မြန်မာ့လယ်ယာ တစ်ခေတ်ဆန်းစေဖို့ စက်မှုလယ်ယာခေတ်ကို ဦးတည်စို့

မြန်မာ့လယ်ယာ တစ်ခေတ်ဆန်းစေဖို့ စက်မှုလယ်ယာခေတ်ကို ဦးတည်စို့

 

    မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံထားသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဆန်၊ ပဲ၊ ပြောင်း၊ ဝါ၊ ဆီထွက်သီးနှံ အထွက်နှုန်းများ ဖွံ့ဖြိုးတိုးတက်ရေး တစိုက်မတ်မတ် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသော  နိုင်ငံတစ်နိုင်ငံဖြစ်သည်။ စားရေရိက္ခာဖူလုံရေး အတွက် စိုက်ပျိုးရေးသာမက မွေးမြူရေးလုပ်ငန်းများလည်း အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ကြသည်။ ပြည်တွင်းမှ ပိုလျှံသည့် စားရေရိက္ခာများကို ပြည်ပသို့တင်ပို့ရောင်းချ နိုင်စွမ်းအားရှိသဖြင့်  မြေကြီးကရွှေသီးသည်ဟုပင် ပြောစမှတ်တွင်အောင်    စွမ်းဆောင်နိုင်ခဲ့သည်။

စားရေရိက္ခာဖူလုံရေးလုပ်ငန်း နယ်ပယ်သည် ကျယ်ဝန်းလှပြီး ယင်း၏အရေးပါမှုသည်   နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးနှင့် မသက်ဆိုင်ဘဲ ကမ္ဘာတစ်ဝန်းလုံးရှိ အသက်ရှင်သန်လိုသူတိုင်းနှင့်  သက်ဆိုင်နေသည့် အရေးဖြစ်သည်။

နိုင်ငံတော်သည် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးအတွက် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအား မြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေး၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကို ဘက်စုံဖွံ့ဖြိုး တိုးတက်အောင်  တည်ဆောက်လျက်ရှိရာ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍသည်  နိုင်ငံ့စီးပွားမြှင့်တင်ရေးကို များစွာအထောက်အကူပြုသည်ကို တွေ့ရှိရသည်။ သီးနှံအမျိုးမျိုး တိုးတက်ထုတ်လုပ် စိုက်ပျိုးရေးကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိစေရန်  မျှော်မှန်းအားထားလျက်ရှိသည်။

သို့မှသာ တစ်မျိုးသားလုံး  ကျန်းမာကြံ့ခိုင်ပြီး  အသိပညာ၊ အတတ်ပညာ နှစ်ဖြာတိုးတက်စည်ပင်လျက် ခေတ်မီနိုင်ငံတော်ကြီးကို တည်ဆောက်သွားနိုင်မည်ဖြစ်သည်။

သို့ဖြစ်၍နိုင်ငံတော်သည်    စီးပွားရေးမူဝါဒများ ခိုင်မာစွာချမှတ်လျက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်း များပိုမိုကျယ်ပြန့်စွာ   ထုတ်လုပ်ရေး၊   ကုန်ထုတ််စွမ်းအားများ   မြင့်မားလာစေရေး၊   တောင်သူများ ဝင်ငွေတိုးတက် ရရှိစေရေး၊ ဘေးကင်းလုံခြုံ၍ အာဟာရပြည့်ဝသည့်  စားနပ်ရိက္ခာများ ထုတ်လုပ်ရေးကို နည်းလမ်းပေါင်းစုံဖြင့် ဥပဒေ၊  နည်းဥပဒေ အကာအကွယ်များစွာဖြင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးရေးပံ့ပိုး ကူညီပေးလျက်ရှိသည်။  စိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်   မျိုးကောင်းမျိုးသန့်ရရှိရေး၊ မြေကောင်းမွန်ရေး၊ ရေလုံလောက်စွာရရှိရေး၊ နည်းစနစ် တကျစိုက်ပျိုးရေးဆိုင်ရာ အခြေခံ လိုအပ်ချက်များကို စနစ်တကျ အကောင်အထည်ဖော်ဆောင် ရမည်ဖြစ်သည်။ သို့မှသာ သီးနှံအထွက်နှုန်း ပန်းတိုင်ရရှိရေး(မျိုး၊ မြေ၊ ရေ၊ နည်း)စနစ်ကောင်းဖြင့် လယ်ယာစီးပွားခေတ်ကို အာမခံရရှိနိုင်မည်ဖြစ်သည်။

