အသက် ၂၅ နှစ်အောက် ပြည်နယ်နှင့် တိုင်းဒေသကြီး ပြေးခုန်ပစ်ပြိုင်ပွဲ ဆက်လက် ကျင်းပ
နေပြည်တော် အောက်တိုဘာ ၁၉
ပြေးခုန်ပစ်အားကစားနည်း အဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် ပြေးခုန်ပစ်အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ် အသက် ၂၅ နှစ်အောက် ပြည်နယ်နှင့် တိုင်းဒေသကြီး ပြေးခုန်ပစ်ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက် ၇ နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်း အမှတ်(၁)တို့၌ဆက်လက် ကျင်းပသည်။
အဆိုပါပြိုင်ပွဲသို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ နှင့် အားကစား ဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြသည်။
ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား/အမျိုးသမီး) ကြိုးတပ်သံလုံးပစ်၊ (အမျိုးသား)(၁၀ မျိုးစုံ-၇) (အမျိုးသမီး)(၇မျိုးစုံ)ပြိုင်ပွဲ (အမျိုးသမီး) ကီလိုမီ တာ(၂၀)လမ်းလျှောက်၊ (အမျိုးသား/အမျိုးသမီး)မီတာ(၁၀၀၀၀) ၊(အမျိုးသား/အမျိုးသမီး) သံလုံး ပစ်၊ (အမျိုးသား) တုတ်ထောက်ခုန်၊ (အမျိုးသား/အမျိုးသမီး) မီတာ (၄၀၀_၄) လက်ဆင့်ကမ်း၊ (အမျိုးသား/ အမျိုးသမီး) မီတာ ၂၀၀၊ (အမျိုးသမီး)တန်းမြင့်ခုန်၊ (အမျိုးသား/ အမျိုးသမီး)မီတာ (၈၀၀) ပြိုင်ပွဲများကို ယှဉ်ပြိုင် ကစားခဲ့ကြသည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲ အခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများကို တာဝန်ရှိသူများက အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယနေ့ပြိုင်ပွဲပွဲစဉ်များဖြစ်သည့် (အမျိုးသား) မီတာ(၂၀၀)ပြိုင်ပွဲတွင် ထက်ရှိုင်းအောင် (တနင်္သာရီ)သည် (၂၁.၃၈)စက္ကန့်ဖြင့် ၂၀၀၄ ခုနှစ်တွင် ဝေဖြိုးအောင်(မကွေး)တင်ခဲ့သည့် စံချိန် (၂၁.၉၀)စက္ကန့်ထက် သာလွန် ကောင်းမွန်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီး စံချိန်သစ်အား လည်းကောင်း၊ (အမျိုးသား)မီတာ (၈၀၀) ပြိုင်ပွဲတွင် ဖြိုးကျော်ဇင်ဦး (ရှမ်း)သည် (၁း၅၃း၄၄)စက္ကန့်ဖြင့် ၂၀၂၃ခုနှစ်တွင် ဟိန်းထက်အောင် (မန္တလေး) တင်ခဲ့သည့်စံချိန် (၁း၅၃း၆၃) စက္ကန့်ထက် သာလွန်ကောင်းမွန်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီး စံချိန်သစ်အား လည်းကောင်း၊ (အမျိုးသား) သံလုံးပစ်ပြိုင်ပွဲတွင် ထက်ဝေယံ(ရှမ်း)သည် စံချိန်(၁၅.၀၃)မီတာဖြင့် ၁၉၇၃ခုနှစ်တွင် စောဆာလောလတင်ခဲ့သည့် (၁၄.၈၀) မီတာထက် သာလွန်ကောင်းမွန်ပြီး မြန်မာပြည်စံချိန်သစ် တင်နိုင်ခဲ့သည့်အပြင် ၂၀၀၃ခုနှစ်တွင် အောင်မိုးဝင်း(ရှမ်း)တင်ခဲ့သည့်စံချိန်(၁၃.၈၀) မီတာထက်လည်း သာလွန်ကောင်းမွန်သည့် အတွက် ပြည်နယ်နှင့်တိုင်းဒေသကြီး စံချိန်သစ်အား လည်းကောင်း အသီးသီး စံချိန်သစ်များ တင်နိုင်ခဲ့သည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၀ ရက် (ယနေ့)တွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ၏ နောက်ဆုံးနေ့ ပြိုင်ပွဲပွဲစဉ်များကို နံနက် ၆ နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်း အမှတ်(၁)တို့၌ ဆက်လက်ကျင်းပ သွားမည်ဖြစ်ပြီး အားကစားဝါသနာရှင်များ အနေဖြင့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။