အောက်တိုဘာလအတွက် ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း အဆင့်သုံးဆင့် ပြန်လည်မြင့်တက်လာ
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က အောက်တိုဘာလအတွက် ကမ္ဘာ့အဆင့် သတ်မှတ်ချက်များကို ထုတ်ပြန်ခဲ့ရာတွင် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည် အဆင့်သုံးဆင့် ပြန်လည်မြင့်တက်လာပြီး ကမ္ဘာ့အဆင့်(၁၅၈)နေရာ၌ ရပ်တည်နေ ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ်(ဖီဖာ) အသိအမှတ်ပြု နိုင်ငံတကာ ပွဲစဉ်အဖြစ် နီပေါအသင်းနှင့် နှစ်ပွဲကစားခဲ့ရာ တစ်ပွဲနိုင်၊ တစ်ပွဲ သရေရလဒ်နှင့် ယခုလအတွင်း ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ(အာရှဇုန်)ခြေစစ်ပွဲ ပထမ အဆင့်ပွဲစဉ်အဖြစ် မကာအိုအသင်းနှင့် နှစ်ကျော့ကစားခဲ့ရာ ပထမအကျော့တွင် ၅ ဂိုး-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဒုတိယ အကျော့တွင် ဂိုးမရှိသရေရလဒ် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့်အတွက် နောက်ဆုံး ကစားခဲ့သည့်လေးပွဲတွင် ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်ပြီးနောက် ကမ္ဘာ့အဆင့် သုံးဆင့် မြင့်တက်လာခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် အောက် တိုဘာလအတွက် အဆင့်သတ်မှတ်ချက် တွင် ရမှတ် ၇ ဒသမ ၂၇ မှတ်မြင့်တက် လာပြီး စုစုပေါင်းရမှတ် ၁၀၁၂ မှတ်ဖြင့် ကမ္ဘာ့အဆင့်(၁၅၈)နှင့် အာဆီယံအဆင့် (၇)နေရာ၌ ရပ်တည်ခဲ့ခြင်းဖြစ်သည်။
အောက်တိုဘာလအတွက် ကမ္ဘာ့အဆင့် သတ်မှတ်ချက်အရ အာဆီယံဇုန်တွင် ဗီယက်နမ်အသင်းက တစ်ဆင့်မြင့်တက် လာပြီး ကမ္ဘာ့အဆင့်(၉၄)၊ အာဆီယံ အဆင့်(၁)နေရာ၌ ဆက်လက်ရပ်တည် နိုင်ခဲ့ကာ ထိုင်းအသင်းက တစ်ဆင့်မြင့်တက် လာပြီး ကမ္ဘာ့အဆင့်(၁၁၂)၊ အာဆီယံ အဆင့်(၂)၊ မလေးရှားအသင်းက သုံးဆင့် ကျဆင်းပြီး ကမ္ဘာ့အဆင့် (၁၃၇)၊ အာဆီယံ အဆင့်(၃)၊ ဖိလစ်ပိုင်အသင်းက ခြောက်ဆင့် ကျဆင်းပြီး ကမ္ဘာ့အဆင့်(၁၃၈)၊ အာဆီယံ အဆင့်(၄)၊ အင်ဒိုနီးရှားအသင်းက နှစ်ဆင့် မြင့်တက်လာပြီး ကမ္ဘာ့အဆင့် (၁၄၅)၊ အာဆီယံအဆင့်(၅)၊ စင်ကာပူအသင်းက နှစ်ဆင့်မြင့်တက်လာပြီး ကမ္ဘာ့အဆင့်(၁၅၅)၊ အာဆီယံအဆင့်(၆)၊ ကမ္ဘောဒီးယား အသင်းက တစ်ဆင့်ကျဆင်းပြီး ကမ္ဘာ့အဆင့်(၁၇၈)၊ အာဆီယံအဆင့်(၈)၊ လာအိုအသင်းက နှစ်ဆင့်ကျဆင်းပြီး ကမ္ဘာ့အဆင့် (၁၈၈)၊ အာဆီယံအဆင့်(၉)၊ ဘရူနိုင်းအသင်းက အဆင့်အပြောင်းအလဲမရှိဘဲ ကမ္ဘာ့အဆင့်(၁၉၁)၊ အာဆီယံအဆင့်(၁၀)နှင့် တီမောလက်စ်တေအသင်းက ငါးဆင့်ကျဆင်းပြီး ကမ္ဘာ့အဆင့်(၁၉၇)၊ အာဆီယံအဆင့်(၁၁)နေရာ၌ အသီးသီး ရပ်တည်လျက်ရှိသည်။
မြန်မာ့လက်ရွေးစင် အသင်းသည် အနီး စပ်ဆုံးပွဲစဉ်အဖြစ် နိုဝင်ဘာလ ၁၆ ရက် မြန်မာစံတော်ချိန် ညနေ ၄ နာရီခွဲတွင် အဝေးကွင်းပွဲစဉ်အဖြစ် ဂျပန်အသင်းနှင့် ကစားရမည် ဖြစ်ကြောင်း သိရသည်။