ဘက်လိုက်မှုရှိတဲ့ သဘောထားကြောင့် ကိုယ့်ကိုယ်ကိုယ် လောင်တိုက် သွင်းမိတော့မယ့် အမေရိကန်

ဘက်လိုက်မှုရှိတဲ့ သဘောထားကြောင့် ကိုယ့်ကိုယ်ကိုယ် လောင်တိုက် သွင်းမိတော့မယ့် အမေရိကန်

 

    ကမ္ဘာပေါ်မှာ အရပ်သား အများအပြား သေဆုံးမှုတွေနဲ့ တခြားသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း တွေဖြစ်ပေါ်စေတဲ့ ဘယ်လိုလုပ်ရပ်မျိုးကို မဆို မကောင်းမှုလုပ်ရပ်အဖြစ် သတ်မှတ်ထား ကြပါတယ်။

အမေရိကန်ဆိုတာ ဒီလိုလုပ်ရပ်မျိုးကို ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချတဲ့ နိုင်ငံကြီး တစ်နိုင်ငံလို့ ထင်ခဲ့မိဖူးပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့  ဘယ်နိုင်ငံမှာပဲ  ပြဿနာ ဖြစ်ဖြစ် သူတို့ကရှေ့ဆုံးကနေ လူသားချင်း စာနာထောက်ထားမှုလို့ တကြော်ကြော်အော်ခဲ့လို့ပါပဲ။

အခုတော့ အမေရိကန်ဆိုတာ အပြောတစ်မျိုး အလုပ်တစ်မျိုးဖြစ်နေတဲ့  နိုင်ငံ ပါလားဆိုတာကို သိလာရပါပြီ။ ဘယ်လိုကြောင့် ဒီလိုပြောရတာလဲဆိုရင် လက်ရှိ  ဖြစ်ပွားနေတဲ့ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခမှာ  အမေရိကန်တို့ရဲ့  ဘက်လိုက်တဲ့ ဆုံးဖြတ်မှုတွေကြောင့်ဖြစ်ပါတယ်။

လက်ရှိမှာ အမေရိကန်က မကောင်းမှု လုပ်ရပ်ဆိုတာကြီးကို ကိုယ်တိုင်သိသိကြီးနဲ့ လုပ်ဆောင်နေပါပြီ။ ဒါ့အပြင် အရှေ့အလယ်ပိုင်းမှာလည်း အမေရိကန် မုန်းတီးရေးဝါဒ ဖြစ်ပေါ်စေရေးအတွက် လမ်းကြောင်းပေးနေပြန်ပါတယ်။  ဒါဟာ  ကိုယ့်ကိုယ်ကိုယ် မီးလောင်တိုက်သွင်းနေတဲ့ အခြေအနေနဲ့ တူမနေဘူးလား။

အမေရိကန် လုပ်လိုက်တဲ့မကောင်းမှု လုပ်ရပ်ဆိုတာက အောက်တိုဘာလ ၁၈ ရက် တုန်းက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးနိုင်စေရေးအတွက် အစ္စရေး-ဟားမတ်စစ်ပွဲကို ရပ်ဆိုင်းပေးဖို့  ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာတင်သွင်း လာတဲ့ အဆိုမူကြမ်းကို ဗီတိုအာဏာသုံးပြီး ပယ်ချလိုက်ခြင်းပဲဖြစ်ပါတယ်။

ဒီမူကြမ်းကို ဘရာဇီးနိုင်ငံက ရေးသား တင်သွင်းတာဖြစ်ပြီး ဒုက္ခရောက်နေတဲ့ပြည်သူတွေကို ကူညီထောက်ပံ့မှုများ အပြည့်အ၀ ပေးနိုင်စေရေးအတွက် စစ်ပွဲကိုခေတ္တရပ်ပေးဖို့ တောင်းဆိုထားတာပါ။

ဒါပေမဲ့ မဲခွဲဆုံးဖြတ်မှု လုပ်ဆောင်ရာမှာတော့ အမေရိကန်က ဗီတိုအာဏာသုံးပြီး ပယ်ချလိုက်တာပါ။ ဒီနေရာမှာ ရုရှားနဲ့ဗြိတိန် တို့က မဲခွဲဆုံးဖြတ်မှုမှာ ကြားနေခဲ့ပြီး တရုတ်နဲ့ တခြားကုလသမဂ္ဂလုံခြုံရေး ကောင်စီအဖွဲ့ဝင် ၁၂ နိုင်ငံက ထောက်ခံမဲပေးခဲ့ကြတာဖြစ်ပါတယ်။

တစ်နည်းအားဖြင့်ပြန်ကြည့်မယ်ဆိုရင် အမေရိကန်ရဲ့   ဗီတိုအာဏာသုံးမှုဟာ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းရန်၊ ပဋိပက္ခကို ပြေလျော့စေရန်၊ အရှေ့အလယ်ပိုင်းဒေသ မှာ  ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ငြိမ်းအေးစေရန်တို့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ကြိုးပမ်းမှုကို ကဖျက်ယဖျက် လုပ်လိုက်တာပါပဲ။

