ကြည်ညိုဖူးမြော် အင်းလေးဖောင်တော်ဦးဗုဒ္ဓမြတ်ဘုရားရုပ်ပွားတော်
အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ညောင်ရွှေမြို့ရှိ အဋ္ဌဒိသာဓမ္မဝိဟာရကျောင်းတော်ကြီးသို့ ပင့်ဆောင်အပူဇော်ခံပွဲကို အောက်တိုဘာလ ၂၁ ရက် နံနက်ပိုင်းကကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ပြီး ဖောင်တော်ဦးဗုဒ္ဓရုပ်ပွားတော်မြတ်အား ဦးဆောင်ပြီး ပင့်ဆောင်ပူဇော်ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နဲ့အတူ ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနဲ့ဇနီး၊ ကောင်စီဝင်များနဲ့ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနဲ့ ဇနီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများနဲ့ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ စည်ကားသိုက်မြိုက်စွာ တက်ရောက်ကြည့်ရှု ဖူးမြော်ကြည်ညိုကြတဲ့သတင်းကို အောက်တိုဘာလ ၂၁ ရက်နေ့ည ရုပ်မြင်သံကြားသတင်းမှာ မြင်တွေ့လိုက်ရပါတယ်။
အင်းလေးဖောင်တော်ဦးဘုရားပွဲတော်ဆိုတာ မြန်မာနိုင်ငံမှာ အထင်ကရပွဲတော်တစ်ခုဖြစ်ပါတယ်။ အဲဒီပွဲတော်ကိုဒေသခံပြည်သူတွေသာမကဘဲ ပြည်တွင်း၊ ပြည်ပဧည့်သည်တော်တွေနဲ့ စည်ကားများပြား လှပါတယ်။ အင်းလေးဒေသဟာ ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်မှာတည်ရှိပြီး သမိုင်းဝင်အင်းလေး ဖောင်တော်ဦးရုပ်ရှင်တော်မြတ်များမှာ သီတင်းကျွတ်လဆန်း ၁ ရက်(အောက်တိုဘာလ ၁၅ ရက်)ကစပြီး ကရဝိက်ဖောင်တော်နဲ့ဒေသစာရီ ၂၆ ဌာနခရီးစဉ်ကြွရောက်နေတာ ဖြစ်ပါတယ်။ အောက်တိုဘာလ ၂၁ ရက်နေ့မှာတော့ ညောင်ရွှေမြို့ကို ရောက်ရှိပါတယ်။ ညောင်ရွှေမြို့အတွင်း လှည့်လည်ပူဇော်ခံပြီး အဋ္ဌဒိသာဓမ္မဝိဟာရကျောင်းတော်ကြီးမှာ (၃)ညတာကိန်းဝပ်စံပယ်တော်မူမှာ ဖြစ်ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ဇနီး၊ အခမ်းအနား တက်ရောက် လာကြသူများဟာ ဖောင်တော်ပြန်ဧည့်ရိပ်သာသို့ ရောက်ရှိကြတဲ့အခါ ဒေသခံ တိုင်းရင်းသားပြည်သူတွေက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြပါတယ်။ တိုင်းရင်းသားရိုးရာအကအဖွဲ့များရဲ့ ကိန္နရီကိန္နရာအက၊ ရှမ်းတိုင်းရင်းသားရိုးရာအက၊ တိုးနရားအက၊ အင်းတိုင်းရင်းသားမီးဆုခံအက၊ ဓားသိုင်းအက၊ ပအိုဝ်းတိုင်းရင်းသားအက၊ ရှမ်းကြီးအကစတဲ့ ယဉ်ကျေးမှုပဒေသာ ကပွဲဖျော်ဖြေနေမှုများကို ကြည့်ရှုအားပေးပါတယ်။ အဲ့နောက် ဖောင်တော်ပြန်ဧည့်ရိပ်သာမှ ဖောင်တော်ဆိုက်ပြာသာဒ်ဆောင်ကို စက်လှေများနဲ့ထွက်ခွာရောက်ရှိပြီး ကရဝိက်ဖောင်တော်နဲ့ ရောက်ရှိလာတဲ့ အင်းလေးဖောင်တော်ဦးမြတ်စွာ ဘုရားရုပ်ပွားတော်မြတ်များကို ဖူးမြော်ကြည်ညိုကြပါတယ်။ အင်းလေးဖောင်တော်ဦးရုပ်ပွားတော်မြတ်များ ညောင်ရွှေမြို့အတွင်း လှည့်လည်ပူဇော်ခံတဲ့အခါ မြင်တွေ့ရတဲ့မြင်ကွင်းကတော့ တကယ့်ကို ကြည်နူးဝမ်းသာ ပီတိဖြာစရာပါပဲ။
