ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းမှု အလုပ်ဖိစီးခြင်းနှင့် နှလုံးရောဂါ
ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်တဲ့သူတွေမှာ စိတ်ပိုင်းဆိုင်ရာကုသမှုတွေ အတွက် ဆေးဝါးမှီဝဲဖို့လိုအပ်ချက် ပိုမိုလျော့ပါး နိုင်တယ်လို့ နော်ေ၀နိုင်ငံမှ သုတေသီတွေကဆိုပါတယ်။ ကျန်းမာကြံ့ခိုင်တယ်ဆိုတာ ရုပ်ခန္ဓာ ပိုင်းဆိုင်ရာ အတွက်သာ အကျိုးရှိစေတာမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာအတွက်ပါ အကူအညီဖြစ်စေနိုင်တယ်လို့ လေ့လာတွေ့ရှိထားတာ ဖြစ်ပါတယ်။ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင် သူတွေကိုတော့ စိုးရိမ်သောကနဲ့ စိတ်ကျမှု တွေအတွက် ဆေးညွှန်းပေးရတာ ပိုပြီးနည်းပါးလေ့ရှိတာကို လေ့လာတွေ့ ရှိခဲ့တယ်လို့ နော်ဝေနိုင်ငံ သိပ္ပံနဲ့နည်းပညာတက္ကသိုလ်ရဲ့ ပြည်သူ့ကျန်းမာရေးနဲ့ ကုသစောင့်ရှောက်မှုဆိုင်ရာ တွဲဖက်ပါမောက္ခ လင်ဒါအန့်ဆန်က ပြောပါတယ်။ ၎င်းအနေနဲ့ ၁၉၈၄ ခုနှစ်ကတည်းက စုဆောင်းထားခဲ့တဲ့ နော်ဝေနိုင်ငံသား ၂၅၀၀၀ ဦးရဲ့ ကျန်းမာရေးအချက်အလက်တွေကို လေ့လာခဲ့တာဖြစ်ပါတယ်။ ရုပ်ခန္ဓာပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုရှိတာက အမျိုးသားနဲ့အမျိုးသမီး အသက်အရွယ်အုပ်စုတိုင်းရဲ့ စိတ်ပိုင်းဆိုင်ရာအတွက် ဆေးဝါးမှီဝဲရမှု လျော့နည်းစေတဲ့ အကျိုး တရားသက်ရောက်မှု ရှိစေနိုင်တယ်လို့ လင်ဒါအန့်ဆန်ကဆိုတယ်။ ကိုယ် ခန္ဓာကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေ ပုံမှန်ပြုလုပ်ပေးဖို့ လိုအပ်ပြီး ဒါက ရုပ်ပိုင်းဆိုင်ရာ အတွက်သာမက စိတ်ပိုင်း ဆိုင်ရာအတွက်ပါ အကျိုးထိရောက်မှုရှိစေပါတယ်။
လုပ်ငန်းလိုအပ်ချက်များပြီး ချီးမြှင့်ခံရမှုနည်းပါးတဲ့ လုပ်ငန်းခွင်မျိုးမှာ စိတ်ဖိစီးလေးလံမှုနဲ့ ကာလရှည်ကြာ အလုပ်လုပ်ရတဲ့ အမျိုးသားတွေမှာ နှလုံးရောဂါဖြစ်နိုင်ခြေများတဲ့ ဆက်စပ်မှုကို လေ့လာတွေ့ရှိရတယ်လို့ ကနေဒါနိုင်ငံ ကွီဘက်မြို့ရှိ ကွီဘက်တက္ကသိုလ် (CHU-de Quebec-University Laval) သုတေသနစင်တာရဲ့ ဦးဆောင်သုတေသီ လာမင်းရိုဗစ်ဟော့က ပြောပါတယ်။ ရုံးလုပ်ငန်းလုပ်ကိုင်ကြရတဲ့ အမျိုးသားဝန်ထမ်း ၆၅၀၀ နီးပါးကို လေ့လာမှု ပြုလုပ်ထားခဲ့တာဖြစ်ပြီး အလုပ်ကြောင့် အမြဲတစေ စိတ်ဖိစီးမှုကို အကျင့်ပါတဲ့အထိ ခံစားနေကြရ သူတွေမှာ နှလုံးရောဂါဖြစ်နိုင်ခြေ နှစ်ဆပိုများနိုင်တယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။