အမေရိကန်ဟာ အခုတစ်ကြိမ်မှာသာ  ဗီတိုအာဏာသုံး ပယ်ချခဲ့တာသာမကဘဲ အစောပိုင်းတုန်းက ရုရှားတင်သွင်းတဲ့ အဆိုပြုချက်မူကြမ်းကိုလည်း ဗီတိုအာဏာသုံး ပယ်ချပါသေးတယ်။ အခုတစ်ကြိမ်နဲ့ဆိုရင်တော့ နှစ်ကြိမ်ရှိပြီပေါ့။

အမေရိကန်အနေနဲ့ နိုင်ငံတကာအသိုင်း အဝိုင်းရဲ့သဘောထား ဆန္ဒနဲ့ဆန့်ကျင်လုပ် ဆောင်နေမှုဟာ သူတို့က ဂါဇာမှာဖြစ်နေတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို   ပိုမိုဆိုးဝါးစေလိုတဲ့ သဘောသက်ရောက်စေနေပါတယ်။

ဒါ့အပြင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်မှုဆိုတဲ့ ခေါင်းစဉ်အောက်ကနေ တုံ့ပြန်လုပ်ဆောင် လာမယ့်  လက်တုံ့ပြန်မှုတွေကနေလည်း အစ္စရေးကို ဒိုင်းသဖွယ် ဆက်လက်ကာကွယ် ပေးသွားဦးမယ်ဆိုတဲ့ သဘောကို ပြသနေပါ တယ်။

အမေရိကန်နိုင်ငံက အရှေ့အလယ်ပိုင်းနဲ့ မဟာမိတ်ဖြစ်စေရေး၊ အစ္စရေး-အာရပ်  ဆက်ဆံရေး   ပြန်လည်သင့်မြတ်ရေးတို့ အတွက် ကြိုးပမ်းလုပ်ဆောင်ဖို့ကို မူဝါဒ ချမှတ်ထားတာပါ။ ဒါပေမဲ့ အခုသူ့ရဲ့လုပ်ရပ် က သူ့ရဲ့မူဝါဒနဲ့ပြောင်းပြန်ဖြစ်နေပါပြီ။

အစ္စရေး-ပါလက်စတိုင်းပဋိပက္ခစတင် ပြီဆိုကတည်းက အမေရိကန်က အစ္စရေး ကို တစ်ခါမှမကြုံဖူးတဲ့ လူအား၊ သံတမန်အားနဲ့ စစ်ရေးအင်အားတို့ကို ထောက်ပံ့ပေး ခဲ့တာပါ။

ဟားမတ်တို့လိုမျိုး အမြဲတမ်းမဟုတ်တဲ့ တပ်ဖွဲ့များနဲ့ရင်ဆိုင်ရပေမယ့်လည်း အမေရိကန်က လေယာဉ်တင်သင်္ဘောနှစ်စင်းနဲ့ မရိန်း စစ်သည် ၂၂၀၀ တို့ကို စေလွှတ်ဖြန့်ကြက်ခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ ဖိုးရှိတဲ့ စစ်ရေး အကူအညီများကိုပေးသွား ဖို့လည်း စီစဉ်ထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်၊ ကာကွယ်ရေးဝန်ကြီး လွိုက်သြ စတင်၊ အလယ်ပိုင်းဒေသ ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်ကြီး မိုက်ကယ်အဲရစ်ကူရေလာနဲ့ သမ္မတဂျိုးဘိုင်ဒင်တို့က အစ္စရေးနိုင်ငံကို တစ်ယောက်ပြီးတစ်ယောက် သွားရောက်ခဲ့ ပါတယ်။

ဒီလိုမျိုးလုပ်ဆောင်မှုဟာ တော်တော်ကြီးကို ရှားပါးတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ အခုတော့ အမေရိကန်တို့က ယူကရိန်းအရေးကိုတောင်မှ ဂရုမစိုက်နိုင်တော့အောင်ကိုဖြစ် လာပါပြီ။

အရှေ့အလယ်ပိုင်းဒေသမှာ တစ်နိုင်ငံတည်း ရပ်တည်နေရတဲ့ အစ္စရေးအတွက် မဟာမိတ်က  အမေရိကန်နိုင်ငံသာရှိပါ တယ်။ ဟားမတ်ဘက်မှာဆိုရင်တော့ ယီမင်၊ အီရတ်၊ ဆီးရီးယားနဲ့ အီရန်တို့လိုမျိုး နိုင်ငံတွေရှိပါတယ်။ ပါလက်စတိုင်း အနေနဲ့ကြည့်ရင်တော့ အာရပ်ကမ္ဘာကြီး တစ်ခုလုံးနီးပါးပါပဲ။

