စန္ဒကူးနံ့သာကျောင်းတော်ရာ အတွေးများနှင့် မကွေးမြို့ကပြန်ခဲ့သည်
မုန်းချောင်းရေအလျဉ် ရစ်ခွေဆင်းသို့
ကျား ရင်ထဲမှာနွေ...အသည်းလွှာ
အပေါင်း
ချမ်းဆောင်းမြမြ တုန်ယင်
ကာလေ
နှလုံးသားမျက်ရည် မိုးသို့စွေ
ခဲ့ပေ
မ ရင်ထဲမှာနွေ...အသည်းလွှာ
အပေါင်း
ချမ်းဆောင်းမြမြ တုန်ယင်
ကာလေ
နှလုံးသားမျက်ရည်မိုးသို့ မစွေ
နဲ့လေ
ကျား ဘယ်လိုပင် ဝေးကွာဝေးအောင်
ပြေးကာပြေးလို့ တို့မှာမဖြေနိုင်
အသည်းလေးခွေယိုင် နှလုံးသား
တွေက မခိုင်
မ ဘယ်လိုပင် ဝေးကွာဝေးအောင်
ပြေးကာမပြေးကွဲ့ မေ့အသည်း
ညှာပိုင်
အသည်းလေးတူပြိုင် သစ္စာ
ပန္နက်ဖူးအခိုင်
စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီး တည်ရှိရာ ကျောင်းတော်ရာ ရွာသို့မရောက်မီကတည်းက ကျွန်တော့်နားထဲမှာ တေးသံရှင် ဗညားဟန်နှင့်စိုးစန္ဒာထွန်းတို့သီဆိုထားသော “စန္ဒကူးအလွမ်း”သီချင်းသံလေးက ပဲ့တင်ထပ်၍ ကြားယောင်လာမိသည်။ တေးရေးလက်ရာရှင်ကတော့ ကျောင်းတော်ရာသိန်းဝင်း ဖြစ်ပါသည်။
လွန်ခဲ့သည့်နှစ်ပေါင်း ၂၀ ကျော်က တိတိကျကျပြောရလျှင်၂၀၀၀ ပြည့်နှစ် အောက်တိုဘာလခန့်က စန္ဒကူးအလွမ်းသီချင်းဖန်တီးရှင် ကျောင်းတော်ရာသိန်းဝင်းသည်ပင်လျှင် အသက် ၆၈ နှစ်ရှိလာခဲ့လေပြီ။ သူ၏ အစ်ကိုရင်းဖြစ်သူ ဦးကြည်စိုးနှင့် တွေ့ဆုံစကားပြောခဲ့သဖြင့် ၂၀၀၀ ပြည့်နှစ် စန္ဒကူးနံ့သာ ကျောင်းတော်ရာဘုရား ရွှေသင်္ကန်းကပ်လှူပွဲနှင့် ထီးတော်တင်ပွဲသည် အဆိုတော်ဗညားဟန်၏ အနုပညာ ခရီးအစဖြစ်ကြောင်း သိခွင့်ရခဲ့သည်။
ကျောင်းတော်ရာကျေးရွာ တွဲဖက်အထက်တန်းကျောင်း ဆရာလေး ကိုမြင့်ဌေးသည် ကိုသိန်းဝင်း၏ စန္ဒကူးအလွမ်းသီချင်းကို ထိုဘုရားပွဲမှာ တေးသံရှင် စိုးစန္ဒာထွန်းနှင့်အတူတွဲ၍ သီဆိုခွင့်ရခဲ့၏။ ထိုမှဗညားဟန် ဖြစ်လာခဲ့သည်။ ဦးကြည်စိုးကိုယ်တိုင်လည်း ထိုအချိန်က တေးသံသွင်းဆိုင် ဖွင့်ထားသောကြောင့် အနုပညာနှင့်မစိမ်းလှ။
တေးရေးဆရာဦးသိန်းဝင်းသည် ယနေ့အချိန်ထိ တေးသီချင်းများ ရေးဖွဲ့သီကုံးနေဆဲဖြစ်ပြီး မကြာမီ တေးရေးသဟာအောင်တို့နှင့် တွဲ၍ ဖန်တီးထုတ်လုပ်ဦးမည်ဖြစ်ကြောင်း သိခဲ့ရသည်။ ကျောင်းတော်ရာကို ရွာဟုပြောနေရသော်လည်း စန္ဒကူးနံ့သာ ကျောင်းတော်ရာဘုရားကြီး၏ အရိပ်အာဝါသအောက်မှာ မြို့ပြအသွင်ဆောင်နေပြီဖြစ်သည်။ တိုက်နယ်ဆေးရုံရှိသည်။
မီးသတ်ဦးစီးဌာနရှိသည်။ လူမှုရေး၊ ဘာသာရေး အသင်းအဖွဲ့များ ရှိနေသည်။ ဆန်စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါစိုက်ခင်းများနှင့် တန်ဆာဆင်ထားသေး၏။
တို့နှစ်ဦးစုံညီ မြင်းလှည်းလေးနဲ့ ငါးစာကျွေးခဲ့ တူတူပြိုင်ပြိုင် မုန်းချောင်းရေအလျဉ် ရစ်ခွေဆင်းသို့တို့ချစ်ခြင်းက မပျက်ယွင်းခဲ့ပါနိုင်စန္ဒကူးအလွမ်းသီချင်းထဲက မုန်းချောင်းဘေးသို့မူ ကျွန်တော်မရောက်ဖြစ်တော့၊ ဘုရားနှင့် ၄ ဖာလုံခန့်သာဝေးသည် ဆို၏။
ဝါဆိုလပြည့်နေ့ရောက်တိုင်း ဘုရားလာဖူးကြသော မုန်းချောင်းထဲက ငါးထွေကြီးများ အကြောင်းကိုလည်း ကြားခဲ့ရသည်။ သောင်တွေထွန်းကာ ဂေဟစနစ်ပြောင်းသွား၍ပဲလား၊ စက်တပ်မော်တော်လေးတွေ အသွားအလာများ၍ ပဲလားတော့မသိ၊ တဖြည်းဖြည်း ကောင်ရေနည်းသွားပြီး ၂၀၁၁-၂၀၁၂ ခုနှစ်နောက်ပိုင်း မလာကြတော့ကြောင်း သိရသည်။ ငါးစာကျွေးဖူးသူများကတော့ အမှတ်တရ ရှိနေကြပါလိမ့်မည်။ စန္ဒကူးနံ့သာကျောင်းတော်ရာ ဘုရားမှသည် ရှင်ပင်စက္ကိန်းတဲစေတီတော်၊ မူလမြသလွန်စေတီတော်၊ မကွေးမြသလွန်စေတီတော်ထိ ရာဇဝင်တစ်ဆက်တစ်စပ်တည်း ရှိနေခဲ့သည့် ဘုရားသမိုင်းများကို အောက်ပါအတိုင်း လေ့လာဖတ်ရှုခဲ့ရပါသည်။
စန္ဒကူးနံ့သာ ကျောင်းတော်နေရာနှင့် စေတီတော်
ဘုရားရှင်လက်ထက် သုနာပရန္တတိုင်း မုန်းကမ်းပါးဘေးရှိ ဝါဏိဇ္ဇဂါမရွာ (ယခု သစ်တော်ရွာနေရာ)မှ ကုန်သည်သူကြွယ်၏သား မဟာပုဏ္ဏသည် မဇ္ဈိမတိုင်း သာဝတ္ထိပြည်သို့ရောက်ရှိကာ ဇေတဝန်ကျောင်းတော်တွင် ဘုရားရှင်အားဖူးတွေ့ပြီး ရဟန်းပြုခဲ့သည်။ ဘုရားရှင်ထံခွင့်ပန်၍ နေရပ်သို့ပြန်ခဲ့ရာတွင် စတုတ္ထသီတင်းသုံးရာနေရာဖြစ်သော မကုလကာရာမဝိဟာရနေရာ၌ ဝါဆိုသီတင်းသုံး တရားဓမ္မအားထုတ်ခဲ့ရာ ရဟန္တာဖြစ်တော်မူခဲ့သည်။ ထိုနေရာသည် ယခုကျောင်းတော်ရာစေတီတော်မြတ်ကြီးနှင့် မဝေးလှသော တောကျောင်းကုန်းအရပ် (ရေသနုပ်ကုန်း)ဟုခေါ်ကြောင်း သိရသည်။ ရဟန္တာမဟာပုဏ္ဏ၏ ညီဖြစ်သူ စူဠပုဏ္ဏသူကြွယ် ဦးဆောင်သော ကုန်သည် ၅၀၀ တို့သည် မလ္လာယုမည်သော မလယကျွန်းမှ စန္ဒကူးနံ့သာသစ်တို့ကို ခုတ်ယူ၍ အပြန်ခရီး၌လှိုင်းကြီးလေထန်ဖြစ်ပြီး ဘေးဒုက္ခတွေ့နေချိန် မဟာပုဏ္ဏမထေရ်က ကယ်တင်လိုက်ရသည်။ မဟာပုဏ္ဏမထေရ်၏ တိုက်တွန်းမှုဖြင့် မြတ်စွာဘုရားရှင်အား ဖူးမြော်ခွင့်ရကြရန်အတွက် ပါလာသော စန္ဒကူးနံ့သာသစ်တို့ဖြင့် ကျောင်းဆောက်လုပ်ကြသည်။ ဘုရားရှင်ကလည်း နောက်ပါရဟန္တာ ၅၀၀ ဖြင့် ကြွရောက်တော်မူလာပြီး ခုနစ်ရက်ပတ်လုံး သီတင်းသုံးနေထိုင်တော်မူကာ နောင်သောအခါ အရိမဒ္ဒန ပေါက္ကာရာမပြည်ကို အစိုးရသောမင်းလက်ထက် ငါ၏သရက္ခန်ကျောင်းနေရာ၌ စေတီတည်၍ကြီးစွာသော ပူဇော်ခြင်းကို ပြုလတ္တံ့ဟု ဗျာဒိတ်စကားမိန့်ကြားကာ ပြန်လည်ကြွမြန်းသွားခဲ့သည်။
စန္ဒကူးကျောင်းတော်မှ သစ်များကို လောဘ၊ ဒေါသ၊ မောဟဖုံးလွှမ်း၍ ဖျက်ဆီးယူငင်သုံးစွဲကြသော သတ္တဝါတို့ အပါယ်လားမည်ဖြစ်၍ မဟာပုဏ္ဏရဟန္တာမထေရ်သည် အဓိဋ္ဌာန် ၄ ချက်ကို ပြုတော်မူခဲ့သည်။ ယင်းအဓိဋ္ဌာန်အရ စန္ဒကူးနံ့သာကျောင်းတော်ကြီး ကွယ်ပျောက်သွားခြင်း၊ သေလာမယကျောက်စေတီ ပေါ်ပေါက်လာခြင်း၊ ကျောင်းတော်ကြီး မရှိတော့သော်လည်း အကျယ်အဝန်း မှတ်တိုင် ၄ ချက် ပေါ်ထွက်လာခြင်း၊ ဘုရားရှင်သီတင်းသုံးခဲ့သော နေရာဟူ၍ လူအပေါင်းတို့က မပြတ်ယုံကြည် ဆည်းကပ်ကိုးကွယ်ကြခြင်းတို့ဖြစ်ပါသည်။ ဘုရားရှင်၏ ဗျာဒိတ်တော်လာ အတိုင်းပင် သာသနာသက္ကရာဇ် ၁၆၃၇ ခုနှစ်၊ ကောဇာသက္ကရာဇ် ၄၅၄ ခုနှစ်တွင် နန်းတက်သော အလောင်းစည်သူမင်းသည် တိုင်းခန်းလှည့်လည်ရင်း သေလာမယကျောက်စေတီကို တွေ့ရှိခဲ့သည်။ ကျောက်ဂူအတွင်း၌ ဘုရားရှင်၏ဗျာဒိတ်တော် ကြေးပုရပိုက်ကိုလည်း တွေ့ရှိကြရ၍ လွန်စွာဝမ်းမြောက်ဝမ်းသာ ဖြစ်တော်မူကာ သေလာမယကျောက်စေတီကို ဌာပနာပြုလျက် စေတီတော်ကြီးအား တည်ထားကိုးကွယ်ခဲ့ကြောင်း သိရသည်။ ထိုစေတီကား ယနေ့ဖူးတွေ့နေရသော ကျောင်းတော်ရာ စေတီတော်ကြီးဖြစ်ပေတော့သတည်း။
ရှင်ပင်စက္ကိန်းတဲစေတီတော်
မြတ်စွာဘုရားရှင်သည် ကေလာသဖတောင်ထိပ်တွင် သိကြားမင်းဆက်ကပ် လှူဒါန်းသော မြသားသလွန်ပေါ်၌ ဖလသမာပတ်ကိုဝင်စားလျက် ကိန်းစက်တော်မူသည်က တစ်ကြောင်း၊ ဤကေလာသဖတောင်သည် အဝိဇဟိတဗ္ဗဌာနဖြစ်၍ ဘုရားရှင်တို့ မစွန့်ပယ်အပ်သော နေရာဖြစ်ပြီး အဆူဆူသော ဘုရားရှင်တို့ ကြွရောက်ကိန်းစက်တော်မူကြသည်က တစ်ကြောင်းတို့ဖြင့် စက္ကိန်းတဲတောင်ဟု ခေါ်ဝေါ်ကြကြောင်း သိရသည်။ မြတ်စွာဘုရားရှင် ကိန်းစက်တော်မူခဲ့သည့် တည်းကျောင်းမဏ္ဍပ်ကို ဌာပနာပြု၍ စေတီတည်ခဲ့သောကြောင့် ရှင်ပင်စက္ကိန်းတဲစေတီဟု ခေါ်တွင်ခဲ့ကြသည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီး သရေခေတ္တရာပြည့်ရှင် ဒွတ္တဘောင်မင်း လက်ထက် ရှိရင်းစွဲစေတီကိုငုံလျက် ပြုပြင်တည်ထားခဲ့ပြီးနောက် ကျန်စစ်သားမင်း၊ အလောင်းစည်သူမင်း၊ အင်းဝဘုရင် ပထမမင်းခေါင်၊ နရပတိစည်သူမင်းတို့ လက်ထက်တွင်လည်း ဆက်လက်ပြုပြင် တည်ထားကိုးကွယ်ခဲ့ကြကြောင်း လေ့လာတွေ့ရှိရပါသည်။ ရှေးမင်းအဆက်ဆက်တို့တွင် စကုမြို့ဝန်က ကြီးကြပ်၍ နှစ်စဉ်တော်သလင်းလဆန်း ၈ ရက်နေ့မှ လပြည့်နေ့ထိ ကုန်းပွဲ၊ ရေပွဲ၊ ဇာတ်ပွဲများ ခမ်းခမ်းနားနား ကျင်းပပြုလုပ်ခဲ့သည်ဟု ဆို၏။ သီပေါမင်း ပါတော်မူပြီးနောက် အင်္ဂလိပ်လက်ထက် မင်းဘူးမြို့သည် ခရိုင်မြို့ဖြစ်လာပြီး စေတီကုန်းမှာ တပ်စွဲခဲ့ကြသည်။ ဂျပန်ခေတ်တွင်လည်း စစ်ဘေးစစ်ဒဏ်သင့်ခဲ့သေး၏။ ၁၃၂၀ ပြည့်နှစ်တွင်မှ ရွှေဘိုဆရာတော်ဦးမုနိန္ဒက ဦးဆောင်၍ စေတီတော်ကြီးကို ပြန်လည်ပြုပြင် တည်ထားခဲ့ကြောင်း၊ ဂန္ဓကုဋီတိုက်တွင် မုခ်ဦး ၈ ပေါက်နှင့် ကမ္ဘာအေးဘုရား ပုံတော်ကဲ့သို့ တည်ဆောက်ခဲ့ကြောင်း သိရှိရပါသည်။
ဖန်ခါးမြေက မူလမြသလွန်စေတီတော်
သက္ကရာဇ် ၁၂၃ ခုနှစ်၌ မြတ်စွာဘုရားရှင်သည် နောက်ပါရဟန္တာငါးရာနှင့် စန္ဒကူးကျောင်းတော်သို့ ကြွရောက်တော်မူခဲ့ပြီး ခုနစ်ရက်ပတ်လုံး သီတင်းသုံးကာ ထိုမှစက္ကိန်းတဲတောင်ထိပ်သို့ ကြွရောက်သီတင်းသုံးခဲ့သည်။ ထိုနေရာသည်လည်း ရှေးက ဘုရားအဆူဆူကြွရောက်တော်မူသည့် နေရာဖြစ်သည့် အားလျော်စွာ ဘုရားရှင်များကြွလာတိုင်း သိကြားမင်းသည် ရတနာသလွန်တော်ကို လှူဒါန်းမြဲဖြစ်၍ မြသားအတိပြီးသော သလွန်တော်မြတ်ကို ဆက်ကပ်ပူဇော်ခဲ့သည်။ ဧရာဝတီမြစ်အရှေ့ဘက် ယူဇနာဝက်မျှဝေးကွာသော တောအုပ်တွင်နေကြသည့် ဘောကျော်၊ ဘောသော၊ ဘောသူရ၊ ဘောရသ၊ ယက္ခသာဂီ၊ ယက္ခဒါလီ ဘီလူးမောင်နှမ ၆ ယောက်တို့အနက် ညီအစ်ကို ၄ ယောက်တို့သည် ကြစုဖန်ခါးသီးများ ဆွတ်ယူပြီး မြတ်စွာဘုရားထံ ကပ်လှူပူဇော်ခဲ့ကြသည်။ ယင်းနောက် လောကတ္တ အကျိုးငှာ ကိုးကွယ်ရာကို တောင်းပန်လျှောက်ထားကြရာ ဘုရားရှင်က မြသလွန်တော်အား ပေးအပ်တော်မူခဲ့သည်။ ၎င်းင်းအပြင် ငါဘုရား သလွန်တည်ရာ နောင်အခါဝယ် သာသနာပွင့်လင်း၍ ဟောတော်မူရင်းဌာန မာကရဒေသ၌ နာဂရ မြို့ကြီးဖြစ်လတ္တံ့ဟု ဗျာဒိတ်စကားမြွက်ကြားတော်မူခဲ့သည်။ ဘီလူးညီနောင် ၄ ယောက်တို့သည် မြသလွန်တော်ကို ထမ်းယူပင့်ဆောင်၍ မိမိတို့နေရင်း တောအုပ်အတွင်း၌ စေတီတစ်ဆူတည်တော်မူခဲ့သည်။ သလွန်တော်ကိုဌာပနာပြီး တည်ခဲ့သော ယင်းစေတီတော်သည် ယခုမကွေးမြို့အနီး ဘုရားပျိုကျေးရွာတွင် တည်ရှိကာ ဉာဏ်တော်အမြင့် ၃၅ တောင်ဖြင့် မူလမြသလွန်စေတီတော်ဟု ဘွဲ့အမည် နာမပေးထားပါသည်။
မကွေးမြို့က မြသလွန်စေတီတော်
ဧရာဝတီမြစ်အရှေ့ဘက်ကမ်း ယူဇနာဝက်ခန့်ရှိ တောအုပ်နေရာ၌ ဘီလူးညီနောင် ၄ ဦးတို့ တည်ထားသော စေတီနေရာသည် မြတ်စွာဘုရား၏ ဗျာဒိတ်တော်နှင့် မညီသောကြောင့် သိကြားမင်းက သလွန်တော်ကိုပြန်လည် ပင့်ဆောင်ခဲ့ပြီး နဂုတ္တမတောင်ထိပ်တွင် ဌာပနာတိုက်ဖြင့် ခေတ္တထားရှိကာ ထိုမှတစ်ဆင့် ကဿပမြတ်စွာ ဘုရားရှင်၏ ရွှေသားသလွန်နှင့်အတူ ဖောင်တော်ပေါ်သို့ပင့်ဆောင်လျက် အကာအရံများစီမံဆောင်ရွက်တော်မူခဲ့ကြောင်း၊ ဘီလူးညီနောင် ၄ ဦးထဲမှ လူသားစင်စစ် ဧကန်ဖြစ်လာသူသာ သလွန်တော်ကိုဌာပနာ၍ စေတီတည်ခွင့်ရမည် ဖြစ်ကြောင်း ရှင်ရသေ့တို့ကို လျှောက်ထားခဲ့သည်ဆို၏။ မဟာဂါမအမည်ရ ဇနပုဒ်ရွာကြီးမှ သုဘောဂ
အမည်ရှိ သူဌေးကြီးသည် နဂုတ္တမတောင်တော်၌ စေတီတည်ထား ကိုးကွယ်ခွင့်ပြုရေး ရသေ့တို့ထံလျှောက်ထားခဲ့သော်လည်း အခွင့်မရခဲ့ပေ။ ဘီလူးညီနောင် ၄ ဦးထဲမှ ဘောကျော်နှင့်ဘောသောတို့ လူဖြစ်လာကြပြီး ဘောကျော်သည် သူဌေးကြီးသုဘောဂ၏ သမီး ရတနာပုဏ္ဏဝတီနှင့် ဖူးစာဆုံ၍ ထိမ်းမြားစုံဖက်ခွင့် ရခဲ့သည်။ ရှင်ရသေ့တို့၏ ခွင့်ပြုချက်အရ သုဘောဂသူဌေးကြီးနှင့် ဘောကျော်အပါအဝင် သားသမီးဆွေတော်မျိုးတော် တို့သည် နဂုတ္တမတောင်တော်၌ ရွှေသားသလွန်တော်၊ မြသလွန်တော်တို့ကို ဌာပနာပြုလျက် ဉာဏ်တော်အမြင့် ၃၅ တောင်ရှိ စေတီတော်ကို တည်ထားခဲ့ကြကြောင်း သိရှိရပါသည်။
အနော်ရထာမင်းလက်ထက်တွင် မြသလွန်စေတီတော်ကို ပြင်ဆင်ခြင်းငှာ မထိုက်ခဲ့ပေ။ သားတော် စောလူးမင်းလက်ထက် ရှင်အရဟံထံမှ သြဝါဒခံယူကာ မြသလွန်စေတီတော်ကြီးကို ဉာဏ်တော်အမြင့် ၅၅ တောင်ဖြင့် လည်းကောင်း၊ ပန်းရစ်တောင်စေတီတော်၊ ဆုတောင်းပြည့်စေတီတော်၊ ရသေ့ကျောင်း ၃ ကျောင်းနှင့် စေတီ ၃ ဆူ၊ သိမ်တော်ကြီးတစ်ဆောင်၊ သိကြားမင်းနတ်ကွန်းတစ်ဆောင်၊ ပုဏ္ဏဝတီတည်ခဲ့သော လင်လျာမျှော်စေတီနှင့် မကွေးမြို့တည်းဟူသော ရှစ်ဌာနကို တစ်ပြိုင်တည်း တစ်ချိန်တည်း နရီအမြောက်သံပေး၍ ပြုပြင်မွမ်းမံ တည်ထားခဲ့သည်။ ကျန်စစ်သားမင်းနှင့် အလောင်းစည်သူမင်းတို့ လက်ထက်၌လည်း ထပ်မံပြုပြင်တည်ထားခဲ့ကြသည်။ ကောဇာသက္ကရာဇ် ၁၂၀၉ ခုနှစ်တွင် ငလျင်ဒဏ်ခံခဲ့ရသော မြသလွန်စေတီတော်ကြီးအား မကွေးမြို့သူကြီး မင်းထင်မင်းလှကျော်ခေါင်က ဉာဏ်တော် ၆၆ တောင် ၂ မိုက်ထိ ပြန်လည်တည်ထား ကိုးကွယ်ခဲ့သည်။ မင်းတုန်းမင်းလက်ထက် မကွေးမြို့စားသတိုးမင်းကြီး မဟာမင်းလှသီဟသူ ကြည်ညိုသဒ္ဓါပွားကာ သုဝဏ္ဏစီဝရံ အလျှံကူးသန်း ရွှေသင်္ကန်းတော်ကို ကပ်လှူပူဇော်ခဲ့ကြောင်း သိရသည်။
စိတ်ကူးမှသည် လက်တွေ့အကောင်အထည်ဖော်နိုင်ရေးသို့
ပြီးခဲ့သည့် သြဂုတ်လ ၂၈၊ ၂၉၊ ၃၀ ရက်များတွင် ကျွန်တော်မကွေးမြို့သို့ ရောက်ခဲ့သည်။ ခရီးစဉ်၏ အဓိကရည်ရွယ် ရာသည် မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်ရှိ ဖူးပွင့်မျိုးသန့် စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက်၏ အထွက်တိုးမျိုးစပါး စိုက်ပျိုးထုတ်လုပ်နေမှုများကို ကြည့်ရှုအားပေးပြီး လာမည့်နှစ် မိုးစပါးရာသီ၌ သမဝါယမအသင်း အဖွဲ့များ၏ မိုးစပါးစိုက်ဧကများအတွက် အထွက်တိုးမျိုးစပါးများ ပံ့ပိုးကူညီပေးရေး ညှိနှိုင်းဆွေးနွေးရန်ဖြစ်သည်။ စိုက်ပျိုးရေးသမဝါယမ အသင်းအဖွဲ့များက ယခုနှစ် မိုးစပါးရာသီတွင် ၁၃၆၆၉၂ ဧက ပါဝင်စိုက်ပျိုးလျက်ရှိသည်။ လာမည့်နှစ် မိုးရာသီ၌ ယခုထက်ပိုမို၍ စိုက်ဧကတိုးချဲ့ပြီး ဆာဖိုးသာ-၁၊ GW-11 နှင့် အခြားအထွက်တိုး စပါးမျိုးများ စိုက်ပျိုးသွားရန် လျာထားဆောင်ရွက် သွားမည်ဖြစ်ပါသည်။
သြဂုတ်လ ၂၈ ရက်နေ့တွင် မကွေးတိုင်း ဒေသကြီးအစိုးရ အဖွဲ့ရုံးတွင် ဝန်ကြီးချုပ်နှင့် တွေ့ဆုံပြီး မကွေးတိုင်းဒေသကြီးအတွင်း သမဝါယမအသင်းများက မိုးစပါးစိုက်ဧက ၁၀၃၃၀ ဧက စိုက်ပျိုးနေမှုများနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆိုင်ရာများကို တင်ပြခဲ့သည်။ ယင်းသို့တွေ့ဆုံစဉ် ဝန်ကြီးချုပ်က မကွေးတိုင်းဒေသကြီးအတွင်း နှမ်းစိုက်ဧက ၁၀ သိန်းကျော် ရှိကြောင်း၊ ရိတ်သိမ်းပြီးချိန်တွင် ၁ ဧကလျှင် နှမ်းရိုး ၁ တန်ခွဲခန့် ကျန်ခဲ့ကြောင်း၊ ယင်းနှမ်းရိုးများကို တောင်သူများက သဘာဝမြေသြဇာအဖြစ် စနစ်တကျထုတ်လုပ်သုံးစွဲနိုင်အောင် ဆောင်ရွက်ပေးလိုကြောင်းမှာကြားပါသည်။ မှန်ပါသည်။ ကျွန်တော် သြဂုတ်လ ၃၀ ရက်နေ့က ဆင်ပေါင်ဝဲ မြို့နယ်ဘက်သို့ ခရီးဆက်ခဲ့စဉ် လမ်းဘေးဝဲ/ယာစိုက်ခင်းများထဲမှာ နှမ်းရိုးပုံကြီးများကို တွေ့မြင်ခဲ့ရသည်။ ဝန်ကြီးချုပ်၏လိုလားချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးသမဝါယမဦးစီးမှူးက စီမံချက်ရေးဆွဲ ဆောင်ရွက်ရန် တိုက်တွန်းမှာကြားခဲ့သည်။ ယင်းလုပ်ငန်း စတင်အကောင်အထည်ဖော်နိုင်ရေး အတွက် အောင်လံခရိုင် ဆင်ပေါင်ဝဲမြို့နယ် ချောင်းကောက်ကျေးရွာအုပ်စု ကိုးပင်ရွာမှ “အောင်ကောင်းမြတ်”လယ်ယာကုန်ထုတ်လုပ်မှုနှင့် အထွေထွေစီးပွားရေး လုပ်ငန်းသမဝါယမအသင်းသည် အသင်းသား ၅၅ ဦး၊ နှမ်းရိုးစင်းစက်၊ ဖြတ်စက်များဖြင့် နှမ်းရိုး၊ တင်လဲရည်၊ EM၊ နွားချေး၊ ဖွဲနု ပစ္စည်းများအသုံးပြု၍ သဘာဝမြေသြဇာထုတ်လုပ်ခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်နေပြီဖြစ်သည်။ တိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးဌာနမှ ပညာရှင်များ၊ ရေနံချောင်းမြို့မှ သဘာဝမြေသြဇာ ထုတ်လုပ်နေသည့် ပညာရှင်များကလည်း လာရောက်သင်ကြားပြသပေးပါမည်။ အဆင်ပြေစွာ ထုတ်လုပ်သုံးစွဲနိုင်ပါက သမဝါယမ အသင်းအနေဖြင့် တောင်သူများ၏ စိုက်ခင်းများသို့ အရောက်သွားကာ နှမ်းရိုးအခြေခံ သဘာဝမြေသြဇာ ထုတ်လုပ်ခြင်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက် ပေးသွားမည် ဖြစ်သည်။
ဘုရားလည်းဖူး မိုးစပါးလည်းစိုက်
မကွေးခရီးစဉ်မှာ ဘုရားပျိုကျေးရွာရှိ မူလမြသလွန်စေတီတော်ကို စတင်ဖူးမြော်ပြီးသကာလ စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်၊ ရှင်ပင်စက္ကိန်းတဲစေတီတော်၊ မကွေးမြသလွန်စေတီတော်တို့ကို ဖူးခွင့်ရခဲ့သည်။ မကွေးမြသလွန် စေတီတော်ကြီးကို ၂ ကြိမ်၊ ၃ ကြိမ်ခန့်ဖူးခွင့်ရသည်ကလွဲ၍ ကျန်စေတီများကို ကျွန်တော်မဖူးဘူးသေးပါ။ ဘုရားဖူးခွင့်ရခဲ့သော ခရီးစဉ်ဖြစ်သကဲ့သို့ မကွေးတိုင်းဒေသကြီးအတွင်းရှိ သမဝါယမအသင်းများ၏ မိုးစပါးစိုက်ပျိုးရေး လုပ်ငန်းများကို အားပေးကြည့်ရှုခွင့်လည်းရခဲ့ပါသည်။ မကွေးမြို့နယ် သဖန်းဆိပ်ကျေးရွာတွင် မကွေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်၏ ပံ့ပိုးငွေကျပ် သိန်း ၁၀၀ ဖြင့် သဖန်းဆိပ်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်း လီမိတက်က ဧရာပဒေသာ စပါးမျိုး ၄၉ ဧက စိုက်ပျိုးနေမှုကို လည်းကောင်း၊ ပွင့်ဖြူမြို့နယ် ကုလားဟောင်းကျေးရွာအုပ်စု ရွာသစ်ကလေးကျေးရွာရှိ မိုးစပါးစိုက်ခင်းများ အောင်ရေရရှိရေးအတွက် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးမှု အခြေအနေများကို လည်းကောင်း၊ ဆင်ပေါင်ဝဲမြို့နယ် ချောင်းကောက်ကျေးရွာရှိ အောင်ကောင်းမြတ် လယ်ယာကုန်ထုတ်သမဝါယမအသင်း၏ နွားမွေးမြူရေးနှင့် သဘာဝမြေသြဇာထုတ်လုပ်ရန် စီစဉ်ဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနက ဆင်ပေါင်ဝဲမြို့နယ် ညံတောအင်းကျေးရွာတွင်
ဆောင်ရွက်ပေးထားသည့် ၁၃၇ ကီလိုဝပ် ဆိုလာလျှပ်စစ်မြစ်ရေတင် လုပ်ငန်းတို့ကို လည်းကောင်း သွားရောက်ကြည့်ရှု အားပေးကာ ရာသီအလိုက် သီးနှံစိုက်ဧကများ စွမ်းအားပြည့်စိုက်ပျိုးရေး မှာကြားခဲ့ပါသည်။ ၎င်းင်းအပြင် မြို့သစ်မြို့နယ်ထဲက ဆူးတပ်ကြီးကျေးရွာအုပ်စုအတွင်း စိုက်ဧက ၅၀၀၀ ကျော်အား စိုက်ပျိုးရေး သမဝါယမအသင်းများ ဖွဲ့စည်း၍ လာမည့် နွေစပါး၊ မိုးစပါးရာသီအတွက် အထွက်တိုးစပါးမျိုးများ ပြောင်းလဲစိုက်ပျိုးရေး တောင်သူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။
အတွေးများနှင့် မကွေးမြို့က ပြန်ခဲ့သည်
စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီကိုဖူးရင်း ဘုရားသမိုင်းများကို စိတ်ဝင်စားဖွယ်လေ့လာနေမိသည်။ ထိုမှတစ်ဖန် မြန်မာနိုင်ငံ၏ ဆီအိုးကြီးဖြစ်သော မကွေးတိုင်းဒေသကြီးမှာ ဆီထွက်သီးနှံ စိုက်ပျိုးရေးကို သမဝါယမအသင်းအဖွဲ့များက ပါဝင်ဆောင်ရွက်ကြဖို့၊ ဆန်စပါးစိုက်ပျိုးရေးမှာလည်း အထွက်တိုးမျိုးများ အသုံးပြုလျက် ပန်းတိုင်အထွက်နှုန်းရရှိစေဖို့၊ သဘာဝမြေသြဇာများ ထုတ်လုပ်သုံးစွဲကြဖို့၊ စိုက်ပျိုးရေရရှိကြစေဖို့၊ ကုန်ထုတ်လမ်းတွေ ဖောက်လုပ်ပေးနိုင်ဖို့၊ ကျေးရွာချင်းဆက်လမ်းတွေ ကောင်းမွန်ဖို့... စသည်...စသည်ဖြင့် အတွေးပေါင်းများစွာကလည်း ပါလာခဲ့ချေပြီတမုံ့။ ။
မြင့်စိုး(နတလ)