လမ်းဘေးဝဲယာတစ်လျှောက်မှာ တိုင်းရင်းသားပြည်သူတွေက မြတ်စွာဘုရားကို ဖူးမြော်ကြည်ညိုရင်း လှူဖွယ်ပစ္စည်းတွေ၊ ဝတ္ထုငွေတွေထည့်ဝင်လှူဒါန်းကြပါတယ်။
လူထုပရိသတ်ကြီးကလည်း များပြားလှသလို သူတို့ရဲ့မျက်နှာတွေမှာ ပြုံးပြုံးရွှင်ရွှင် ကြည်ကြည်နူးနူးနဲ့ ရှိနေကြပါတယ်။
တစ်နှစ်မှာတစ်ခါကြုံရတဲ့ အင်းလေး ဖောင်တော်ဦးဘုရားလှည့်လည်ပူဇော်ပွဲကို မျှော်လင့်စောင့်စားပြီး အားပါးတရ ဖူးမြော်နေကြတာကို ရုပ်မြင်သံကြားသတင်းမှာ တွေ့မြင်ကြရမည်ဖြစ်သလို အပြင်မှာလည်းတကယ့်ကို ခမ်းခမ်းနားနား စည်ကားများပြားကြောင်း သိရှိရပါတယ်။ အင်းလေးဖောင်တော်ဦး ဘုရားပွဲတော်မှာ အမြဲတမ်း ထည့်သွင်းကျင်းပတဲ့ ပြိုင်ပွဲကတော့ အင်းသားရိုးရာလှေလှော်ပြိုင်ပွဲဖြစ်ပါတယ်။ အင်းသားရိုးရာလှေလှော်ပြိုင်ပွဲကို နိုင်ငံတော်အကြီးအကဲနဲ့ဇနီး ကိုယ်တိုင်တက်ရောက် အားပေးပါတယ်။ အဆိုပါပြိုင်ပွဲမှာ အမျိုးသား(၄၆)တက် အင်းသားရိုးရာလှေလှော်ပြိုင်ပွဲ၊ အမျိုးသားရာကျော် လှေအင်းသားရိုးရာ လှေလှော်ပြိုင်ပွဲ၊ အမျိုးသားတစ်ဦးချင်း အင်းသားရိုးရာလှေလှော်ပြိုင်ပွဲ၊ အမျိုးသမီး(၂၆)တက် အင်းသားရိုးရာ လှေလှော်ပြိုင်ပွဲတွေ ပါဝင်ယှဉ်ပြိုင်ကြပါတယ်။
မြန်မာသာမက ကမ္ဘာမှာဘယ်နေရာမှာမှမရှိနိုင်တဲ့ လှေလှော်ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။ အင်းလေးသူ၊ အင်းလေးသားတို့ဟာ ပြိုင်ပွဲအမျိုးအစားအလိုက် အနိုင်မခံအရှုံးမပေးတဲ့ စိတ်ဓာတ်တွေနဲ့ ခြေထောက်ကို အသုံးပြုပြီး လှေကိုလှော်ခတ်ကြတာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်လှေလှော်အသင်းတွေရဲ့တက်တက်ကြွကြွ ယှဉ်ပြိုင်နေပုံတွေ၊ နိုင်ငံတော်အကြီးအကဲ အပါအဝင် ဧည့်ပရိသတ်အပေါင်းရဲ့ သောင်းသောင်းဖြဖြအားပေးတဲ့ လက်ခုပ်သံတွေနဲ့ တကယ့်ကို တစ်ခဲနက်အားပေးနေကြပါတယ်။ ဆုရရှိကြတဲ့ပြိုင်ပွဲဝင်အသင်းတွေကို ဆုချီးမြှင့်ကြပါတယ်။
အင်းသားလှေလှော်ပြိုင်ပွဲနဲ့ ဆုချီးမြှင့်ပွဲ အခမ်းအနားအပြီးမှာတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ အဖွဲ့ဝင်များက အခမ်းအနားတက်ရောက်လာကြတဲ့ ဒေသခံပြည်သူတွေကို ရင်းရင်းနှီးနှီး နှုတ်ဆက်ပါတယ်။
ဒေသခံတိုင်းရင်းသားပြည်သူတွေကလည်း ရိုးရာအိုးစည်ဗုံမောင်းများ တီးမှုတ်ပြီးလှိုက်လှဲနွေးထွေးစွာ ပြန်လည်ဂါရဝပြုနှုတ်ဆက်ကြတာကို တွေ့မြင်ရတာဟာလည်း နိုင်ငံတော်အကြီးအကဲအပေါ် ပြည်သူတွေရဲ့ အားပေးထောက်ခံမှု၊ အားကိုးယုံကြည်မှုတွေပဲ ဖြစ်ပါတယ်။
