အကြောင်းအမျိုးမျိုးကြောင့် နေရာဒေသအသီးသီးသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ဖိတ်ခေါ်ခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

သတင်းထုတ်ပြန်ချက်

အကြောင်းအမျိုးမျိုးကြောင့် နေရာဒေသအသီးသီးသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ဖိတ်ခေါ်ခြင်း

၁။    တပ်မတော်က နိုင်ငံတော်တာဝန်ကို လွှဲပြောင်းရယူခဲ့ရသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းမှစ၍ NLDပါတီဝင်များ၊ ၎င်းပါတီကိုထောက်ခံသူ အစွန်းရောက်များ၊ မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH နှင့် NU ၊ CDM လှုံ့ဆော်မှုနှင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို မလိုလားသည့် ပြည်တွင်း၊ ပြည်ပမှ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ သွေးထိုးလှုံ့ဆော်မှု၊ ခြောက်လှန့်မှုတို့ကြောင့် အချို့သောကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် မိမိတို့နိုင်ငံသားများသည် EAO များတည်ရှိရာ နေရာများနှင့် ပြည်ပနိုင်ငံများသို့ စိုးရိမ်စိတ်များဖြင့် တိမ်းရှောင်နေကြောင်း သိရှိရပါသည်။

၂။    ၎င်းတို့အနေဖြင့် မတရားအသင်းနှင့် အကြမ်းဖက် အုပ်စုများဖြစ်သည့် CRPH နှင့် NUG ၊  ၎င်းတို့နှင့် ဆက်စပ်နေသည့် ပုဂ္ဂိုလ်အချို့၏ ထုတ်ပြန်ခဲ့သည့် အာဏာရှင်ဆန်သည့် ထုတ်ပြန်ချက်၊ ပြောကြားချက်တို့ အပေါ်တွင်လည်း ထပ်မံစိုးရိမ်လျက်ရှိပြီး ရောက်ရှိရာနေရာများ၌လည်း  လုံခြုံရေး အာမခံချက်မရှိမှု၊  လူမှုစီးပွားဘ၀ အဆင်မပြေ ခက်ခဲမှုတို့နှင့်ရင်ဆိုင်နေရသဖြင့် မိမိတို့နေရပ်ဒေသ အသီးသီးသို့ ပြန်လာလိုသည့် ဆန္ဒများ ဖြစ်ပေါ်နေသည်ကို သတင်းရရှိပါသည်။

၃။    ယခုဖြစ်စဉ်ကာလအတွင်း လူသတ်မှု၊ လုယက်မှု၊ မီးရှို့မှု၊ မိုင်းဖောက်ခွဲမှု၊ လုံခြုံရေး တပ်ဖွဲ့ဝင်များအား ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှု၊ ပြည်သူ့ဝန်ထမ်းများနှင့် ပြည်သူအချို့အား အုပ်စုဖွဲ့ ကိုယ်ထိလက်ရောက် တိုက်ခိုက်မှု၊ အစိုးရပိုင် အဆောက်အဦများနှင့် ပုဂ္ဂလိကပိုင် အဆောက်အဦများအား ဖျက်ဆီးမှု၊ (CDM) လှုပ်ရှားမှုတွင် ငွေကြေးအရဖြစ်စေ၊ အခြားနည်းလမ်းဖြင့်ဖြစ်စေ၊ နက်ရှိုင်းစွာ ကာယကံမြောက် ပါဝင်သူများမှအပ စိုးရိမ်စိတ်ကြောင့် ထွက်ပြေး တိမ်းရှောင်နေကြသည့်ဝန်ထမ်းများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ အခြားနယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်များ၊ နိုင်ငံသားများအား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် အထူးသက်ညှာစွာ ဖြေလျော့ ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

၄။    မိမိနေရပ်ဒေသ အသီးသီးမှ စွန့်ခွာတိမ်းရှောင် နေရသူများသည်လည်း မိမိတို့နိုင်ငံသားများဖြစ်သောကြောင့် ၎င်းတို့အနေဖြင့် တိမ်းရှောင်ရောက်ရှိနေရာများမှ မြန်မာနိုင်ငံရှိ ၎င်းတို့ဒေသအသီးသီးသို့ ပြန်လည်ဝင်ရောက်ရေး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက စီမံဆောင်ရွက် သွားမည်ဖြစ်ပါသည်။

၅။ သို့ဖြစ်ပါ၍ နေရပ်ဒေသအသီးသီးသို့ အကြောင်းအရာ တစ်မျိုးမျိုးဖြင့် ပြစ်မှုကျူးလွန်ထားသူများမှအပ စိုးရိမ်စိတ်ကြောင့် တိမ်းရှောင်နေရသူများအနေဖြင့် မိမိတို့၏ ကိုယ်ပိုင်စိတ်ဆန္ဒအရ မြန်မာနိုင်ငံရှိ မိမိတို့၏နေရပ်များသို့ ပြန်လည်ဝင်ရောက်လိုပါက ဥပဒေအရ ဖြေလျော့ပေးမှုများနှင့်အညီ ပြန်လည် ဝင်ရောက်နိုင်ရေး နီးစပ်ရာ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင်စီမံအုပ်ချုပ်ရေး ကောင်စီများနှင့်  ပြည်ပရောက်နိုင်ငံသားများ အနေဖြင့် သက်ဆိုင်ရာသံရုံး၊ စစ်သံရုံး၊ ကောင်စစ်ဝန်ရုံးများသို့  ဆက်သွယ် ဆောင်ရွက်နိုင်ပါရန်  သတင်းထုတ်ပြန်အပ်ပါသည်။