အရိုးပွရောဂါအကြောင်း သိကောင်းစရာ

အရိုးပွရောဂါအကြောင်း သိကောင်းစရာ

 

အရိုးပွရောဂါ(Osteoporosis) ဆိုသည်မှာ ခန္ဓာကိုယ်ရှိ အရိုးများ၏သေးငယ်သော ကလာပ်စည်းများ နှင့်   တစ်သျှူးများတွင်   ပြောင်းလဲမှုဖြစ်ပေါ်ခြင်းကြောင့် အရိုးသိပ်သည်းဆနည်းပါးလာသဖြင့် အရိုး ကျိုးလွယ်ခြင်းကို ဖြစ်စေသော   အခြေအနေတစ်ခု ဖြစ်သည်။ လူအများစုသည် အရိုးပွခြင်းကို သာမန် အားဖြင့် မသိရှိကြဘဲ အရိုးကျိုးသောအခါမှသာ သိရှိလေ့ရှိပြီး နေ့စဉ်လှုပ်ရှားသွားလာမှုကို ထိခိုက်သဖြင့် လူနေမှုစရိတ် မြင့်မားလာခြင်း၊ လူရောစိတ်ပါ ကျန်းမာ ရေးချို့တဲ့ခြင်းများနှင့် တွေ့ကြုံနေကြရသည်။

ခါးဆစ်ရိုးကျိုးခြင်း သို့မဟုတ် ခါးဆစ်ရိုးပြားသော ကြောင့် ခါးနာခြင်း၊ မူလရှိပြီးသော  အရပ်အမြင့်မှ လျော့နည်းသွားခြင်း၊ ရှေ့ဘက်သို့ ခါးကိုင်းသွားခြင်း၊ ပုံမှန်မဟုတ်သော အရိုးကျိုးလွယ်ခြင်း စသည်တို့ကို အရိုးပွရောဂါ၏  Signs and Symptoms များအဖြစ် တစ်ခါတစ်ရံ တွေ့ရတတ်သည်။

အရိုးပွခြင်းအဖြစ်များသော နေရာများမှာ ကျောရိုး၊ တင်ပါးဆုံ ၊  Distal Forearm နှင့် Proximal Humerus တို့ဖြစ်သည်။ အရိုးပွခြင်းနှင့် အရိုးကျိုး နိုင်ခြေတို့ကိုသိရှိရန်  Bone  Mineral  Density ( BMD) ခေါ်  အရိုးသိပ်သည်းဆကိုတိုင်းတာနိုင် သည်။ အရိုးသိပ်သည်းဆ (BMD) တိုင်းတာနိုင်သည့် နေရာအဖြစ် Femoral Neck နှင့် Lumbar Spine တို့ကို စံပြုသတ်မှတ်ထားသည်။   ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ် (World Health  Organization) နှင့် နိုင်ငံတကာအရိုးပွရောဂါဖောင်ဒေးရှင်း (International Osteoporosis  Foundation)  တို့မှ   အရိုးပွ ရောဂါရှာဖွေရန် Digital X-ray Absorptiometry ( DXA)  ဖြင့် Femoral  Neckနှင့် Lumbar Spine  တို့ကိုတိုင်းတာရန် သတ်မှတ်ထားသည်။

ယနေ့ခေတ်တွင်  အရိုးပွခြင်းနှင့် အရိုးကျိုးနိုင် သည့် အန္တရာယ်ရှိ၊ မရှိတို့ကို အွန်လိုင်းတွင် FRAX Tool (Fracture Risk Assessment )ဖြင့် မိမိ၏ အချက်အလက်များကို ထည့်သွင်းတွက်ချက်၍  သိရှိ နိုင်သည်။ ထိုမှတစ်ဆင့် လူတစ်ဦးချင်းစီ၏ လာမည့် ၁၀ နှစ်အတွင်း အရိုးကျိုးနိုင်ခြေ ရာခိုင်နှုန်းကို သိရှိပြီး ကြိုတင်ကာကွယ် ကုသနိုင်မည်ဖြစ်သည်။

အထက်ပါ နည်းလမ်းများဖြင့် စစ်ဆေးသိရှိသော အရိုးပွရောဂါရှိသူများသည်      အရိုးကျိုးနိုင်သည့် အန္တရာယ်ရှိ သကဲ့သို့ ပထမတစ်ကြိမ် အရိုးကျိုးဖူးသူ များသည်   နောက်ထပ်အရိုးကျိုးနိုင်ခြေရှိသဖြင့် တတ်ကျွမ်းသည့် အထူးကုပါရဂူများနှင့်ပြသ၍ ကုသမှုခံယူသင့်သည်။

