ဂျရတ်နှင့် ဒဲလ်ဂလစ်တို့၏ လီဗာပူးအသင်း အိမ်ကွင်းသွင်းဂိုး အများဆုံးစံချိန်ကို တိုက်စစ်မှူး ဆာလက်ချ်ကျော်ဖြတ်ပြီး စံချိန်သစ်တင်

ဂျရတ်နှင့် ဒဲလ်ဂလစ်တို့၏ လီဗာပူးအသင်း အိမ်ကွင်းသွင်းဂိုး အများဆုံးစံချိန်ကို တိုက်စစ်မှူး ဆာလက်ချ်ကျော်ဖြတ်ပြီး စံချိန်သစ်တင်

 

    ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၉)အဖြစ် ကစားသည့် လီဗာပူးအသင်းနှင့်  အဲဗာတန်အသင်းတို့ ပွဲစဉ်တွင်    တိုက်စစ်မှူး ဆာလက်ချ်က လီဗာပူး အသင်းအတွက် သွင်းဂိုးနှစ်ဂိုး သွင်းယူနိုင်ပြီးနောက် လီဗာပူးအသင်း သမိုင်းတစ်လျှောက် အိမ်ကွင်းသွင်းဂိုး အများဆုံးကစားသမားများအဖြစ် ရပ်တည်နေသော ဂန္ထဝင်ကစားသမားနှစ်ဦးဖြစ်သည့် ဂျရတ်နှင့် ဒဲလ်ဂလစ်တို့၏ သွင်းဂိုးစံချိန်ကို တစ်ဂိုးအသာဖြင့် ကျော်ဖြတ်ပြီး စံချိန်သစ်တင်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် လီဗာပူးအသင်းက အိမ်ကွင်းဖြစ်သည့် အန်ဖီးလ် အားကစားကွင်း၌ ၂ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကာ လီဗာပူးအသင်းအတွက် သွင်းဂိုးနှစ်ဂိုး စလုံးကို ဆာလက်ချ်က ပွဲချိန် ၇၅ မိနစ်နှင့် ၉၇ မိနစ်တို့တွင် သွင်းယူနိုင်ပြီးနောက် စံချိန်မှတ်တမ်းကောင်း တစ်ရပ်ကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။

လီဗာပူးအသင်းသမိုင်း တစ်လျှောက်   အိမ်ကွင်း အန်ဖီးလ်အားကစားကွင်း၌ သွင်းဂိုးအများဆုံး ကစား သမားများအဖြစ် ရပ်တည်နေသော ဂန္ထဝင်ကစားသမား နှစ်ဦးဖြစ်သည့် ဂျရတ်နှင့် ဒဲလ်ဂလစ်တို့က ၁၀၄ ဂိုးစီဖြင့် စံချိန်တင်ထားခြင်းကို ဆာလက်ချ်က အဲဗာတန်အသင်းနှင့်ပွဲစဉ်အပြီးတွင် ၁၀၅ ဂိုးဖြင့် ကျော်ဖြတ်ပြီး အိမ်ကွင်းသွင်းဂိုးအများဆုံး ကစားသမားအဖြစ် စံချိန်သစ် တင်နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဆာလက်ချ်သည် မာဆေးဆိုက်ဒါဘီပွဲစဉ်ဖြစ်သည့် လီဗာပူးအသင်းနှင့် အဲဗာတန်အသင်းတို့ ကစားသည့်ပွဲစဉ်များတွင် ၁၀ ပွဲပါဝင်ကစားရာ သွင်းဂိုး ခုနစ်ဂိုးအထိ သွင်းယူထားပြီး လီဗာပူးအသင်း သမိုင်းတစ်လျှောက် အဲဗာတန်အသင်းဘက်သို့ သွင်းဂိုး ကိုးဂိုး သွင်းယူထားသော ဂျရတ်ပြီးလျှင် သွင်းဂိုး ခုနစ်ဂိုးဖြင့် ဒုတိယသွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နေသည်။

အလားတူ ၂၀၂၃ ခုနှစ်အတွင်း ဆာလက်ချ်သည် လီဗာပူးအသင်းအတွက် သွင်းဂိုး ၁၉ ဂိုး၊ ဂိုးဖန်တီးမှု ၁၂ ကြိမ်ပြုလုပ်ထားပြီး တစ်နှစ်အတွင်း ဂိုးပါဝင်ပတ်သက်မှု ၃၀ ပြည့်သည့် ပထမဆုံး ကစားသမားဖြစ်လာခဲ့ကြောင်း သိရသည်။