ဥရောပဘောလုံးအဖွဲ့ချုပ်က ယူရို ၂၀၂၄ ပြိုင်ပွဲတွင် ကစားသမားဦးရေ လျှော့ချပြီး ၂၃ ဦးဖြင့်သာ ဖွဲ့စည်းခွင့်ပြုရန် စီစဉ်

ဥရောပဘောလုံးအဖွဲ့ချုပ်က ယူရို ၂၀၂၄ ပြိုင်ပွဲတွင် ကစားသမားဦးရေ လျှော့ချပြီး ၂၃ ဦးဖြင့်သာ ဖွဲ့စည်းခွင့်ပြုရန် စီစဉ်

 

    ဥရောပဘောလုံး အဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)က ဂျာမနီနိုင်ငံ၌ လက်ခံကျင်းပမည့် ယူရို ၂၀၂၄ ပြိုင်ပွဲတွင် ကစားသမားဦးရေကို လျှော့ချပြီး  ပြိုင်ပွဲဝင်အသင်းတိုင်း ကစားသမား ၂၃ ဦးဖြင့်သာ ဖွဲ့စည်းခွင့်ပြုမည်ဟု ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

ဥရောပဘောလုံးအဖွဲ့ချုပ်က ယူရိုပြိုင်ပွဲများတွင် ပြိုင်ပွဲဝင်အသင်းများကို ကစားသမား ၂၃ ဦးဖြင့်သာ ဖွဲ့စည်းစေခဲ့သော်လည်း  ယူရို  ၂၀၂၀  ပြိုင်ပွဲတွင် ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ကစားသမားများအနေဖြင့် ပြိုင်ပွဲများ ဆက်တိုက်ကစားနေရသည့် အတွက် ဥရောပဘောလုံးအဖွဲ့ချုပ်က ပုံမှန်ကျင်းပနေသည့် ကစားသမား ၂၃ ဦးအစား ကစားသမားဦးရေ တိုးမြှင့်ပြီး ၂၆ ဦးဖြင့် အသင်းကိုဖွဲ့စည်းရန် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

အလားတူ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ) ကလည်း ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ဘောလုံးပြိုင်ပွဲများ ရပ်နားထားခဲ့ပြီး ပြန်လည်ကျင်းပချိန်တွင် ပြိုင်ပွဲများဆက်တိုက် ကစားနေရသည့်အတွက် ကစားသမား ဦးရေတိုးမြှင့်ပြီး ၂၃ ဦးအစား ၂၆ ဦးဖြင့် ကျင်းပစေခြင်းဖြစ်သည်။

ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)က လက်ရှိကျင်းပနေသည့် ယူရို ၂၀၂၄ ပြိုင်ပွဲ ခြေစစ်ပွဲအဆင့်တွင် ကစားသမားဦးရေ ၂၆ ဦးဖြင့် ဖွဲ့စည်းပြီး ယှဉ်ပြိုင်ခွင့်ပြုထားသည်။

သို့သော်လည်း လာမည့် ယူရို ၂၀၂၄ ပြိုင်ပွဲတွင် ကစားသမားဦးရေ ပြန်လည်လျှော့ချပြီး ပုံမှန်ကျင်းပနေကျအတိုင်း ကစားသမား  ၂၃ ဦးဖြင့်သာ ဖွဲ့စည်းစေမည်ဖြစ်သည်။

ယူရို ၂၀၂၄ ပြိုင်ပွဲကို ဂျာမနီနိုင်ငံ၌ ၂၀၂၄ ခုနှစ် ဇွန်လ ၁၄ ရက်မှ ဇူလိုင်လ ၁၄ ရက်အထိ ကျင်းပမည်ဖြစ်ပြီး လက်ရှိ အိမ်ရှင် ဂျာမနီအသင်းနှင့်အတူ အင်္ဂလန်၊  ဘယ်လ်ဂျီယံ၊  ပြင်သစ်၊  ပေါ်တူဂီ၊  စပိန်၊ စကော့တလန်၊ တူကီယဲ၊ သြစတြီးယားအသင်းတို့ ခြေစစ်ပွဲ အောင်မြင်ထားကြောင်း သိရသည်။