အဲ့နောက်မှာတော့ နိုင်ငံတော်အကြီးအကဲနဲ့ဇနီးဦးဆောင်တဲ့အဖွဲ့ဝင်များက အင်းလေးဖောင်တော်ဦး မြတ်စွာဘုရား ခေတ္တကိန်းဝပ်စံပယ်တော်မူတဲ့ အဋ္ဌဒိသာဓမ္မဝိဟာရကျောင်းတော်ကြီးကိုရောက်ရှိပြီး အင်းလေးဖောင်တော်ဦး မြတ်စွာဘုရားရောက်ရှိလာမှုများအား ကြိုဆိုဖူးမြော်ပါတယ်။
မြန်မာနိုင်ငံမှာ ပြည်တွင်းပြည်ပခရီးသွားလာသူတွေ စိတ်ဝင်စားတဲ့နေရာတွေ အများကြီးရှိပါတယ်။ အဲဒီအများကြီးထဲမှာ တစ်ခုအပါအဝင်ဖြစ်တာကတော့ အင်းလေးကန်ဒေသ ဖြစ်ပါတယ်။ ကမ္ဘာ့ပထမဆုံး ခြေထောက်နဲ့လှေလှော်တဲ့နေရာဟာ အင်းလေးကန်ဒေသဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာရှိတဲ့ အင်းတော်ကြီးပြီးရင် ဒုတိယအကြီးဆုံးနေရာကတော့ ရှမ်းပြည်နယ်တောင်ပိုင်းကအင်းလေးကန်ဒေသပါပဲ။ တောင်နဲ့ မြောက်တန်းနေတဲ့ တောင်တန်းကြီးနှစ်ခုအကြားမှာ ချိုင့်ဝင်နေတဲ့ ညောင်ရွှေချိုင့်ဝှမ်းကြီးရဲ့ အလယ်မှာ အနက်ရှိုင်းဆုံးတည်ရှိနေပါတယ်။
လောပိတမှာရှိတဲ့ ရေအားလျှပ်စစ်ထုတ်လုပ်တဲ့ စက်ရုံအတွက် အဓိကကျတဲ့ရေအရင်းအမြစ် သဘာဝရေလှောင်ကန်ကြီး တစ်ခုလည်း ဖြစ်ပါတယ်။
အင်းလေးကန်ဒေသဟာ မြန်မာနိုင်ငံမှာ ပထမဆုံးယူနက်စကိုရဲ့ ဇီဝအ၀န်းနယ်မြေအဖြစ် အသိအမှတ်ပြု ခံထားရတဲ့ နေရာဒေသ ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ၂၀၁၅ ခုနှစ် ဇွန်လ ၈ ရက်မှ ၁၂ ရက်အထိကျင်းပခဲ့တဲ့ (၂၇)ကြိမ်မြောက်ကုလသမဂ္ဂပညာရေး၊ လူမှုရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့(ယူနက်စကို)၏ လူသားနှင့်ဇီဝအဝန်းနယ်မြေ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကောင်စီအစည်းအဝေးမှာ မြန်မာနိုင်ငံ ရှမ်းပြည်နယ် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ်မှာရှိတဲ့ အင်းလေးကန်ဒေသကို မြန်မာနိုင်ငံရဲ့ပထမဆုံး ဇီဝအ၀န်းနယ်မြေ (Biosphere Reserve) အဖြစ်သတ်မှတ်ခဲ့ပါတယ်။ အင်းလေးကန် ဒေသဟာ မြန်မာနိုင်ငံရှိ သဘာဝကုန်းတွင်း ရေကန်များအနက် ဒုတိယအကြီးဆုံးဖြစ်ပါတယ်။ အင်းလေးကန်ရဲ့သက်တမ်းဟာ နှစ်သန်းပေါင်း ၂ သန်းခန့်ကြာနေပြီလို့ ပြောကြပေမယ့် ခုနှစ်၊ သက္ကရာဇ်ကိုတော့ အတိအကျမပြောထားကြပါဘူး။ အင်းလေးဒေသမှာ အဓိကနေထိုင်သူတွေကတော့ အင်းသား၊ ရှမ်း၊ ပအိုဝ်း၊ တောင်သူ၊ ဓနုလူမျိုးတွေနေထိုင်ကြပါတယ်။
အင်းလေးကန်ဒေသလို့ ဆိုထားပေမယ့် အင်းသားတွေချည်းနေထိုင်ကြတာမဟုတ်ပါဘူး။ ဒါကတော့ မြန်မာနိုင်ငံနေရာဒေသအားလုံးလိုလိုမှာ တိုင်းရင်းသားတွေဟာ အတူတကွ စုပေါင်းနေထိုင်ကြတာ ဖြစ်ပါတယ်။ အင်းလေးကန်ရဲ့ မူလရေပြင်နယ်နိမိတ်မှာ တဖြည်းဖြည်းရေပြင်ဧရိယာကျဉ်းမြောင်းလာပြီး ရေတိမ်ကောမှု၊ နုန်းပို့ချမှု၊ ရာသီဥတုဖောက်ပြန်မှု၊ လူဦးရေတိုးပွားနေထိုင်လာမှုနဲ့အတူ ရေဝေရေလဲဒေသများမှာ သစ်တောပြုန်းတီးမှုတွေကြောင့် အင်းလေးကန်ထိန်းသိမ်းရေး လုပ်ငန်းတွေကို ၂၀၁၀ ပြည့်နှစ်ကစတင်ပြီး စီမံချက်ချမှတ်လုပ်ဆောင်နေပါတယ်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း နေထိုင်ကြတဲ့ တိုင်းရင်းသားတွေဟာ ရှေးနှစ်ပေါင်းများစွာ ကတည်းကပင် မြန်မာနိုင်ငံအတွင်း အေးအတူပူအမျှနေထိုင်လာကြသူများ ဖြစ်ပါတယ်။ ဒီကနေ့ တိုင်လည်း ဥမကွဲသိုက်မပျက် ချစ်ခင်စည်းလုံးစွာနေထိုင်လျက်ရှိပြီး တိုင်းရင်းသား အသီးသီးတို့မှာ ချစ်စရာကောင်းသော ဓလေ့များလည်း ရှိပါတယ်။ မြန်မာနိုင်ငံအတွင်း လမ်းကိုမြေတွင်မတွေ့ရ၊ ရေတွင်သာတွေ့ရသောအရပ်၊ ခရီးကိုလှည်းနှင့်မသွား၊ လှေနှင့်သွားသောအရပ်၊ လှေကိုလက်ဖြင့်မလှော်၊ ခြေနှင့်လှော်သောအရပ်၊ အိမ်ကိုကုန်းတွင်မဆောက်၊ ရေတွင်ဆောက်သောအရပ်ကို ပြပါဆိုလျှင် အင်းလေးကန်ဒေသကို ပြရပါလိမ့်မယ်ဟူ၍ပင် စာဖွဲ့ထားပါတယ်။ ရေပေါ်မှာအိမ်ကလေးတွေ ဆောက်မယ်ဆိုတာ အင်းလေးကန်ဒေသ ဖြစ်ပါတယ်။
အင်းလေးကန်ဒေသဟာ ပင်လယ်ရေမျက်နှာပြင်ထက် ပေပေါင်း ၂၉၀၀ ကျော်မြင့်ပါတယ်။ အရင်တုန်းက ၃၆ မိုင် ခန့်ရှည်၍ ၈ မိုင်ကျယ်ခဲ့ဖူးပေမယ့် ယနေ့အချိန်အခါမှာတော့ ၁၂ မိုင်ခန့်သာရှည်၍ ၄ မိုင်ခန့်သာကျယ်ဝန်းတော့ကြောင်း သိရှိရပါတယ်။ အင်းလေးကန်ဟာ ကုန်းတွင်းရေချိုအိုင်ဖြစ်ပါတယ်။ အင်းလေးကန်အတွင်းကို တာယောချောင်း၊ သန်းတောင်ချောင်း၊ အင်းတိန်ချောင်း၊ သလဲဦးချောင်းတို့စီးဝင်ပြီး တောင်ဘက်ရှိ ကယားပြည်နယ်သို့ ဘီလူးချောင်းအဖြစ်စီးဝင်ပါတယ်။ အင်းလေးကန်ဒေသရဲ့ဇီဝအ၀န်း နယ်မြေအဖြစ် ဧရိယာဟက်တာ ၄၈၉၇၂၁ ကိုလွှမ်းခြုံမှုရှိပြီး ငှက်မျိုးစိတ်များ၊ ငါးများ၊ လိပ်များ၊ လိပ်ပြာများ၊ ကုန်းနေရေနေသတ္တဝါများ ကျက်စားနေထိုင်ကြောင်း သိရှိရပါတယ်။ ဒါ့အပြင် ဆေးဖက်ဝင်အပင်များနဲ့ သစ်ခွပင်များ ရှင်သန်ပေါက်ရောက်လျက်ရှိပါတယ်။
အင်းလေးကန်ဒေသမှာ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းခြင်း၊ ဒေသခံပြည်သူတို့ရဲ့ လူမှုစီးပွားမြှင့်တင်ခြင်း၊ ဒေသတွင်းယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းခြင်း၊ လူသားနှင့် သဘာဝပတ်ဝန်းကျင် ဆက်နွှယ်မှုညီညွတ်မျှတစွာ တိုးတက်လာစေဖို့ ထိန်းညှိစီမံအုပ်ချုပ်ခြင်း စတာတွေကို အရှိန်မြှင့်တင် ဆောင်ရွက်ရင်း မြန်မာနိုင်ငံရဲ့ ပထမဆုံးယူနက်စကိုရဲ့ ဇီဝအ၀န်းနယ်မြေအဖြစ် ထိန်းသိမ်းစောင့်ရှောက်ကြရမှာ ဖြစ်ပါတယ်။ အင်းလေးကန်ဒေသဟာ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့အတွက် ဘာသာသာသနာဆိုင်ရာ အလေးအနက်ထားရမယ့် ဒေသတစ်ခုလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အင်းလေးဒေသ၊ အင်းလေးကန်ဆိုလိုက်တာနဲ့ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားများကို မှန်းဆကြည်ညိုမိကြမှာပါ။ ဖောင်တော်ဦးဘုရားငါးဆူရှိပါတယ်။ အဆိုပါ ရုပ်ပွားတော်မြတ်ငါးဆူဟာ ဘဒ္ဒကမ္ဘာမှာ ပွင့်တော်မူခဲ့တဲ့ မြတ်စွာဘုရားလေးဆူနဲ့ နောင်ပွင့်တော်မူမယ့် မြတ်စွာဘုရားတစ်ဆူကို ရည်မှန်းခြင်း ဖြစ်ပါတယ်။ ပွင့်တော်မူပြီးဖြစ်တဲ့ မြတ်စွာဘုရားများမှာ ကကုသန်မြတ်စွာဘုရား၊ ကောဏာဂုံမြတ်စွာဘုရား၊ ကဿပမြတ်စွာဘုရားနဲ့ ဂေါတမမြတ်စွာဘုရားတို့ဖြစ်ပြီး နောင်ပွင့်တော်မူမှာ ကတော့ အရိမေတ္တေယျမြတ်စွာဘုရား ဖြစ်ပါတယ်။
အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားဟာ တစ်နှစ်တစ်ခါဒေသစာရီကြွလေ့ရှိပါတယ်။ သမိုင်းအရ ဘုရားကြီးငါးဆူလုံးကို ပင့်လို့မရဘဲ ကျောင်းထိုင်တစ်ဆူထားပြီး ကျန်တဲ့လေးဆူကိုသာ ပင့်လေ့ရှိပါတယ်။ ဒါပေမဲ့ တစ်ခါတုန်းက ငါးဆူလုံးကို ပင့်ဆောင်ခဲ့ဖူးပါတယ်။ ဘုရားငါးဆူကို တင်ဆောင်ကာထွက်လာပြီး မကြာခင်မှာပဲ ရာသီဥတုပြောင်းလဲပြီး စက်လှေမထိန်းနိုင်တော့ဘဲ ဘုရားငါးဆူလုံးရေထဲကျနစ်မြုပ်ခဲ့ပါတယ်။ အင်းသားတွေဟာရေမှာနေ၊ ရေမှာကျွမ်းကျင်သူတွေဖြစ်လို့ ရေငုပ်ပြီး ရှာဖွေတဲ့အခါမှာ ဘုရား လေးဆူပဲတွေ့ရှိပါတယ်။ ကျန်တဲ့တစ်ဆူကို လုံးဝပြန်ရှာမတွေ့ခဲ့ပါဘူး။ အချိန်ကလည်း လင့်နေပြီဖြစ်လို့ နောက်ရက်ကျမှရှာကြဖို့ ဆုံးဖြတ်ပြီး ဘုရားလေးဆူနဲ့အတူကျောင်းတော်ကိုပြန်လာခဲ့ကြပါတယ်။
ကျောင်းတော်ကိုရောက်တဲ့အခါမှာတော့ ဘယ်လိုမှရှာမတွေ့တော့တဲ့ ဘုရားတစ်ဆူက ကျောင်းတော်ခြေရင်းမှာ ရောက်ရှိနေပါတယ်။ ဘုရားမှာ ရေညှိရေမှော်လေးတွေပါတင်နေတာကိုအားလုံး တွေ့ကြရပါတယ်။
အဲဒီအဖြစ်အပျက်ဟာ ၁၉၆၅ ခုနှစ်မှာဖြစ်ပျက်ခဲ့တာပါ။ အခုဆိုရင် ဖြစ်ပျက်ခဲ့တာနှစ်ပေါင်း ၅၈ နှစ်တောင်ရှိပါပြီ။
အဲဒီကတည်းက နှစ်စဉ်နှစ်တိုင်း ဘုရားလေးဆူသာဒေသစာရီကြွတော်မူပါတယ်။ အခုထိ ဘယ်လိုအခက်အခဲမှ မတွေ့ရတော့တာလည်း ဖောင်တော်ဦးဘုရားကြီးရဲ့ ထူးခြားချက်တစ်ခုပါပဲ။
ဖောင်တော်ဦးဘုရား ဒေသစာရီလှည့်လည်ပူဇော်ပွဲကို ၁၃၈၅ ခုနှစ် သီတင်းကျွတ်လဆန်း ၁ ရက်(၁၅-၁၀-၂၀၂၃)ရက်မှသီတင်းကျွတ်လပြည့်ကျော် ၃ ရက်(၁-၁၁-၂၀၂၃)ရက်အထိ ကျင်းပနေတာဖြစ် ပါတယ်။ လှည့်လည် သီတင်းသုံးမည့် ကျောင်းတော်များကတော့ ဖောင်တော်ဦးကျောင်းတော်မှ ကြေးပေါခုံကျောင်း၊ အင်းတိန်စံကျောင်း၊ ဟဲယာရွာမစံကျောင်း၊ ဟဲယာရွာမကျောင်း၊ ငါးဖယ်ချောင်းကျောင်း၊ ကြေးစားကုန်းကျောင်း၊ ပွဲစားကုန်းကျောင်း၊ လင်းကင်းကျောင်း၊ ညောင်ရွှေမြို့ကျောင်း တော်၊ နန်းသဲကျောင်း၊ မိုင်းသောက်ကျောင်း၊ သလဲဦးကျောင်း၊ ကေလာကျောင်း၊ ဇရပ်ကြီးကျောင်း၊ အလိုပေါက်တောင်ကျောင်း၊ နမ့်ပန်ကျောင်း၊ မန်ကျည်းဆိပ်ကျောင်း၊ ကျိုင်းခမ်းကျောင်း၊ မိုင်းပျိုးကျောင်း၊ နောင်တောကျောင်း၊ အင်းပေါခုံကျောင်း၊ ရေသာကျောင်းမှ ဖောင်တော်ဦးကျောင်းတော်သို့ ပြန်လည်ကြွရောက်မှာ ဖြစ်ပါတယ်။
