ဘာစီလိုနာ၊ ဘောလုံး
ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ဈေးကွက် ကတည်းက ဘာစီလိုနာမှ ပြောင်းရွှေ့ချင်သူဟု ဖွင့်ပြောခဲ့ပြီး မှ အသင်းက စာချုပ်သက်တမ်းတစ်နှစ် ကျန်နေသေး၍ စာချုပ်ဖျက်တန်ကြေး ပေါင်သန်း ၆၀၀ ကျော်ပေး နိုင်မှ ထွက်ခွင့်ပြုမည်ဟု တုံ့ပြန်ခဲ့ သဖြင့် ဘာစီလိုနာတွင် ယခုရာသီဆက်ကစား ပေးခဲ့သော တိုက်စစ်မှူး မက်ဆီ သည် ယခုလည်း ကမ္ဘာ့ဖလားခြေစစ်ပွဲများ ကစားပေးပြီး စပိန်သို့ အပြန်တွင် အခွန်အမှုလိုက် စုံထောက်များ၏ စုံစမ်း မေးမြန်းခြင်းခံရပြန်သည့်အတွက် ဘာစီလိုနာ၌ ပြဿနာများစွာရှိနေ၍ ပင်ပန်း လှပြီဟု ထုတ်ဖော် ပြောဆိုလာပြန်သည်။
မကြာသေးမီကပင် အသင်းဖော် ဂရစ်ဇ်မန်း၏ အေးဂျင့်ဖြစ်သူက မက်ဆီသည် အသင်းမှ ထွက်ခွာရန်ကြိုးစား မှုတွင်ဂရစ်ဇ်မန်းကို အထိုင်မကျစေရန် လုပ်နေသည်ဟု ဝေဖန်တိုက်ခိုက်ခဲ့ရာ ယခု အခွန် စစ်စုံထောက်များ၏ စစ်ဆေးခြင်းလည်းခံရသဖြင့် “ဂရစ်ဇ်မန်းရဲ့အေးဂျင့်ပြောစကားက ဝမ်းနည်းစရာပဲ။ အခုလည်း စပိန်ကိုပြန် ရောက်တော့အခွန်အေးဂျင့်နဲ့ စုံထောက်တွေက မေးခွန်းတွေမေးကြပြန်တယ်။ ဒီမှာ ပြဿနာတွေများ စွာရှိနေလို့ ပင်ပန်းလှ ပြီ” ဟု မက်ဆီကပြောသည်။
မက်ဆီနှင့် ဖခင်ဂျော့ချ်တို့သည် ၂၀၁၆ ခုနှစ် ဇူလိုင်လက အခွန်ရှောင်တိမ်းကြောင်း တွေ့ရသဖြင့် ထောင်ဒဏ် ၂၁ လ ချမှတ်ခံရသေးပြီး ထောင်တွင်း မနေရသော်လည်း ဒဏ်ကြေးပေါင် ၁ ဒသမ ၅ သန်း ပေးဆောင်ခဲ့ ရသေးသည်။ ထိုစဉ်ကတည်းက မက်ဆီသည် မိမိအား အသင်းက အကာအကွယ် မပေးဟုဆိုကာ ဘာစီလိုနာ မှ ထွက်ခွာချင်သည်ဟု ပြောဆိုခဲ့သေးသည်။ ယခု အခြေအနေကြောင့် မက်ဆီသည် လာမည့်ဇန်နဝါရီ ဈေးကွက်မှာပင် ဘာစီလိုနာမှထွက်ခွာပြီး ရေပန်းစားနေသော မန်စီးတီးသို့ ပြောင်းရွှေ့သွားဖွယ်ရှိနေသည်။
မန်စီးတီးသည် ရာသီကုန်ချိန်ရောက်မှ မက်ဆီကို ပြောင်းရွှေ့ကြေးမပေးရဘဲ ခေါ်ယူခြင်းထက် ဇန်နဝါရီ ဈေးကွက်မှာပင် ခေါ်ယူရန်ကြိုးပမ်းနေသည်ဟု သတင်းထွက်ပေါ်နေကာ စပိန်လာလီဂါ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဂျားဗီးယားတီဘက်စ်က မိမိတို့လိဂ်သည် မက်ဆီကို စွန့်လွှတ်ရန် အသင့်ဖြစ်နေပြီဟု ပြောဆိုခဲ့ပြီး မန်စီးတီး အသင်းသည် ပိုင်ရှင်၏ဓနအင်အားဖြင့် စည်းမျဉ်းဘောင်အပြင်မှ လုပ်ချင်ရာကို လုပ်နေနိုင်သည့်အသင်းဟု ဝေဖန်ခဲ့သည်။
မန်စီးတီးကို ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်၍ နှစ်ရာသီအပြောင်းအရွှေ့ပိတ်ပင်မှုကို အားကစား အငြင်းပွားမှု ဆိုင်ရာခုံရုံးက အယူခံတင်ရာတွင် ပြစ်ဒဏ်အား ပြန်ဖျက်ပေးခဲ့ခြင်းကိုလည်း ထောက်ရှုပြီး တီဘက်စ်က ဥပဒေဘောင်အပြင်မှ ပြိုင်ဘက် ကင်းအသင်းဖြစ်သည်ဟုဝေဖန်ကာ မက်ဆီမရှိလည်း လာလီဂါဆုတ်ယုတ် စရာမရှိဟု ပြောခဲ့သည်။
Ref:The Sun