အလုပ်ပြီးမြောက်ဖို့ ဖိအားပေးခံရပေမယ့် အလုပ်ပြီးအောင် လုပ်နိုင်စွမ်းနည်းပါးသူတွေမှာ အလုပ်ဖိအား ဒဏ်သက်ရောက်မှုရှိတာကို တွေ့ရသလို လုပ်ငန်းခွင်မှာ ချီးမြှင့်မြှောက်စားခံရမှုနဲ့ ဟန်ချက်ညီမှုမရှိတဲ့ အခြေအနေတွေအပေါ် စိတ်ကျေနပ်မှုမရှိကြလို့ အလုပ်ဖိအားဒဏ် ခံစားကြရတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ မတူညီတဲ့အကြောင်းရင်းတွေနဲ့ အလုပ်ဖိအားဒဏ်ခံနေရသူတွေက အလုပ်မှာပျော်သူတွေထက် နောင် ၁၈ လအကြာမှာ နှလုံးရောဂါဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်းအထိ ပိုများလာတာတွေ့ရတယ်လို့ သုတေသီတွေက ဆိုပါတယ်။
အလုပ်ကို မရပ်မနား ဆက်တိုက်လုပ်နေရတဲ့ အမျိုးသားဝန်ထမ်းတွေမှာလည်း အလုပ်ဖိအားဒဏ်ကြောင့် နှလုံးရောဂါ ဖြစ်နိုင်ခြေနဲ့ တိုက်ရိုက်ဆက်နွှယ်မှုရှိနေပါတယ်။ ဖိအားကြောင့် နှလုံးသွေးကြော ဆိုင်ရာရောဂါ ဖြစ်နိုင်ခြေနဲ့ တိုက်ရိုက်သက်ဆိုင်မှုရှိနိုင်သလို အလုပ်တွေချည်းအား ထည့်လုပ်နေပြီး အစာစားချိန်မမှန်တာ၊ လေ့ကျင့်ခန်းပုံမှန် မလုပ်တာ၊ အနားယူဖို့အချိန်မရတာတွေကနေ သွယ်ဝိုက်ပြီးတော့လည်း ကျန်းမာပျော်ရွှင်တဲ့ ဘဝနေထိုင်မှု မပိုင်ဆိုင်ရတာကြောင့် နှလုံးရောဂါဖြစ် လာနိုင်ခြေနဲ့ သက်ဆိုင်မှုရှိနိုင်တယ်လို့ သုတေသီ လာဗင်းရိုဗစ်ဟော့က ဆိုပါတယ်။
နှလုံးကျန်းမာဖို့အတွက် အရင်ဆုံးလုပ်ရမှာက စိတ်ဖိစီးမှုကင်းအောင် နေထိုင်သင့်ပါတယ်။ စိတ်ဖိစီးမှုကြောင့် နှလုံးကိုထိခိုက်စေ နိုင်ပါတယ်။ ဒါပေမဲ့လည်း စိတ်ဖိစီးမှုတွေမဖြစ်အောင် ကာကွယ် ဖို့တော့မလွယ်ပါဘူး။ တစ်နေ့တာမှာ မမျှော်လင့်တာတွေ အများကြီး ကြုံလာနိုင်တာက လူ့ဘဝပါပဲ။ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင် တဲ့အခါ စိတ်ဖိစီးမှုကြောင့် နှလုံးထိခိုက်မှုမရှိအောင် ဂရုစိုက်သင့်ပါတယ်။
စိတ်ဖိစီးမှုတွေများလာတာက သွေးပေါင်ချိန်တက်လာတာ၊ သွေးတိုးတာ၊ နှလုံးခုန်မြန်တာလိုမျိုး ကျန်းမာရေး ပြဿနာတွေ ခံစားရစေနိုင်ပါတယ်။ မကြာခဏစိတ်ဖိစီးမယ်၊ ကြာရှည်စိတ်ဖိစီးမယ်ဆိုရင် ဓာတ်တိုး ပစ္စည်းတွေထွက်ပြီး သွေးကြောတွေ ထိခိုက်ပျက်စီးတာမျိုး ဖြစ်စေနိုင်တယ်။ စိတ်ဖိစီးလေ နှလုံးရောဂါဖြစ်နိုင်လေပါပဲ။ စိတ်ဖိစီးမှုကို ကာလကြာရှည်ခံစားနေရတာက နှလုံးရောဂါနဲ့လေဖြတ်တာလိုမျိုး ကျန်းမာရေးပြဿနာတွေ ခံစားရစေနိုင်တယ်။ ဆေးလိပ်သောက်တာ၊ အရက်သောက်တာ၊ အစားတွေ အလွန်အကျွံစားတာ၊ မူးယစ်ဆေးသုံးစွဲတာ၊ လှုပ်ရှားမှုမရှိတာတွေလိုမျိုး ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ အပြု အမူတွေကိုပါ တွဲဖက်လုပ်ဆောင်မိရင်တော့ နှလုံးကျန်းမာရေးကို ပိုပြီး ထိခိုက်စေပါတယ်။
