အနီကတ်ပြစ်ဒဏ် အယူခံတင်သွင်းမှု အောင်မြင်သည့်အတွက် ဘာစီလိုနာအသင်းနှင့် ပွဲစဉ်တွင် ရီးယဲလ်မက်ဒရစ်အသင်း အသင်းခေါင်းဆောင် နာချို ပြန်လည် ပါဝင်နိုင်မည်

အနီကတ်ပြစ်ဒဏ် အယူခံတင်သွင်းမှု အောင်မြင်သည့်အတွက် ဘာစီလိုနာအသင်းနှင့် ပွဲစဉ်တွင် ရီးယဲလ်မက်ဒရစ်အသင်း အသင်းခေါင်းဆောင် နာချို ပြန်လည် ပါဝင်နိုင်မည်

 

    ရီးယဲလ်မက်ဒရစ်အသင်းက အသင်းခေါင်းဆောင် နာချို၏ အနီကတ်ပြစ်ဒဏ်နှင့် ပတ်သက်ပြီး စပိန်လာလီဂါအဖွဲ့ချုပ်ထံ အယူခံတင်သွင်းရာ အောင်မြင်သည့်အတွက်   အယ်ကလက်စီကိုပွဲစဉ်အဖြစ် ကစားမည့် ရီးယဲလ်မက်ဒရစ်အသင်းနှင့် ဘာစီလိုနာအသင်းတို့ ပွဲစဉ်တွင် ပြန်လည်ပါဝင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

နာချိုသည် စပိန်လာလီဂါပွဲစဉ်အဖြစ် ကစားသော ရီးယဲလ်မက်ဒရစ်အသင်းက ဂီရိုနာအသင်းကို ၃ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရသည့်ပွဲစဉ်၌ ပွဲချိန် ၉၄ မိနစ်တွင် ပြိုင်ဘက်အသင်း ကစားသမားအပေါ် ဘောလုံးဖျက်ထုတ်ပုံ ကြမ်းတမ်းခဲ့သည့်အတွက် တိုက်ရိုက်အနီကတ် ပြသခံခဲ့ရခြင်းဖြစ်သည်။

အစောပိုင်းတွင် စပိန်လာလီဂါအဖွဲ့ချုပ်က နာချို၏ အနီကတ်ပြစ်ဒဏ်အတွက် သုံးပွဲပယ်ပြစ်ဒဏ်ချမှတ် ခဲ့ပြီး   အဆိုပါပြစ်ဒဏ်အတွက်   ရီးယဲလ်မက်ဒရစ် အသင်းက အယူခံတင်သွင်းရာတွင် အောင်မြင်ခဲ့ပြီး သုံးပွဲပယ်ပြစ်ဒဏ်အစား နှစ်ပွဲပယ်ပြစ်ဒဏ်သာ ပြောင်းလဲ သတ်မှတ်လိုက်ခြင်းဖြစ်သည်။

အဆိုပါနှစ်ပွဲပယ် ပြစ်ဒဏ်ကြောင့် နာချိုအနေဖြင့် အောက်တိုဘာလ ၇ ရက်က ကစားသည့် အိုဆာဆူနာ အသင်းနှင့်ပွဲစဉ်ကို လွဲချော်ခဲ့ပြီး အောက်တိုဘာလ ၂၁ ရက်တွင်ကစားမည့်    ဆီဗီလာအသင်းနှင့် ပွဲစဉ်ကိုပါ ထပ်မံလွဲချော်မည်ဖြစ်ကာ အဆိုပါပွဲစဉ်အပြီး ပြစ်ဒဏ်ပြည့်မြောက်မည်ဖြစ်သည့်အတွက် ဘာစီလိုနာ အသင်းနှင့်ပွဲစဉ်တွင် ပြန်လည်ပါဝင်နိုင်မည် ဖြစ်ကြောင်း သိရသည်။