ရတနာများနှင့် သာယာလှသည့် မြန်မာပြည်

ရတနာများနှင့် သာယာလှသည့် မြန်မာပြည်

 

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက်)

    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အောက်တိုဘာလ ၂၀ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပသည့် ၂၀၂၃ ခုနှစ် နှစ်လယ်မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခဲ့ပြီး ၂၀၂၃ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ၌ ရောင်းချရန် မဏိရတနာကျောက်စိမ်း ခန်းမအတွင်း ပြသထားသောကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ပုလဲအတွဲများ၊ ပုဂ္ဂလိက ကျောက်မျက်ရတနာ အချောထည်အရောင်းပြခန်းများ၊ ခန်းမအပြင်ဘက်တွင် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းရိုင်းအတွဲများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာ အထွန်းကားဆုံး နိုင်ငံဖြစ်သည်နှင့်အညီ တိုင်းရင်းသားပြည်သူလူထု အပေါင်းမှာ အေးအတူပူအမျှ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်လျက်ရှိသည်။ စပါးဆန်ရေကျောက်သံ ပတ္တမြားတို့ ထွက်ရှိပြီး ကမ္ဘာတွင် နေထိုင်စရာကောင်းသော တိုင်းပြည်များတွင် တစ်ခုအပါအဝင်ဖြစ်သည်။  နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေ ရရှိရန်နှင့် နိုင်ငံသားများအတွက် စီးပွားအကျိုးဖြစ်ထွန်းမှုများ ရရှိနိုင်စေရန်အတွက် တူးဖော်ထုတ်လုပ်ထားသည့် ကျောက်မျက်ရတနာများကို ရောင်းချနိုင်မည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲများ ကျင်းပခဲ့သည်။  ပထမဆုံးအကြိမ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ၁၉၆၄ ခုနှစ်တွင် ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်၌ စတင်ကျင်းပခဲ့သည်။

၂၀၂၃ ခုနှစ် နှစ်လယ်ကျောက်မျက်ရတနာပြပွဲတွင် ပုလဲအတွဲပေါင်း ၃၀၀၊ ကျောက်မျက်အတွဲပေါင်း ၁၆၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၄၀၂၅ တွဲတို့ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။

ပုလဲအတွဲနှင့်ကျောက်မျက်အတွဲတို့ကို အမေရိကန်ဒေါ်လာဖြင့် ကြမ်းခင်းဈေး သတ်မှတ်ထားကာ ဝယ်ယူခွင့်ရရှိသည့် ပြည်ပရတနာ ကုန်သည်များအနေဖြင့် အမေရိကန်ဒေါ်လာ၊ ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့ဖြင့် လည်းကောင်း၊ ပြည်တွင်းရတနာကုန်သည်များ အနေဖြင့် ကျပ်ငွေဖြင့် လည်းကောင်း ပေးချေဝယ်ယူနိုင်မည်ဖြစ်သည်။

ကျောက်စိမ်းအတွဲများရောင်းချရာတွင် အုပ်စု(၃)စုခွဲခြားထားပြီး နိုင်ငံခြားငွေ ရရှိရန်အတွက် ကျောက်စိမ်းအတွဲအုပ်စု(အေ)နှင့်(ဘီ)ဖြင့် လည်းကောင်း၊ MSME လုပ်ငန်းရှင်များကို အားပေးမြှင့်တင်ရန်အတွက် အုပ်စု(စီ)ဖြင့် လည်းကောင်း သတ်မှတ်ထားကြောင်း သိရှိရသည်။ ကျောက်စိမ်းအတွဲ ၅၀၀ ပါဝင်သည့် အုပ်စု(အေ)ကို အမေရိကန်ဒေါ်လာဖြင့် ကြမ်းခင်းဈေး သတ်မှတ်ထားပြီး ပြည်ပရတနာကုန်သည်များသာမက ပြည်တွင်းရတနာ ကုန်သည်များပါ   အမေရိကန်ဒေါ်လာ၊ ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေ စသည့်နိုင်ငံခြားငွေဖြင့်ပေးချေဝယ်ယူရမည်။ ကျောက်စိမ်းအတွဲ ၁၇၃၃ တွဲပါဝင်သည့် အုပ်စု(ဘီ)ကို အမေရိကန်ဒေါ်လာဖြင့် ကြမ်းခင်းဈေး သတ်မှတ်ထားပြီး ပြည်ပရတနာကုန်သည်များ အနေဖြင့် နိုင်ငံခြားငွေဖြင့် လည်းကောင်း၊ ပြည်တွင်းရတနာကုန်သည်များအနေဖြင့် ကျပ်ငွေ သို့မဟုတ် နိုင်ငံခြားငွေဖြင့်လည်းကောင်း ပေးချေ ဝယ်ယူနိုင်မည်ဖြစ်သည်။

