နိုင်ငံ့စီးပွား မြင့်မားရေးကြိုးပမ်းဆောင်ရွက်

နိုင်ငံ့စီးပွား မြင့်မားရေးကြိုးပမ်းဆောင်ရွက်

 

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက်)

    စီးပွားရေးရာကော်မတီဥက္ကဋ္ဌ  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အောက်တိုဘာလ ၁၈ ရက်က ကျင်းပသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် စီးပွားရေးရာကော်မတီ အစည်းအဝေး အမှတ်စဉ်(၈/၂၀၂၃)တွင် အမှာစကားပြောကြားစဉ် “လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လွှဲပြောင်းပေးရာတွင်လည်း အမှန်တကယ် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်သူများကိုသာ ဆောင်ရွက်ခွင့်ပေးရန် လိုကြောင်း၊ နိုင်ငံတော်အစိုးရမှ ဆောင်ရွက်နေသည့် လုပ်ငန်းများသည် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူလူထုအတွက် အထောက်အကူပြုသည့် လုပ်ငန်းများဖြစ်သဖြင့် နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်သွားရန် လိုကြောင်း” ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် လည်ပတ်သင့်သည့် စက်ရုံများနှင့် လုပ်ငန်းများကို ပြန်လည် လည်ပတ်နိုင်ရေး ဆောင်ရွက်ခဲ့သည်။ ပြီးခဲ့သည့် အစိုးရလက်ထက်တွင် ဝန်ကြီးဌာနများမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးလုပ်ငန်း အချို့ကိုရပ်တန့်ခဲ့သဖြင့် နိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုးများ ဖြစ်ပေါ်စေခဲ့ခြင်းကြောင့် လုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ထို့အတူ ဝန်ကြီးဌာနများ၌ လုပ်ငန်းလည်ပတ်မှု မရှိဘဲရပ်တန့်နေရသည့် လုပ်ငန်းရပ်များ၊ စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းဆောင်ရွက်ရန် အကြောင်းအမျိုးမျိုးဖြင့် မြေနေရာများ ရယူထားရှိပြီး လုပ်ငန်းဆောင်ရွက်နိုင်ခြင်း မရှိသည်များ ရှိနေကြောင်း သိရှိရသည်။

ဤသည်များမှာ နိုင်ငံ့အကျိုးအတွက် ကြည့်မည်ဆိုပါက ၎င်းမြေနေရာများ၊ စက်ရုံ၊အလုပ်ရုံများ လည်ပတ်နိုင်မည့်  ကုန်ထုတ်လုပ်မှု ဆောင်ရွက်နိုင်မည့် အဖွဲ့အစည်းများက  လုပ်ဆောင်နိုင်ရန် လိုအပ်မည်ဖြစ်သည်။ အဓိကအားဖြင့် နိုင်ငံအတွက်လိုအပ်သည့် ကုန်ထုတ်လုပ်မှုများ ဆောင်ရွက်နိုင်ရန်ဖြစ်သည်။ နိုင်ငံတော်အစိုးရမှ ဆောင်ရွက်နေသည့် လုပ်ငန်းများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထုအတွက် အထောက်အကူပြုသည့် လုပ်ငန်းများဖြစ်သဖြင့် နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများကိုအောင်မြင်အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။

နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် အခြားကဏ္ဍများစွာတွင် သုံးစွဲရမည့် ငွေကြေးပမာဏ များစွာရှိနေသည့်အတွက် နိုင်ငံတော် ဘတ်ဂျက်များကို အကျိုးရှိစွာ အသုံးချနိုင်ရေး  သတ်မှတ်ကာလများအတွင်း အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် နိုင်ငံတော်အား  ဘက်စုံထောင့်စုံ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေး အတွက် စနစ်တကျစီမံ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် ရှေ့လုပ်ငန်းစဉ်(၅)ရပ် ချမှတ်ဆောင်ရွက်နေသကဲ့သို့ ဦးတည်ချက်(၉)ရပ် ချမှတ်၍လည်း ဆောင်ရွက်လျက်ရှိသည်။ အဆိုပါဦးတည် ချက်များတွင် စီးပွားရေး ဦးတည်ချက်၌ တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး၊ ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် ဆောင်ရွက်၍ နိုင်ငံအတွင်းဖူလုံမှုမှသည် ပြည်ပသို့ တင်ပို့နိုင်သည်အထိ  ကြိုးပမ်းဆောင်ရွက်ရေးတို့ကို ဦးစား ပေးလုပ်ဆောင်လျက်ရှိသည်။ စီးပွားရေးမောင်းနှင်အား ကောင်းမွန်ရေးသည် နိုင်ငံတစ်နိုင်ငံအတွက် အဓိက မောင်းနှင်အားဖြစ်ပေရာ မြန်မာနိုင်ငံသည်လည်း  နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ကောင်းမွန်ရေးကို   ဦးတည်ချက် ချမှတ်ကာ ဆောင်ရွက်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကထား ဆောင်ရွက်သည့်နိုင်ငံဖြစ်သည်။ မိုးသီးနှံစိုက်ပျိုးမှုနှင့် ပတ်သက်၍ ပြည့်ဝစွာစိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးထားသည့် မြေများ၌ ရာခိုင်နှုန်းပြည့် အောင်မြင်ဖြစ်ထွန်းစေရေး ဆောင်ရွက်ရန် လိုအပ်သည်။ သီးနှံအထွက်နှုန်းများကို လေ့လာကြည့်မည်ဆိုပါက ၂၀၂၂-၂၀၂၃ ခုနှစ် စိုက်ပျိုးရာသီတွင် နွေစပါးထွက်ရှိမှုနှင့် ပတ်သက်၍ တစ်နိုင်ငံလုံးအနေဖြင့် ပျမ်းမျှ ၉၆ ဒသမ ၂၄ တင်းထွက်ရှိခဲ့ကြောင်း သိရှိရသည်။ မိုးသီးနှံများ စိုက်ပျိုးရာတွင် ရာနှုန်းပြည့်အောင်မြင်ရေးနှင့် အထွက်နှုန်းများ ကောင်းမွန်ရေးကိုလည်း ဆောင်ရွက်ကြရမည်ဖြစ်သည်။စိုက်ပျိုးရေး လုပ်ငန်းများ  အထွက်နှုန်းကောင်းမွန်မှသာ  ပြည်တွင်းစားသုံးမှု ဖူလုံမည်ဖြစ်ပြီး  ပြည်ပသို့တင်ပို့နိုင်မည်ဖြစ်သည်။

ပြည့်အင်အားသည်ပြည်တွင်းမှာသာ ရှိသည်ဆိုသည့်အတိုင်း ဝန်ကြီးဌာနများ အားလုံးနှင့်တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ အနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများအောင်မြင်ဖြစ်ထွန်းစေရေး  ဝိုင်းဝန်းကြိုးပမ်းကြ ရမည်ဖြစ်သည်။ ထို့အတူ ခရီးသွားလုပ်ငန်းသည်လည်း  နိုင်ငံ့စီးပွားဖွံ့ဖြိုးရေးကို အထောက်အကူပြုလျက်ရှိသည့်အတွက်  ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း လုပ်ဆောင်ရမည်ဖြစ်သည်။  လုပ်ငန်းများ အောင်မြင်စေရေးအတွက် အမှန်တကယ်လုပ်ငန်း ဆောင်ရွက်ကြရမည်ဖြစ်ပြီး လုပ်ဆောင်နိုင်သည့် အခွင့်အလမ်း များကို ဖော်ဆောင်ပေးနိုင်မည်ဆိုပါက တိုင်းပြည်၏ GDP သည်လည်း များစွာပြောင်းလဲလာမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံ့စီးပွား မြင့်မားရေးအတွက် မိမိနိုင်ငံကို ချစ်မြတ်နိုးသည့်စိတ်ဖြင့် အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။