အမျိုးသား ဘလွန်းဒီအော့ဖ်ဆုကို မက်ဆီနှင့် အမျိုးသမီး ဘလွန်းဒီအော့ဖ်ဆုကို ဘွမ်တီမာတို့ရရှိရန် ထိပ်ဆုံးမှ ရေပန်းစားနေ
ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုများဖြစ်သည့် အမျိုးသား ဘလွန်းဒီအော့ဖ်ဆုကို အင်တာမိုင်ယာမီ အသင်းမှ မက်ဆီနှင့် အမျိုးသမီး ဘလွန်းဒီအော့ဖ်ဆု ကို ဘာစီလိုနာ အမျိုးသမီးအသင်းမှ ဘွမ်တီမာတို့က ရရှိရန် ထိပ်ဆုံးမှ ရေပန်းစားနေကြောင်း သိရသည်။
အမျိုးသား ဘလွန်းဒီအော့ဖ်ဆုအတွက် အစောပိုင်းက မက်ဆီနှင့် မန်စီးတီးအသင်း တိုက်စစ်မှူး ဟာလန်းတို့က ပူးတွဲရေပန်းစားနေသော်လည်း ဟာလန်းသည် နော်ဝေအသင်းကို ယူရို ၂၀၂၄ ပြိုင်ပွဲ ခြေစစ်ပွဲအောင်မြင်အောင် မစွမ်းဆောင်နိုင်သည့် အတွက် မက်ဆီက ဟာလန်းထက် အသာစီး ရရှိခဲ့ခြင်းဖြစ်သည်။
ဟာလန်းသည် ယခုနှစ်တွင် မန်စီးတီးအသင်းနှင့် အတူ သမိုင်းဝင်ဆုဖလား သုံးလုံးဖြစ်သည့် အက်ဖ်အေဖလား၊ ပရီးမီးယားလိဂ်ဖလားနှင့် ချန်ပီယံလိဂ်ဖလား တို့ကို ဆွတ်ခူးနိုင်ခဲ့သော်လည်း နိုင်ငံ့လက်ရွေးစင် အသင်းဖြစ်သည့် နော်ဝေအသင်းနှင့် အတူ ယူရို ၂၀၂၄ ပြိုင်ပွဲ ခြေစစ်ပွဲအောင်မြင်အောင် မစွမ်းဆောင်နိုင်ခဲ့သည့်အတွက် မက်ဆီက အသာစီးရရှိခြင်းဖြစ်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။
မက်ဆီသည် ယခုနှစ်တွင် အသင်းဟောင်း ပီအက်စ်ဂျီအသင်းနှင့်အတူ ပြင်သစ်လီဂူးဝမ်းဖလား အပြင် လက်ရှိ အင်တာမိုင်ယာမီ အသင်းနှင့်အတူ မေဂျာလိဂ်ရှုံးထွက်ဖလား ဆွတ်ခူးနိုင်ခဲ့ပြီး လက်ရွေးစင် အာဂျင်တီးနားအသင်းနှင့်အတူ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲ ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ရှစ်ကြိမ်မြောက် ဘလွန်းဒီအော့ဖ်ဆုအတွက် ထိပ်ဆုံးမှ ရေပန်းစားနေခြင်းဖြစ်သည်။
အလားတူ အမျိုးသမီး ဘလွန်းဒီအော့ဖ်ဆုအတွက် စပိန်အမျိုးသမီးအသင်း၊ ဘာစီလိုနာ အမျိုးသမီး အသင်းတို့နှင့် အမျိုးသမီး ကမ္ဘာ့ဖလားချန်ပီယံဆုနှင့် အမျိုးသမီး ချန်ပီယံလိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့သည့် ကွင်းလယ်ကစားသမား ဘွမ်တီမာက အသာစီးဖြင့် ရေပန်းစားလျက်ရှိကြောင်း သိရသည်။