အရိုးပွရောဂါဖြစ်နိုင်ခြေရှိသူများမှာ အသက် ၆၅ နှစ်နှင့်အထက်ရှိသူအမျိုးသမီးများ၊ အသက် ၇၅ နှစ် နှင့်အထက်ရှိသူ  အမျိုးသားအားလုံး အရိုးပွရောဂါနှင့်   အရိုးကျိုးနိုင်ခြေရှိသည်။  ကမ္ဘာတစ်ဝန်းရှိ အသက်  ၅၀  ပြည့်ပြီးသူ    အမျိုးသမီးသုံးဦးတွင် တစ်ဦးနှင့် အမျိုးသားငါးဦးတွင် တစ်ဦးသည် အရိုးပွရောဂါကြောင့်  အရိုးကျိုးသည့်  ဝေဒနာခံစားနေရကြောင်း သိရသည်။

အရိုးပွရောဂါ ရှိ၊ မရှိ စစ်ဆေးသင့်သူများမှာ အမျိုး သမီးများ အသက် ၆၅ နှစ်နှင့် အမျိုးသားများ အသက် ၇၅ နှစ်ပြည့်ပြီးသူများ၊ အသက် ၅၀ ပြည့်ပြီးသော အမျိုးသား၊ အမျိုးသမီးများတွင် အနည်းငယ်ထိခိုက်ရုံဖြင့် မကြာခဏ အရိုးကျိုးတတ်သူများ၊ ဆေးလိပ်သောက်သူများ၊ အရက်အလွန်အကျွံသောက်သူများ၊ လေးဖက်နာရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ လည်ပင်းကြီးရောဂါ၊ နာတာရှည်အသည်းရောင်ရောဂါ၊ ကင်ဆာ ရောဂါ၊ ကျောက်ကပ်ရောဂါ၊   နာတာရှည်အာဟာရချို့တဲ့ရောဂါနှင့် ကိုယ်အလေးချိန်လျော့နည်းသူ (BMI <19kg/m2) Prednisolone   ကဲ့သို့  စတီးရွိုက် ဟော်မုန်းများ ကြာရှည်သုံးစွဲသူများနှင့် မိဘ၊ မောင်နှမ များတွင် ပေါင်ထိပ်ရိုးကျိုးသည့် ရောဂါရာဇဝင်ရှိသူများ၊ အရွယ်မတိုင်ခင်သွေးဆုံးသူ အမျိုးသမီးများနှင့် သားအိမ်ခွဲစိတ်ထားသူ အမျိုးသမီးများဖြစ်သည်။

အရိုးပွရောဂါကြိုတင်ကာကွယ်ရန်အတွက် နေ့စဉ်  ကိုယ်လက်လှုပ်ရှားမှုနှင့် လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ရမည်ဖြစ်သည်။   Weight-Bearing   Exercise၊ Muscle-Strengthening Exercise၊ Balancing Exercise   ပြုလုပ်ခြင်းသည်  အရိုးသိပ်သည်းဆတက်စေခြင်း၊    ကြွက်သားများ  သန်မာစေခြင်း၊ မတော်တဆ လဲကျခြင်းတို့မှ ကြိုတင်ကာကွယ်ခြင်းတို့ဖြင့် အရိုးကျိုးနိုင်ခြေလျော့ကျစေနိုင်သည်။

နေ့စဉ်လိုအပ်သည့် Calcium ၊ Vitamin D နှင့် အသားဓာတ်တို့ကို    လုံလောက်စွာ စားသုံးခြင်းဖြင့် အရိုးကျန်းမာရေးကို အထောက်အကူပြုစေနိုင်သည်။ အရွယ်ရောက်ပြီးသူ တစ်ဦးအနေဖြင့်  တစ်ရက်လျှင် Calcium 800-1200 mg နှင့် Vitamin D 1000 IU  လိုအပ်သည်။   နေ့စဉ်တက်ကြွလှုပ်ရှားသော လူနေမှုဘဝဖြင့် ရှိသင့်သည့် ကိုယ်အလေးချိန် BMI ထိန်းသိမ်းရန်၊   ဆေးလိပ်၊ အရက်ရှောင်ကြဉ်ရန်တို့ သည်လည်း   အရိုးကျန်းမာရေးအတွက်   လိုအပ်သည်။

ထို့ကြောင့် အောက်တိုဘာလ ၂၀ ရက်ကို ကမ္ဘာ့အရိုးပွရောဂါနေ့သတ်မှတ်ထားပြီး   အရိုးပွရောဂါနှင့် ၎င်း၏ နောက်ဆက်တွဲ ပြဿနာများကို ကာကွယ်ရန်  လူတိုင်းအတွက်   ပိုမိုကောင်းမွန်သော အခွင့်အလမ်းများနှင့်  လက်လှမ်းမီနိုင်သော  ပံ့ပိုးမှုများကို  ဖန်တီးပေးရန်  ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့အစည်းများနှင့် မူဝါဒချမှတ်သူများအား ပန်ကြားထားပါကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။      ။