လယ်ယာကဏ္ဍ စိုက်ပျိုးမွေးမြူထုတ်လုပ်မှုသည် နိုင်ငံတော်၏ အမျိုးသားအသားတင် ထုတ်လုပ်မှု တန်ဖိုး၏ ၂၃ ဒသမ ၇ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ထားခြင်းကြောင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများသည် အရေးပါသောအခန်းကဏ္ဍကြီးမှ ပါဝင်နေပေသည်။ အဆိုပါကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး၊ လည်ပတ်နိုင်ရေး မောင်းနှင်အားမှာ ကျွမ်းကျင်လုပ်သားများပင်ဖြစ်သည်။   သို့သော် လယ်ယာလုပ်ငန်းခွင်တွင်   လိုအပ်လျက်ရှိသည့်  လုပ်သားရှားပါးမှု ပြဿနာများ ဖြစ်ပေါ်လျက်ရှိပြီး လုပ်သားလိုအပ်မှု အနည်းဆုံးဖြင့် ခေတ်မီစက်ကိရိယာများကို အသုံးပြုဆောင်ရွက်နိုင်မည့် နည်းလမ်းကို အစားထိုးရွေးချယ်   ဆောင်ရွက်ရမည်ဖြစ်သည်။ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် တောင်သူလယ်သမားများ၏ လူမှုအကျိုးစီးပွား ဘဝအခြေမြှင့်တင်ရန်အတွက်    မြန်မာ့ရေမြေသဘာဝနှင့် ကိုက်ညီပြီး အရည်အသွေး ကောင်းမွန်သော လယ်ယာသုံးစက်ကိရိယာများ ပိုမိုသုံးစွဲနိုင်ရေးနှင့် ခေတ်မီစက်မှုလယ်ယာစနစ်ကို အချိတ်အဆက်မိမိ  ကူးပြောင်းဆောင်ရွက်ရေး ကြိုးပမ်းဆောင်ရွက်မှုသည် လက်တွေ့ကျသော လုပ်ဆောင်ချက်ဖြစ်သည်။

လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် လူနှင့်တိရစ္ဆာန်များ၏ လုပ်အားဖြင့် ဆောင်ရွက်သည့် သမားရိုးကျ မိရိုးဖလာ စိုက်ပျိုးထုတ်လုပ်သည့်စနစ်မှ စက်ကိရိယာများကို အသုံးပြုဆောင်ရွက်မည့်  စက်မှုလယ်ယာ စနစ်သို့ပြောင်းလဲကျင့်သုံးလာကြပြီဖြစ်သည်။ သုံးစွဲသူတောင်သူလယ်သမားများ အနေဖြင့်လည်း လယ်ယာသုံး စက်ကိရိယာများ၏ အကျိုးရှိရှိထိရောက်လှပုံကို အပြောမဟုတ် လက်တွေ့ယုံကြည်ပြီး တိုးတက်သုံးစွဲလာသည်ကို တွေ့ရှိရသည်။ အလားတူ နိုင်ငံတော်မှလည်း တောင်သူပညာပေးလုပ်ငန်း တစ်ရပ်အနေဖြင့် လယ်ယာသုံးစက်ကိရိယာများဆိုင်ရာ  အသိပညာ၊အတတ်ပညာ လေ့ကျင့်ပညာပေးရေး လုပ်ငန်းများကို တိုးချဲ့ပြုလုပ်ပေးလျက်ရှိသည်။

လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ စက်ကိရိယာများ ကိုင်တွယ်သုံးစွဲရာတွင် စက်ကိရိယာများကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်မောင်းနှင် ထိန်းသိမ်းနိုင်ရေးနှင့် စက်ကိရိယာများ သက်တမ်းစေ့ အသုံးပြုနိုင်ရေး စက်ကိရိယာပိုင်းဆိုင်ရာ ကျွမ်းကျင်သည့် လုပ်သားများစွာ လိုအပ်လှပါသည်။ အဆိုပါလိုအပ်ချက်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနအောက်ရှိ  စက်မှုလယ်ယာဦးစီးဌာနမှ ဒေသအလိုက် စက်မောင်းလုပ်ငန်း လုပ်ကိုင်လိုသူများအတွက် ထွန်စက်ကြီးနှင့်  ရိတ်သိမ်းခြွေလှေ့စက် အပါအဝင် လယ်ယာသုံး စက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု သင်တန်းများကို   စက်မှုလယ်ယာသင်တန်းကျောင်း(မိတ္ထီလာ)၊ ပဲခူး(ဘုရားကြီး)နှင့် နေပြည်တော်(ရေဆင်း)တွင် သင်တန်းကာလနှစ်လဖြင့် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပြီး   ၂၀၁၁-၂၀၁၂ မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်  သြဂုတ်လကုန်အထိ သင်တန်း ၉၂ ကြိမ် စုစုပေါင်းတောင်သူ ၅၈၄၆ ဦး လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ပြီး သင်တန်းဆင်းဦးရေ၏ ၈၀ ရာခိုင်နှုန်းကိုလည်း အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့သည်ကို လေ့လာသိရှိရသည်။

စက်မှုလယ်ယာစနစ်ကူးပြောင်း အကောင်အထည်ဖော်ရာတွင် စက်မှုလယ်ယာဦးစီးဌာနမှ လယ်ယာဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ လယ်ယာသုံး စက်ကိရိယာများ ဖြန့်ဖြူးပေးခြင်း၊ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ပြင်ဆင်ရေးဆိုင်ရာ လေ့ကျင့်ပညာပေးသင်တန်းများ  ဖွင့်လှစ်ပေးခြင်း၊  စနစ်ကျလယ်ယာမြေများနှင့် ကုန်းမြင့်လယ်ယာမြေများဖော်ထုတ်ပေးခြင်း၊ လယ်ယာသုံးစက်ကိရိယာအမျိုးမျိုးကို သုတေသနပြု စမ်းသပ်ခြင်းနှင့် ကွင်းဆင်းသရုပ်ပြခြင်း၊ စက်မှုလယ်ယာ ကူးပြောင်းရေးတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များ  အင်တိုက်အားတိုက်ပါဝင်ရေး  စည်းရုံးဆောင်ရွက်ခြင်းလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

စက်ပြင်ကျွမ်းကျင်သူများ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး  လယ်ယာသုံးစက်ကိရိယာ စက်ပြင်သင်တန်းများကို စက်မှုလယ်ယာဦးစီးဌာနရှိ ရန်ကုန်(ကျိုက္ကလို့)နှင့် ကျောက်ဆည်(အင်းကုန်း)ရှိ ပင်မစက်ပြင်အလုပ်ရုံနှစ်ရုံနှင့်  ပျဉ်းမနား၊ ဟင်္သာတ၊ မကွေး၊ မြောင်းမြ၊ မအူပင်၊ မုံရွာ၊ သထုံနှင့် ရွှေညောင်မြို့နယ်ရှိ အလတ်စားစက်ပြင်အလုပ်ရုံ ရှစ်ရုံတို့တွင် သင်တန်းကာလတစ်လဖြင့် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပြီး  ၂၀၁၆-၂၀၁၇ မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် သြဂုတ်လကုန်အထိ သင်တန်း ၁၅၉ ကြိမ်၊ စုစုပေါင်းတောင်သူ  ၅၀၃၄ ဦးအား  လက်တွေ့သင်ကြားလေ့ကျင့်ပေးခဲ့သည်။ သင်တန်းကျောင်းများနှင့် စက်ပြင်အလုပ်ရုံများတွင် သင်တန်းမတက်ရောက်နိုင်သည့် လယ်ယာသုံးစက်ကိရိယာ စိတ်ပါဝင်စားသူ တောင်သူများအတွက် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု  အခြေခံသင်တန်းများကို တိုင်းဒေသကြီးနှင့်  ပြည်နယ်များရှိ မြို့နယ်စက်မှု လယ်ယာစခန်းများတွင် သင်တန်းကာလ သီတင်းနှစ်ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ၂၀၁၁-၂၀၁၂ မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်  သြဂုတ်လကုန်အထိ သင်တန်း ၇၇၀ ကြိမ်၊ စုစုပေါင်းတောင်သူ ၂၃၉၈၄ ဦးအား လေ့ကျင့်သင်ကြားပေးနိုင်ခဲ့သည်ကို လေ့လာတွေ့ရှိရသည်။

