လန်ဒန်၊ ဘောလုံး
နိုဝင်ဘာ ၁၈ ရက်ညက ကစားခဲ့သည့် ယူအီးအက်ဖ်အေ နေးရှင်းလိဂ်ပွဲ၌ အင်္ဂလန်အသင်းသည် အိုက်စလန်ကို လူငယ်ကစားသမားများစွာ အသုံးပြု ကစားရင်း လေးဂိုးပြတ်အနိုင်ရခဲ့မှု၌ နှစ်ဂိုးသွင်းနိုင်ခဲ့ သည့် မန်စီးတီးလူငယ် ကွင်းလယ်ကစားသမား ဖီးလ်ဖိုဒန်က မိုက်မဲမှုကြောင့် အသင်းမှ အိမ်ပြန်ပို့ ခံရပြီး ယခုအင်္ဂလန်နည်းပြ ဆောက်ဂိတ်က အခွင့်အရေးပြန်ပေးခဲ့ခြင်းအတွက် ကျေးဇူးတင်စကားဆိုခဲ့သည်။
ဖီးလ်ဖိုဒန်သည် ပြီးခဲ့သည့်စက်တင်ဘာလက လက်ရွေးစင်အဖြစ် ပထမဆုံး ရွေးချယ်ခံရပြီး အိုက်စလန်နှင့် အဝေးကွင်းတွင် သွားကစားခဲ့ရာ ထိုပွဲပြီးနောက် အသင်းဖော်ဂရင်းဝုဒ်နှင့်အတူ ဟိုတယ်တွင် COVID-19 နှင့်ပတ်သက်သည့် စည်းမျဉ်းများကို ချိုးဖောက်ခဲ့၍ အသင်းမှ အိမ်ပြန်လွှတ်ခံခဲ့ရသူဖြစ်သည်။ သို့သော် အိုက်စလန်နှင့် အိမ်ကွင်းပွဲပြန်ကစားရာတွင် ပြန်ကစားခွင့်ရကာ ခြေစွမ်းပြနိုင်ခဲ့ပြီး နှစ်ဂိုးသွင်းကာ ဒီကလန်ရိစ်သွင်းသည့် ဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့သည့်အတွက် အင်္ဂလန်ပရိသတ်များ၏ ချီးကျူးခြင်း ခံခဲ့ရသည်။
အင်္ဂလန်နိုင်ငံ၏ အမျိုးသားအားကစားကွင်းကြီး၌ တစ်ပွဲတည်း နှစ်ဂိုး သွင်းနိုင်သည့် အသက်အငယ်ဆုံး ကစားသမား (၂၀ နှစ်နှင့် ၁၇၄ ရက်) ဖြစ်လာသော ဖိုဒန်က “ကျွန်တော့်ဘဝအတွက် အခက်ခဲဆုံး အချိန်တွေကို ဒီလပိုင်းထဲ ကြုံခဲ့ရတာပါ။ ကိုယ့်လက်ရွေးစင်အသင်းနည်းပြရဲ့ယုံကြည်မှုကို ပြန်ရအောင် အချိန်ပြန်ယူရတယ်။ နည်းပြက ကျွန်တော့်ကို ယုံကြည်မှုပြန်ပေး ပြီး ကစားခွင့်ထပ်ပေးခဲ့တယ်။ ကျွန်တော် ဒီအခွင့်အရေးပေးမှုမှာ ဂိုးတွေသွင်းပြီး ပြန်ပေးဆပ်လိုက်နိုင်လို့ အရမ်းပျော်ပါတယ်။ ကျွန်တော် အင်္ဂလန် အသင်း အတွက် အစွမ်းကုန်ပေးဆပ်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်” ဟု ထုတ်ဖော် ပြောဆိုခဲ့သည်။
Ref:Dailymail