အင်းလေးကန်ဒေသဟာ တကယ့်ထူးခြားဆန်းကျယ်တဲ့ နေရာဒေသဖြစ်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးသွားလာသူတွေ၊ ဧည့်သည်တွေအနေနဲ့ အင်းလေးကန်ဒေသကို သွားမယ်ဆိုရင် ညောင်ရွှေမြို့ကနေ မော်တော်ငှားပြီးသွားနိုင်သလို မိုင်းသောက်ကနေပဲဖြစ်ဖြစ်၊ ခေါင်တိုင်ဘက်ကနေပဲဖြစ်ဖြစ် စက်လှေငှားပြီးသွားနိုင်ပါတယ်။ အလှဆုံးခရီးကတော့ ညောင်ရွှေကနေ မော်တော်ငှားသွားတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ညောင်ရွှေကနေ စက်လှေထွက်တာနဲ့ ခရီးသည်တွေနဲ့အတူ နောက်ကနေအဖော်အဖြစ် စင်ရော်လေးတွေ လိုက်လာကြပါတယ်။ စင်ရော်ငှက်ကလေးတွေဟာ အစာတောင်းရင်းနဲ့ ခရီးသည်တွေရဲ့အနား လက်တစ်ကမ်းကနေ ပျံသန်းလိုက်လာကြတဲ့အခါ ခရီးသည်တွေပစ်ကျွေးလိုက်တဲ့အစာကို လေပေါ်မှာပဲ ပျံဝဲရင်း စားသောက်ကြပါတယ်။ စင်ရော်လေးတွေရဲ့ ကျွမ်းကျင်မှုကို မြင်တွေ့နိုင်ပါတယ်။ လမ်းတစ်လျှောက်မှာ ရေပေါ်မှာ အပင်စိုက်တဲ့ ကမ္ဘာ့တစ်ခုတည်းသောနေရာရဲ့ သစ်ပင်စိုက်ပုံစိုက်နည်းကိုလည်း လေ့လာနိုင်မှာ ဖြစ်ပါတယ်။ အင်းလေးကန်ဒေသမှာ အလွန်ပဲ ရှေးဟောင်းအမွေအနှစ်ဖြစ်တဲ့ ရွှေအင်းတိန်ဘုရားကြီးကိုလည်း ဖူးတွေ့နိုင်ပါသေးတယ်။ စေတီပေါင်း ၁၀၀၀ ကျော်ရှိတဲ့ ရှေးဟောင်းလက်ရာတွေ မြင်တွေ့ရမှာ ဖြစ်ပါတယ်။
ရှေးတုန်းက မြန်မာ့သစ်တွေ ဘယ်လောက်ကောင်းမွန်ခိုင်ခံ့ကြောင်းကိုတော့ ငါးဖယ်ချောင်းရွာမှာရှိတဲ့ ငါးဖယ်ချောင်းဘုန်းတော်ကြီးကျောင်းမှာ မြင်တွေ့နိုင်ပါတယ်။ အဲဒီဘုန်းတော်ကြီးကျောင်းမှာ သစ်လုံးကြီးတွေ၊ တိုင်ကြီးတွေအပြင် ရှေးဟောင်းဘုရားတွေပါ ဖူးမြင်ရမှာပါ။ ငါးဖယ်ချောင်းဘုန်းတော်ကြီးကျောင်းမှာ တွေ့ရတဲ့ မြန်မာ့ကနုတ်လက်ရာတွေကိုလည်း အံ့သြဖွယ်မြင်တွေ့ရမှာ ဖြစ်ပါတယ်။
အင်းလေးကန်မှာ ယခုအခါတွင် ရေဖုံးလွှမ်းမှုပမာဏဟာ ရှေးယခင်ကထက်လျော့နည်းလာတာကို တွေ့မြင်နေရပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်အကြီးအကဲက အင်းလေးကန်၏ အရွယ်အစားသည် ရှေးယခင်ကရှိခဲ့သည်ထက် ရေဖုံးလွှမ်းမှု ပမာဏလျော့နည်းလာသည်ကို သတိပြုကြရန်လိုကြောင်း၊ ရေဖုံးလွှမ်းဧရိယာပေါ်တွင် နေထိုင်သည့် လူဦးရေပမာဏ ထပ်မံတိုးမြှင့်မှု မရှိစေရေးနှင့် ရေပေါ်မှတစ်ဆင့်ရေစပ်၊ ရေစပ်မှတစ်ဆင့် ကုန်းပေါ်သို့ တဖြည်းဖြည်း ရွှေ့ပြောင်းနေထိုင်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ ကျွန်းမျော လုပ်ကိုင်မှုများကိုလည်း လျှော့ချရမည်ဖြစ်ကြောင်း ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့က ရှမ်းရိုးမမွေးမြူရေးဇုန် ရှင်းလင်းဆောင်မှာ လမ်းညွှန်မှာကြားခဲ့ခြင်း ဖြစ်ပါတယ်။
