(၄)ကြိမ်မြောက် အာရှမသန်စွမ်း အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

 (၄)ကြိမ်မြောက် အာရှမသန်စွမ်း အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

 

နေပြည်တော်  အောက်တိုဘာ  ၂၃

    တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၄)ကြိမ်မြောက် အာရှမသန်စွမ်းအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ည ဒေသစံတော်ချိန် ၈ နာရီတွင်  ဟန်ကျိုးမြို့ရှိ   Hanglong Sports Centre Stadium  ၌  ကျင်းပရာ အာရှပြိုင်ပွဲဝင်နိုင်ငံများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံ မသန်စွမ်း အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးနှင့်  အုပ်ချုပ်သူ/နည်းပြများ၊ မသန်စွမ်း အားကစားသမားများနှင့်  တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ယင်းဖွင့်ပွဲအခမ်းအနားတွင်   အာရှမသန်စွမ်း အားကစားကော်မတီဥက္ကဋ္ဌ Mr.Majid Rashed နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ (၄)ကြိမ်မြောက် အာရှမသန်စွမ်း အားကစားဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ တရုတ်မသန်စွမ်းသူများ အဖွဲ့ချုပ်ဥက္ကဋ္ဌ Mr.Cheng Kai တို့က  အဖွင့်မိန့်ခွန်းပြောကြားကြပြီး   တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ Zhejiang ပြည်နယ်အုပ်ချုပ်ရေးမှူး     Mr.Wang Hao က (၄)ကြိမ်မြောက်  အာရှမသန်စွမ်း အားကစား ပြိုင်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး   ပြိုင်ပွဲကို ဖွင့်လှစ်ကြောင်း ကြေညာသည်။

ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ နိုင်ငံ့ဂုဏ်ဆောင်   ရွှေတံဆိပ်ဆု ရရှိခဲ့ကြသည့် အားကစားသမားများက မီးရှူးတိုင်အား လက်ဆင့်ကမ်း သယ်ဆောင်၍ မီးရှူးတိုင်အား ထွန်းညှိခဲ့ပြီး  (၄)ကြိမ်မြောက် အာရှမသန်စွမ်းအားကစားပြိုင်ပွဲအား ဖွင့်လှစ်ခဲ့သည်။

အဆိုပါ (၄)ကြိမ်မြောက် အာရှမသန်စွမ်း အားကစားပြိုင်ပွဲတွင် နိုင်ငံပေါင်း ၄၄ နိုင်ငံ ပါဝင်ယှဉ်ပြိုင်ကြကာ အားကစားနည်း ၂၂ နည်းဖြင့်  အိမ်ရှင်တရုတ်ပြည်သူ့သမ္မတ နိုင်ငံက  ကျင်းပသွားမည်ဖြစ်ပြီး  မြန်မာမသန်စွမ်း အားကစားအဖွဲ့မှ   ပြေးခုန်ပစ်၊ ရေကူးနှင့် ထိုင်လျက်ဘော်လီဘောပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။