မျက်မှောက်ကာလတွင် မြေယာပြုပြင်ထွန်ယက် အသုံးပြုနိုင်သည့် ထွန်စက်ကြီး၊ လက်တွန်းထွန်စက်များမှာ တောင်သူများလက်ဝယ်တွင် ကျယ်ပြန့်စွာသုံးစွဲလာကြသည်ကို တွေ့ရှိရပြီး  လက်တွေ့လုပ်ငန်းခွင်၌ လယ်ယာသုံးစက်ကိရိယာများ  စက်စွမ်းအားပြည့်၊ သက်တမ်းပြည့် မှန်ကန်စွာ အသုံးပြုရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ နည်းစနစ်တကျ မောင်းနှင်ပြင်ဆင် ထိန်းသိမ်းတတ်စေရေး   လိုအပ်လျက်ရှိပေသည်။ စက်မှုလယ်ယာဦးစီးဌာနမှ ဖွင့်လှစ်သည့် စက်မှုလယ်ယာဗဟိုသင်တန်းကျောင်း   (မိတ္ထီလာမြို့)၊ လယ်ယာသုံးစက်ကိရိယာ ကျွမ်းကျင်မှုလက်မှတ်ရ သင်တန်း တစ်နှစ်သင်တန်းတွင် ထွန်စက်ကြီးနှင့် တွဲဖက်ကိရိယာအမျိုးမျိုး မောင်းနှင်ထိန်းသိမ်းနည်းနှင့် ပြင်ဆင်ရေးဘာသာရပ်၊ လက်တွန်းထွန်စက်မောင်းနှင် ထိန်းသိမ်းနည်းနှင့် ပြင်ဆင်ရေးဘာသာရပ်၊ ကောက်စိုက်စက် မောင်းနှင်ထိန်းသိမ်းနည်းနှင့်    ပြင်ဆင်ရေးဘာသာရပ်၊ ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ထိန်းသိမ်းနည်းနှင့် ပြင်ဆင်ရေး ဘာသာရပ်များအပြင် အထောက်အကူပြုဘာသာရပ်များဖြစ်သည့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး၊ အလုပ်ရုံသုံး ကိရိယာများ၊ အခြေခံ လျှပ်စစ်ပြုပြင်ထိန်းသိမ်းနည်းနှင့်  LIFE SKILLS  & (Sort, Set in Order, Shine, Standardize and Sustain) ဆိုတဲ့ 5S Methodologyဘာသာရပ်များကို စာတွေ့၊  လက်တွေ့ လေ့ကျင့်သင်ကြား ပို့ချပေးလျက်ရှိသည်။       

နိုင်ငံတော်သည် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သမားရိုးကျ လယ်ယာစိုက်ပျိုးရေးစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်း ဆောင်ရွက်လျက်ရှိပြီး  ခေတ်မီနည်းပညာမြင့်   လယ်ယာသုံးစက်ကိရိယာများကို   ကျွမ်းကျင်စွာမောင်းနှင်ပြင်ဆင် ထိန်းသိမ်းနိုင်မည့် ပညာတတ်လူငယ်လူရွယ် စက်မှုလယ်ယာကျွမ်းကျင် လုပ်သားကောင်းများ ဒေသအလိုက် ပေါ်ထွက်ရေး၊ ကျယ်ကျယ်ပြန့်ပြန့် လေ့ကျင့်မွေးထုတ်ပေးလျက်ရှိပေသည်။ အဆိုပါသင်တန်းများမှ ပေါ်ထွက်လာမည့် သင်တန်းဆင်းများသည် အသက်မွေးဝမ်းကျောင်း လုပ်ငန်းနယ်ပယ်တွင် နိုင်ငံအဆင့်ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်ဖြင့် လယ်ယာသုံး စက်ကိရိယာ ကျွမ်းကျင်မှုဆိုင်ရာ အလုပ်အကိုင်အခွင့် အလမ်းကောင်းများ  ပိုမိုရရှိစေသဖြင့်  ခေတ်ကို မြော်တွေး နိုင်ငံရှေ့ရေးအတွက် စက်မှုလယ်ယာခေတ်ကို ဖော်ဆောင်သွားနိုင်သဖြင့်   “မြန်မာ့လယ်ယာတစ်ခေတ်ဆန်းစေဖို့   စက်မှုလယ်ယာခေတ်ကို ဦးတည်စို့”ဟု  တိုက်တွန်းအကြံပြု  ရေးသားလိုက်ရပါသည်။  ။