အင်းလေးကန်ပတ်ဝန်းကျင်တစ်ခုလုံး သာယာလှပရေးမှာ ထိုဒေသရှိ သဘာဝသယံဇာတများ မပျက်စီးမဆုံးရှုံးစေရေး ဖြစ်ပါတယ်။ ကန်ရေပြင်တစ်လျှောက်မှာ အမှိုက်များကင်းစင်ရန် လိုအပ်ပါတယ်။
အမှိုက်မျိုးစုံရှိတဲ့အနက် ပလတ်စတစ်ကို အထူးသတိပြုသင့်ပါတယ်။ ပလတ်စတစ်ဟာ အင်းလေးဒေသတွင် သာမက ကမ္ဘာ့ပင်လယ်ပြင်များတွင်ပါ များပြားလျက်ရှိပြီး ရေနေသတ္တဝါများနဲ့သဘာဝသယံဇာတများကို ပျက်စီးယိုယွင်းအောင်ခြိမ်းခြောက်လျက်ရှိပါတယ်။ ဒေသနေပြည်သူများအနေဖြင့် မိမိဒေသကို ချစ်မြတ်နိုးစိတ် ထားရှိကာ အင်းလေးဒေသဝန်းကျင် သာယာလှပရေးကို ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ အင်းလေးကန်ထိန်းသိမ်းရေး လုပ်ငန်းများတွင် အထောက်အကူဖြစ်စေဖို့ ဒိုက်နှင့်ဗေဒါရှင်းစက် Aquatic Weed Harvester နှစ်စီးကို လှူဒါန်းခဲ့တာကို သတိရမိပါတယ်။
တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက လှူဒါန်းတဲ့ အဆိုပါဒိုက်နှင့်ဗေဒါရှင်းစက် Aquatic Weed Harvester နှစ်စီးမှာ ယာဉ်တစ်စီးတန်ဖိုးငွေကျပ် သိန်း ၂၄၆၀ ဖြစ်ပြီး လုပ်ဆောင်နိုင်မှု စွမ်းအားမှာ ၁ နာရီလျှင် ဒိုက်နှင့်အမှိုက် (၂၀၀) ကုဗပေဖြစ်ပါတယ်။ အဆိုပါစက်စွမ်းအားတွေကြောင့် အင်းလေးကန် ဒေသသာယာလှပမှုကို များစွာ အကျိုးပြုလျက်ရှိပါတယ်။ ဒါဟာတပ်မတော်ရဲ့ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေထဲက တစ်ခုဖြစ်လို့ အမှတ်တရ ပြန်လည်ဖော်ပြတာဖြစ်ပါတယ်။
အဆိုပါ စက်တွေရေရှည်အသုံးပြုနိုင်ရေးအတွက် စက်ပိုင်းဆိုင်ရာကြံ့ခိုင်မှုများကို အစဉ်အမြဲထိန်းသိမ်း လုပ်ဆောင်ရန်နှင့် စက်သုံးဆီလိုအပ်ချက်များရှိပါက နိုင်ငံတော်မှ ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း၊ ဒိုက်နှင့် ဗေဒါရှင်းစက်များမှ ဆယ်ယူရရှိသောဒိုက်၊ ဗေဒါများကိုအလဟဿမဖြစ်စေဘဲ မြေသြဇာထုတ်လုပ် အသုံးပြုနိုင်ရေး လုပ်ဆောင်ကြရန်ဖြစ်ပြီး ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ကိုဖြည့်ဆည်းဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း နိုင်ငံတော်အကြီးအကဲက လမ်းညွှန်မှုပြုထားပါတယ်။
အင်းလေးကန်မှာ ရေဖုံးလွှမ်းမှုလျော့နည်းမှုကြောင့် အင်းလေးကန်အတွင်း ရေဝင်ရောက်လျက်ရှိသည့် အဓိကရေဝင်ပေါက် ချောင်းကြီး ချောင်းငယ်များ မတိမ်ကောစေရေးအတွက်လည်း ထိန်းသိမ်းရန် လိုအပ်ပါတယ်။ အင်းလေးဒေသ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်များ ပေါများရန်၊ သစ်ပင်များ ပေါက်ရောက်စေရန် တပ်မတော်ရဟတ်ယာဉ်များဖြင့် သစ်ပင်မျိုးစေ့များကြဲချခြင်းများကို ၂၀၂၀ ပြည့်နှစ် ဇွန် ၁၉ ရက်မှာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း ရှမ်းပြည်နယ်(တောင်ပိုင်း) အင်းလေးကန် အရှေ့ဘက်နဲ့ အနောက်ဘက်မှာရှိတဲ့တောင်ကုန်းတောင်တန်းများမှာ သစ်စေ့မြေလုံးသုံးသိန်းကို ရွှံ့လုံးတစ်လုံးလျှင် မျိုးစေ့ငါးစေ့ခန့် ထည့်သွင်းကာ Seeds Ball များ ပြုလုပ်ပြီး တပ်မတော်ရဟတ်ယာဉ်များဖြင့် မျိုးစေ့ကြဲ ချစိုက်ပျိုးခြင်းများ ဆောင်ရွက်ပေးထားခဲ့တာဟာလည်း အင်းလေးကန်ဒေသစိမ်းလန်း စိုပြည်သာယာလှပရေး ဆောင်ရွက်ပေးတာဖြစ်ပါတယ်။
အင်းလေးကန်ဒေသကို လာရောက်လည်ပတ်တဲ့အခါ အင်းလေးကန်ရဲ့တောင်ပိုင်းဒေသကို ဘီလူးချောင်းအတိုင်း စုန်ဆင်းပြီး သွားလာလည်ပတ်သင့်ပါတယ်။
နောက်တစ်ခုကတော့ ညောင်ရွှေမြို့ကနေ တောင်ဘက် ဆီဆိုင်၊ ပင်လောင်း၊ လွိုင်ကော်လမ်းဆုံလမ်းခွဲရှိရာ မှော်ဘီရွာ တုန်းဟုန်းတံတားအထိ ဆက်သွယ်ဖောက်လုပ်ထားတဲ့ အင်းလေးကန်ကန်ပတ်လမ်း အတိုင်းလည်း လည်ပတ်ကြည့်သင့်ပါတယ်။ အင်းထဲမှာနောက်ထပ်မြင်တွေ့ရမယ့် တစ်ခုကတော့ ကြာချည်မျှင် ထုတ်လုပ်တာ ဖြစ်ပါတယ်။ လက်ရက်ကန်းနဲ့ ချည်ထည်တွေရက်လုပ်တာအပြင် ကြာချည်ရက်လုပ်တာတွေ မြင်တွေ့နိုင်ပါတယ်။ ဒါတင်မကသေးဘဲ ရွှေ၊ ငွေပန်းထိမ်ပြုလုပ်ပုံတွေကိုလည်း လေ့လာနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် စက်လှေကြီးမော်တော်ပြုလုပ်ပုံတွေ၊ ကညုလို့ခေါ်တဲ့ လှေအသေးတွေ ပြုလုပ်ပုံတွေကိုလည်း လေ့လာနိုင်ပါတယ်။
အင်းလေးကန်ဒေသ ဝန်းကျင်က ငါးရက်တစ်ဈေး၊ ဈေးနေ့တွေ၊ စိတ်ဝင်စားစရာရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ၊ ရှေးဟောင်းအမွေအနှစ် အနုသုခုမလက်ရာတွေ၊ သာယာလှပတဲ့နေရာ ရှုခင်းတွေကို အများကြီး မြင်တွေ့နိုင်ပါတယ်။ အင်းလေးကန်ဒေသကို လာရောက်သူတိုင်း အင်းလေးဖောင်တော်ဦး၊ မိုင်းသောက်တံတား၊ ရွာမရေပေါ်ဈေး၊ အင်းတိန်စေတီဘုရားစု စတဲ့သမားရိုးကျခရီးစဉ်တွေအပြင် အခြားအခြားသော လှည့်လည်လေ့လာစရာတွေ အများကြီးကျန်ရှိနေပါသေးတယ်။ အင်းလေးကနေ ညောင်ရွှေအပြန်ရှုခင်းကလည်း ကြည်နူးစရာကောင်းလှပါတယ်။ စက်လှေပေါ်ကနေ၊ ရေပေါ်ကနေ နေဝင်ချိန်ကို စောင့်ကြည့်ရတာကလည်း အင်းလေးကန်ကို လာလည်ရကျိုးနပ်တဲ့ အကြောင်းတွေထဲကတစ်ခု ဖြစ်ပါတယ်။ အနှစ်ချုပ်ပြောရမယ် ဆိုရင်တော့ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားများ ပင့်ဆောင်ပူဇော်ပွဲနဲ့ အင်းသားရိုးရာ လှေလှော်ပြိုင်ပွဲတွေကို ဒေသခံပြည်သူတွေသာမက အများပြည်သူတွေကလည်း အစဉ်အဆက်ထိန်းသိမ်း စောင့်ရှောက်ကြရမှာ ဖြစ်သလို အင်းလေးကန်ဒေသ သာယာလှပရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ပါတယ်။ ။
ဘုန်းမောင်ဝင်း(ဖျာပုံ)