အမေရိကန်တို့ဟာ ၉/၁၁ အကြမ်းဖက် တိုက်ခိုက်မှုပြီးနောက် သင်ခန်းစာများစွာကို ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ၂၂ နှစ်လောက်ကြာသွားပြီးချိန်မှာတော့ သူတို့အနေနဲ့ အဲဒီ သင်ခန်းစာတွေကို မေ့သွားခဲ့ဟန်တူပြီး အလားတူအမှားမျိုးကို နောက်တစ်ကြိမ် ထပ်မံကျူးလွန်ဖို့ ကြိုးစားလာနေပါတယ်။

အဲဒီအမှားကတော့ ကမ္ဘာကြီးရဲ့နေရာ တိုင်းမှာ  အမေရိကန်အတွက် ရန်သူများ ကိုသာ ဖန်တီးပြီး  အမေရိကန်မုန်းတီးရေး စိတ်ဓာတ်များကို မွေးမြူစေခဲ့ခြင်းပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း ၇၆ နှစ်လောက် တုန်းက ပါလက်စတိုင်း နယ်မြေပိုင်းခြားရေးကို အမေရိကန်တို့က ကြီးစိုးလွှမ်းမိုးပြီး ကြိုးကိုင်ခဲ့တာပါ။ အဲဒီအချိန်ကနေ ၁၉၈၂ ခုနှစ်အထိ စူးအက်ပဋိပက္ခကလွဲလို့ အမေရိကန်ဟာ အစ္စရေးတို့အနေနဲ့  ပြဿနာ ဖြစ်တိုင်း ကာကွယ်ပေးသူအနေနဲ့ ရပ်တည် ခဲ့တာဖြစ်ပါတယ်။

အာရပ်နိုင်ငံများအနေနဲ့ အစ္စရေးကို ရှုံးနိမ့်မှုတွေဟာ အရှေ့အလယ်ပိုင်းဒေသ အတွင်း တော်လှန်ရေးဝါဒ၊ အစွန်းရောက် ဝါဒနဲ့ အကြမ်းဖက်ဝါဒတွေကို ထွက်ပေါ် လာစေတာဖြစ်ပါတယ်။ သူတို့ရဲ့ အစ္စရေး ကိုရွံမုန်းမှုနဲ့ မုန်းတီးမှုတွေက အမေရိကန် ဆန့်ကျင်ရေးနဲ့ အနောက်အုပ်စုကို ဆန့်ကျင် ရေးဝါဒတွေအဖြစ် ပြောင်းလဲသွားစေပါတယ်။

နောက်ဆုံးမှာတော့ အရှေ့အလယ်ပိုင်း ဒေသမှာရှိတဲ့  တော်လှန်ရေးတပ်ဖွဲ့များ အတွက် အဓိကရန်သူက အမေရိကန်သာ ဖြစ်လာစေပါတယ်။

ပါလက်စတိုင်းကိစ္စဆိုရင်လည်း ဥပဒေ နဲ့ အကြောင်းပြချက်မျှသာဖြစ်ပါတယ်။ ဒီကိစ္စမှာ ဘယ်သူကမှားပြီး ဘယ်သူက မှန်တယ်ဆိုတာကိုလည်း အားလုံးကအသိ ပါပဲ။

အစ္စရေးနိုင်ငံအနေနဲ့  ပါလက်စတိုင်း နယ်မြေတွေကို နှစ်ပေါင်းများစွာကြာ တရားမဝင် သိမ်းပိုက်ခြင်းနဲ့ လူနေအိမ်ရာတွေကို အဆက်မပြတ်ချဲ့ထွင်မှုတွေက ဒေသတွင်း လိပ်ခဲတည်းလည်း အခြေအနေကနေ တင်းမာမှုဖြစ်စေတဲ့ အခြေအနေအထိ အဆင့်ဆင့် ပြောင်းလဲလာစေတာပါ။

ဒါကြောင့် ပါလက်စတိုင်းတို့အနေနဲ့ ဆင်းရဲဒုက္ခတွေ ပိုမိုခံစားလာရစေဖို့ အတွက် အစ္စရေးကို အကာအကွယ်ပေးပြီး အားပေး အားမြှောက်ပြုခြင်းဟာ အမေရိကန်ကို အရှေ့အလယ်ပိုင်းရဲ့ လှုပ်လေမြုပ်လေဆိုတဲ့ နွံထဲကို ဆွဲခေါ်သွားသည်သာမက တော်လှန်ရေးတပ်ဖွဲ့များရဲ့ အဓိကရန်သူအဖြစ်ကို ရောက်စေတဲ့အပြင် အစ္စရေးနိုင်ငံကို ဂျာအေးသူ့အမေရိုက်ဖြစ်နေတဲ့ အဆိုးသံသရာထဲမှာ ပိတ်မိစေပြီး ဒီသံသရာကနေ လွတ်လမ်းမရှိ တဲ့အဖြစ်ဆိုးမျိုး ရင်ဆိုင်ရစေမှာ အမှန်ပင် ဖြစ်ပါတော့တယ်။  ။

ထက်မြတ်