နာပိုလီအသင်း တိုက်စစ်မှူးအိုဆီမန်ကို လာမည့်ဇန်နဝါရီလ အပြောင်းအရွှေ့ကာလတွင် ချယ်လ်ဆီးအသင်းက စတာလင်ပေါင် သန်း ၁၄၀ ဖြင့် ခေါ်ယူရန်ပြင်ဆင်နေ

နာပိုလီအသင်း တိုက်စစ်မှူးအိုဆီမန်ကို လာမည့်ဇန်နဝါရီလ အပြောင်းအရွှေ့ကာလတွင် ချယ်လ်ဆီးအသင်းက စတာလင်ပေါင် သန်း ၁၄၀ ဖြင့် ခေါ်ယူရန်ပြင်ဆင်နေ

 

    ချယ်လ်ဆီးအသင်းက လာမည့်ဇန်နဝါရီလ အပြောင်းအရွှေ့ကာလတွင် နာပိုလီအသင်းနှင့် အနာဂတ်မရေမရာဖြစ်နေသည့် တိုက်စစ်မှူး အိုဆီမန်ကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၁၄၀ ဖြင့် ခေါ်ယူရန် ပြင်ဆင်နေကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းသည် အသင်းပိုင်ရှင် တော့ဘိုလီ ပိုင်ဆိုင်ခဲ့ပြီးနောက် အပြောင်းအရွှေ့ကာလများတွင် အသုံးစရိတ်အများအပြား အသုံးပြုကာ  ကစားသမားများ ခေါ်ယူအင်အားဖြည့်တင်းထားသော်လည်း အသင်းတိုက်စစ်ပိုင်းတွင်  လိုအပ်ချက်များရှိနေသည့် အတွက် လာမည့်ဇန်နဝါရီလ အပြောင်းအရွှေ့ကာလတွင် ထိပ်တန်းတိုက်စစ်မှူး တစ်ဦးကို ထပ်မံအင်အားဖြည့်တင်းရန် ပြင်ဆင်နေခြင်းဖြစ်သည်။

အိုဆီမန်သည် ပြီးခဲ့သည့်ဘောလုံးရာသီက နာပိုလီအသင်း အီတလီစီးရီးအေချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ရာတွင် အဓိက ကစားသမားအဖြစ် အကောင်းဆုံးခြေစွမ်းပြနိုင်ပြီး သွင်းဂိုးအများဆုံး ကစားသမားဆုနှင့် တစ်နှစ်တာ အကောင်းဆုံးကစားသမားဆု တို့ကိုပင် ဆွတ်ခူးနိုင်ခဲ့သည်။

အလားတူ     ယခုဘောလုံးရာသီတွင်လည်း အကောင်းဆုံးခြေစွမ်းပြလျက်ရှိပြီး အီတလီစီးရီးအေ ပြိုင်ပွဲ၌ ရှစ်ပွဲပါဝင်ကစားပြီး ခြောက်ဂိုးသွင်းယူသည်အထိ ခြေစွမ်းပြနေသော်လည်း နည်းပြဂါစီယာနှင့် ဆက်ဆံရေး မပြေလည်မှုများကြောင့် လာမည့်ဇန်နဝါရီလအပြောင်းအရွှေ့ကာလတွင် အသင်းမှ ထွက်ခွာဖွယ်ရှိနေကြောင်း သိရသည်။