်းသို့ ဒေသတွင်းရှိ အင်အားစုများပါဝင်လာမည်ဆိုပါက အခြေအနေမှာ ယခုထက်ပင် ပြင်းထန်လာနိုင်ပြီး ဒေသတွင်း တည်ငြိမ်ရေးကိုပါ   ခြိမ်းခြောက်လာနိုင်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။