နောက်တစ်ချက်က စားသုံးမှုပုံစံပြောင်းလဲသွားတာဖြစ်တယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင်စားရမယ့်အစား စိတ်ဖိစီးမှုကြောင့် အသင့်အမြန် စားအစားအစာတွေဖြစ်တဲ့ ဟမ်ဘာဂါ၊ ဆင်းဒဝှစ်၊ ပီဇာ၊ အာလူးချောင်းကြော်နဲ့ Street Food တွေစားနေရင် ကျန်းမာရေးထိခိုက်စေတယ်။ အချိုအဆိမ့်များတာ၊ ဓာတုဆိုးဆေး၊ အချိုမှုန့်များတာတွေ စားတာများရင် သွေးတက်စေနိုင်သလို ဆီးချိုရောဂါဖြစ်ဖို့အားပေးပါတယ်။
ဒီလိုစားသုံးမှုတွေက သွေးကြောတွေကိုပျက်စီးစေပြီး ရုတ်တရက် နှလုံးခုန်ရပ်တာ၊ လေဖြတ်တာတွေ ဖြစ်စေနိုင်ပါတယ်။ အယ်လ်ကိုဟော အလွန်အကျွံသောက်တာ၊ ဆေးလိပ်သောက်တာတွေကလည်း နှလုံး သွေးကြောနံရံတွေကို ပျက်စီးစေနိုင်ပါတယ်။
စိတ်ဖိစီးမှုတွေဖြစ်တဲ့အခါ နှလုံးကျန်းမာရေးကို ထိခိုက်စေသလိုပဲ စိတ်ဓာတ်ကျတာကလည်း နှလုံးရောဂါ ဖြစ်စေနိုင်ပါတယ်။ အကြောင်းကတော့ စိတ်ဓာတ်ကျတာ အချိန်ကြာလာတဲ့အခါ ကိုယ်တွင်းမှာ နှလုံး ရောဂါဖြစ်စေတဲ့ Cortisone နဲ့ Adrenaline ဟော်မုန်းတွေ ထွက်ရှိမှု များလာပြီး တဖြည်းဖြည်း အန္တရာယ် ဖြစ်စေနိုင်လောက်တဲ့အထိ များလာပါတယ်။ ဒီလိုဟော်မုန်းတွေများလာတာက ရင်ဘတ်အောင့်တာ၊ အသက်ရှူရပြတ်တောင်းပြတ်တောင်းဖြစ်လာတာ၊ ရုတ်တရက်နှလုံးခုန်ရပ်တာ စတဲ့လက္ခဏာရပ်တွေကို ခံစားရတာတွေရှိတယ်လို့ဆိုတယ်။ စိတ်ဖိစီးမှုကို ကာလကြာရှည်ခံစားရသူတွေမှာ သွေးဥမွှားတွေ ပိုကပ်စေပြီး နှလုံးသွေးကြောကျဉ်းတာနဲ့ နှလုံးရောဂါကိုဖြစ်စေနိုင်ပါတယ်။
စိတ်ဖိစီးမှုဆိုတာက ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကနေ အစပြုလာနိုင်သလို ပတ်ဝန်းကျင်က ပြောင်းလဲမှုတစ်ရပ်ရပ် ဒါမှမဟုတ် ပြောင်းလဲမှုတွေကို ချိန်ညှိဖို့နဲ့ တုံ့ပြန်ဖို့လိုအပ်လာတဲ့အခြေ အနေကလည်း အစပြုလာနိုင်ပါတယ်။
ကိစ္စသေးသေးမွှားမွှားကနေ စတင်လာတဲ့ စိတ်ဖိစီးမှုတွေရှိနိုင်သလို ဘဝကြီးတစ်ခုလုံး ပြောင်းလဲ သွားမတတ်ဖြစ်စေတဲ့ အပြောင်းအလဲတွေကြောင့်လည်း စိတ်ဖိစီးမှုဖြစ်လာနိုင်တယ်။ အဲဒီအခြေအနေတစ်ရပ် တည်းကြောင့် ဖြစ်နိုင်သလို နှစ်ရပ်စလုံးပေါင်းပြီး ဖြစ်လာတဲ့ စိတ်ဖိစီးမှုတွေလည်း ရှိနိုင်ပါတယ်။ ဒီလိုစိတ်ဖိစီးမှုတွေကြောင့် အချိန်ကြာလာရင် နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်တယ်။ ဒီတော့ စိတ်ဖိစီးမှုကြောင့် နှလုံးမထိခိုက်စေဖို့အတွက် စိတ်ဖိစီးမှုကို ဖြေလျှော့ဖို့လိုပါတယ်။
