ကျိုင်းတုံမြို့၊ ခေမရဋ္ဌဗျာဒိတ်တော်ပေး ရပ်တော်မူဘုရားကြီး၌ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအား ဆွမ်းလောင်းလှူပွဲပြုလုပ်

ကျိုင်းတုံမြို့၊ ခေမရဋ္ဌဗျာဒိတ်တော်ပေး ရပ်တော်မူဘုရားကြီး၌ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအား ဆွမ်းလောင်းလှူပွဲပြုလုပ်

 

နေပြည်တော်၊ ၂၀၂၃ အောက်တိုဘာ - ၂၁

     ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ခေမရဋ္ဌဗျာဒိတ်တော်ပေး ရပ်တော်မူဘုရားကြီး၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားတို့က သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်များအား ဆွမ်းလောင်းလှူပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဘုရားကြီး၌ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်းနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံတိုင်းရင်းသားများ တက်ရောက်ကြသည်။

     ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက  ဆွမ်းလောင်းလှူပွဲသို့ ကြွရောက်လာကြသည့် သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်  စုစုပေါင်း ၃၀၀ ပါးတို့ကို ဆွမ်းတော်၊ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ဆက်ကပ်လောင်းလှူ ကြသည်။ ထို့နောက် ဆွမ်းလောင်းလှူပွဲ ပိတ်ပွဲနှင့် ရေစက်ချမင်္ဂလာကို ဆက်လက်ပြုလုပ်ရာ သံသရာအေးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကောသလ္လ အမှူးပြုသော သံဃာတော်များကြွရောက်ချီးမြှင့်တော်မူကြသည်။ ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံသရာအေးကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုကြကာ သံဃာတော်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ၎င်းနောက် သာသနာ့ဝေပုလ္လပရိယတ္တိ စာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တ ဝိဇယထံမှ အနုမောဓနာတရား နာကြားကာ ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သတင်းရရှိသည်။