MSME လုပ်ငန်းရှင်များကို အားပေးမြှင့်တင်ရန် ရည်ရွယ်ရောင်းချသည့်ကျောက်စိမ်းအတွဲ ၁၇၉၂ တွဲပါဝင်သည့် အုပ်စု(စီ)ကိုကျပ်ငွေဖြင့် ကြမ်းခင်းဈေး သတ်မှတ်ထားပြီး ပြည်တွင်းရတနာ ကုန်သည်များကသာ ကျပ်ငွေဖြင့် ပေးချေဝယ်ယူခွင့်ရှိကြောင်း သိရှိရသည်။  ပြည်တွင်းရတနာကုန်သည်များ အနေဖြင့် တင်ဒါအောင်မြင်သည့် တန်ဖိုးအပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းကိုပေါင်းပြီး ထည့်သွင်းပေးချေရမည် ဖြစ်သည်။ နိုင်ငံတော်အနေဖြင့်ယခုကဲ့သို့ ကျောက်မျက်ရတနာပြပွဲများ ကျင်းပပေးသည့်အတွက် ကျောက်မျက်ရတနာ လုပ်ငန်းရှင်များမှာ စီးပွားရေးအခွင့်အလမ်းများ ရရှိစေမည်ဖြစ်သည်။ အထူးသဖြင့်  ကျောက်မျက်အချောထည် လုပ်ငန်းရှင်များအတွက် ပိုမိုအကျိုးရှိစေသည်။ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ ကိုယ်တိုင်ထုတ်လုပ်ထားသည့် ကျောက်မျက်ရတနာ အချောထည်များကို ယခုပြပွဲတွင်ပါဝင ခင်းကျင်းပြသပြီး ရောင်းချနိုင်သည့် အခွင့်အရေးကိုလည်း ရရှိစေခဲ့သည်။

ယခုပြပွဲတွင် ပါဝင်ပြသရောင်းချသည့် ပုလဲများမှာ အရွယ်အစားကြီးမားပြီး ပုလဲအလုံးရေများပြားကြောင်း သိရှိရသည်။ ပြီးခဲ့သည့်ပြပွဲတွင် မြန်မာ့ပုလဲအတွဲပေါင်း ၂၈၀ ပြသခဲ့ပြီး ယခုပြပွဲတွင် ပုလဲအတွဲပေါင်း ၃၀၀ ပြသထားသည်။ မြန်မာနိုင်ငံက ထွက်ရှိသည့်ပုလဲများကို အများဆုံး ဝယ်ယူသည့်ပြည်ပနိုင်ငံများမှာ တရုတ်၊ အိန္ဒိယ၊  ဂျပန်နှင့်ဟောင်ကောင်တို့ဖြစ်သည်။ မြန်မာ့ကျောက်မျက် ရတနာပြပွဲများကို ကျင်းပခြင်းအားဖြင့် နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာများ ပိုမိုရရှိလာမှာဖြစ်သကဲ့သို့ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအနေဖြင့်လည်း ဈေးကွက်အသစ်၊ ဝယ်သူအသစ်များ ရရှိစေမည်ဖြစ်သည်။ ၂၀၂၃ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက် ရတနာပြပွဲကို အောက်တိုဘာလ ၂၀ ရက်မှ ၂၈ ရက်အထိ ခင်းကျင်းပြသ ရောင်းချပေးသွားမည်ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။  ။