စိတ်ဖိစီးမှုကြောင့် နှလုံးမထိခိုက်စေဖို့ ရယ်မောပျော်ရွှင်စွာနေထိုင် သင့်ပါတယ်။ အစားအစာတွေကို ကျန်းမာရေးနဲ့ညီညွတ်အောင် စားသင့်တယ်။ နေ့စဉ်နာရီဝက်ကနေ တစ်နာရီကြာ အားကစားပြုလုပ်တဲ့အခါ ပိုလျှံတဲ့ကယ်လိုရီကို ချွေးအဖြစ် စွန့်ထုတ်ပစ်လို့ အဝလွန်တာ၊ ဆီးချို၊ သွေးချိုရောဂါ၊ နှလုံးသွေးကြောရောဂါနဲ့ သွေးတိုးရောဂါကင်းစေပါတယ်။
ဆေးလိပ်နဲ့အရက်ဖြတ်သင့်ပါတယ်။ ဆေးလိပ်မှာ နီကိုတင်းအခြေခံ ဆေးရွက်ကြီးပါတယ်။ စီးကရက် တစ်လိပ်မှာ ကင်ဆာဖြစ်စေတဲ့ ဓာတု ပစ္စည်း ၄၀ ကျော်နဲ့ တခြားဓာတုပစ္စည်း ၄၀၀၀ ကျော်ပါဝင်ပြီး နီကိုတင်း က စွဲလမ်းစေတယ်။ ကွမ်းမှာ ကွမ်းရွက်၊ ကွမ်းသီး၊ ထုံး၊ ဆေးနဲ့ ရှားစေးတို့ ပါဝင်လို့ ပါးစောင်ကင်ဆာ၊ ခံတွင်းကင်ဆာ၊ လျှာကင်ဆာဖြစ်စေပါတယ်။ ဆေးရွက်ကြီးအခြေခံထားလို့ လူကိုစွဲလမ်းစေပါတယ်။ ဆေးလိပ်နဲ့ ကွမ်းကို အီးစီးကရက် (Vape) နဲ့ မဖြတ်သင့်ပါဘူး။ အီးစီးကရက် (Vape) မှာလည်း နီကိုတင်းထည့်ထားပြီး ဓာတုဗေဒအနံ့နဲ့ ဓာတုပစ္စည်း ပါဝင်တာကြောင့် စီးကရက်သောက်သလိုပဲ အဆုတ်ကျန်းမာရေးနဲ့ နှလုံးကျန်းမာရေးကိုထိခိုက်စေပါတယ်။ တိခနဲဖြတ်တာမျိုးထက် သကြားလုံး ဒါမှမဟုတ် ပီကေ၊ နွယ်ချိုဝါးပြီးဖြတ်တဲ့နည်းကို အသုံးပြုသင့်ပါတယ်။
အရက်ကို ညစာမစားမီ အမျိုးသားနှစ်ပက်၊ အမျိုးသမီးတစ်ပက် လောက်သောက်တာက နှလုံးသွေးကြော ကျန်းမာရေးကောင်းစေပေမယ့် အရက်က စွဲလမ်းတတ်တယ်။ အသည်းအဆီဖုံးရောဂါ၊ အသည်း ရောင်ခြင်း၊ နာတာရှည်အသည်းရောင်ခြင်း၊ အသည်းအမာရွတ်စွဲထင် ခြင်း၊ အသည်းကြွပ်ဆတ်နာ၊ အသည်းကင်ဆာ၊ အစာရေမျိုကင်ဆာ၊ အစာအိမ်ကင်ဆာနဲ့ အူမကြီးကင်ဆာတို့ဖြစ်စေနိုင်လို့ မသောက်သင့်ပါဘူး။ ဒေသလုပ် ချက်အရက်တွေကို ဆာလဖျူရစ်အက်စစ်ပြင်း၊ ပလတ်စတစ်၊ ဓာတ်မြေသြဇာ၊ အင်ဒရင်း စတဲ့သောက်သုံးဖို့ မသင့်လျော်တဲ့ ပစ္စည်းတွေနဲ့ ချက်လုပ်ထားတာဖြစ်တဲ့အတွက် လူ့သက်တမ်းမစေ့မီ အသက်ဆုံးရှုံးစေနိုင်လို့ အရက်ဖြတ်သင့်ပါတယ်။
လူတိုင်း နေ့စဉ် နာရီဝက်ကနေ တစ်နာရီကြာ အပြေး၊ ရွရွပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူး စတဲ့ အားကစားတစ်ခုခု ပြုလုပ်သင့်ပါတယ်။ အရေးကြီးဆုံးကတော့ အကောင်းမြင်စိတ်ရှိဖို့ပါပဲ။ ဒါမှသာ သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်မှာဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ ။
ဒေါက်တာလွင်သန့်