(၄)ကြိမ်မြောက် အာရှမသန်စွမ်း အားကစားပြိုင်ပွဲတွင် ပြေးခုန်ပစ်အားကစားနည်းမှ စိုးပေက ကြေးတံဆိပ်တစ်ခု စတင်ဆွတ်ခူး
ရန်ကုန် အောက်တိုဘာ ၂၃
တရုတ်ပြည်သူ့သမ္မတနိုင်ငံ Hangzhou မြို့၌ ကျင်းပလျက်ရှိသည့် (၄)ကြိမ်မြောက် အာရှမသန်စွမ်း အားကစားပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်သည့် မြန်မာအားကစားအဖွဲ့သည် ပြေးခုန်ပစ် အားကစားနည်းမှ ကြေးတံဆိပ်တစ်ခု စတင်ဆွတ်ခူးရရှိကြောင်း မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်မှ သိရသည်။
အဆိုပါ(၄)ကြိမ်မြောက် အာရှမသန်စွမ်း ပြိုင်ပွဲ၏ အပြေးပြိုင်ပွဲကို ယနေ့ဒေသ စံတော်ချိန် နံနက် ၉ နာရီတွင် Hangzhou မြို့ရှိ Hanglong Sports Centre Stadium ၌ကျင်းပရာ အမျိုးသား မီတာ ၂၀၀ အထောက်အကူပစ္စည်းသုံး ဒူးအောက် တစ်ဖက် (T64)ပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် တတိယကြေးတံဆိပ်ကို စိုးပေက ရယူပေးခဲ့ခြင်းဖြစ်သည်။ မြန်မာကစားသမား စိုးပေသည် ဂျပန်၊ အိန္ဒိယ၊ လက်ဘနွန်နှင့် ထိုင်းနိုင်ငံတို့မှ ကစားသမားများနှင့် ယှဉ်ပြိုင်ခဲ့ရပြီး ပြိုင်ပွဲတွင် ITANI SHUNSUKE (ဂျပန်)က ပထမရွှေတံဆိပ်နှင့် OSHIMA KENGO (ဂျပန်)က ဒုတိယငွေတံဆိပ် ရရှိခဲ့ကြသည်။
မြန်မာဘော်လီဘော(အမျိုးသား)အသင်းသည် အုပ်စု(အေ)၌ တောင်ကိုရီးယား၊ ဂျပန်၊ အိမ်ရှင် တရုတ်အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် Linping Sports Centre Gymnasium ၌ပြုလုပ်သည့်ပွဲတွင် အိမ်ရှင်တရုတ် အသင်းနှင့် ယှဉ်ပြိုင်ခဲ့ရာ တရုတ်အသင်းက လည်းကောင်း၊ တောင်ကိုရီးယားနှင့် ဂျပန်တို့ပွဲတွင် တောင်ကိုရီးယားက လည်းကောင်း အနိုင်ရရှိခဲ့ကြကြောင်း သိရသည်။
ယနေ့ပြိုင်ပွဲများအပြီးတွင် အိမ်ရှင်တရုတ်၊ အီရန်၊ ဥဇဘက်ကစ္စတန်၊ အိန္ဒိယ၊ ထိုင်း၊ ဂျပန်၊ ကာဇက်စတန်၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှား၊ အီရတ်၊ ကာဂျစ်စတန်၊ ဂျော်ဒန်နှင့် တိုင်ပေ(တရုတ်)တို့က ရွှေတံဆိပ်များ ဆွတ်ခူးရရှိထားပြီး ကျန်နိုင်ငံအသင်းများက ဆက်လက်ယှဉ်ပြိုင်လျက် ရှိသည်။
(၄)ကြိမ်မြောက် အာရှမသန်စွမ်း အားကစားပြိုင်ပွဲသို့ နိုင်ငံပေါင်း ၄၄ နိုင်ငံ မှအားကစားသမားများက အားကစားနည်း၂၂ နည်းတွင် ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး မြန်မာမသန်စွမ်း အားကစားအဖွဲ့မှ ပြေးခုန်ပစ်၊ ရေကူးနှင့် ထိုင်လျက်ဘော်လီဘောပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်လျက် ရှိကြောင်းနှင့် မြန်မာအားကစားအဖွဲ့သည် အောက်တိုဘာ လ ၂၄ ရက်တွင် ရေကူးပြိုင်ပွဲ တစ်ခုဖြစ်သည့် မီတာ ၅၀ ပက်လက်ကူး (S5)(Heat) ပြိုင်ပွဲနှင့် ဘော်လီဘောအသင်းအုပ်စု(အေ) ပွဲစဉ်(၃)အဖြစ် မြန်မာနှင့် တောင်ကိုရီးယားအသင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။