အားလပ်ရက်တွင် ဒူဘိုင်းသို့သွားခဲ့သည့် ဝီလျံ COVID-19 ရောဂါပိုးရှိ မရှိ စစ်ဆေးခံရမည်

လန်ဒန် နိုဝင်ဘာ ၁၉

ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက အာဆင်နယ်အသင်းမှ အဓိက ကစားသမားဝီလျံသည် ဘရာဇီး လက်ရွေးစင်အသင်းတွင် ပါဝင်ခြင်းမရှိသည့်အတွက် အားလပ်ရက်ရခဲ့ရာ လန်ဒန်မှ ဒူဘိုင်းသို့သွားပြီး ကမ္ဘာ ကျော် တူရကီစားဖိုမှူး Salt Baeနှင့်တွေ့ဆုံခဲ့သောကြောင့် ဝီလျံသည် အာဆင်နယ်အသင်းနှင့် လေ့ကျင့်ခန်း ပြန်မဆင်းမီ COVID-19 ရောဂါပိုး  ရှိ၊ မရှိ စစ်ဆေးခံရမည်ဖြစ်ပြီး ပိုးမရှိမှသာ လေ့ကျင့်ခွင့်ပြန်ရမည်ဖြစ်သည်။ 

ဝီလျံသည် ဘရာဇီးလက်ရွေးစင်အဖြစ် ပါဝင်ခြင်းမရှိသကဲ့သို့ ဒူဘိုင်းသို့ သွားရောက်ပြီး ကျော်ကြားသူများ စွာနှင့် ထိတွေ့မှုများသည့် စားဖိုမှူး Salt Bae နှင့်တွေ့ဆုံခဲ့ကာ Salt Bae ၏ဆိုင်ခွဲတစ်ခုသို့ သွားခဲ့ခြင်း ဖြစ်သည့်အတွက် ဗြိတိန်သို့ပြန်အဝင်တွင် သီးခြားနေထိုင်ရန်မလိုသော်လည်း COVID-19 ရောဂါပိုးရှိ၊ မရှိ  စစ်ဆေးပြီး ပိုးမရှိမှသာ အသင်းနှင့်အတူပြန်လည်လေ့ကျင့်ခွင့်ရမည်ဖြစ်ကြောင်း  The Sun သတင်းစာက  ဖော်ပြခဲ့ သည်။

ဝီလျံသည် ဒူဘိုင်းသို့သွားပြီး Salt Bae နှင့်တွေ့ဆုံခဲ့ခြင်းကို ကိုယ်တိုင် လူသိရှင်ကြား ဖော်ထုတ်ခဲ့ခြင်း မဟုတ်သော်လည်း Salt Bae က ၎င်း၏ အင်စတာဂရမ်၌ ဝီလျံနှင့်ဓာတ်ပုံတွဲရိုက်ခဲ့သည့်ပုံကို တင်ခဲ့ရာမှ မီဒီယာများ က သိရှိပြီးဖော်ပြခဲ့ခြင်းဖြစ်သည်။ အာဆင်နယ်အသင်းသည်  နိုဝင်ဘာ ၂၂ ရက်တွင်   လိဒ်အသင်း နှင့် အဝေးကွင်းပွဲကစားရမည်ဖြစ်ကြောင်း သိရသည်။          

Ref:The Sun