ရန်ကုန်၊ အားကစား
၂၀၂၀ ဘောလုံးရာသီ မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် ယခုနှစ်ကုန်ပိုင်းတွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် ဂိုးသမားမျိုးမင်းလတ်ကို စာချုပ်သက်တမ်းတိုးရန် စီစဉ်ထားကြောင်း အသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
အသက် ၂၆ နှစ်အရွယ် ဂိုးသမား မျိုးမင်းလတ်သည် ၂၀၁၅ ဘောလုံးရာသီ က ရှမ်းယူနိုက်တက်အသင်းသို့ ရောက်ရှိခဲ့ပြီး ယခုနှစ်ကုန်ပိုင်းတွင် အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။
ထို့ကြောင့် လက်ရှိတွင် မျိုးမင်းလတ်ကို စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးထားပြီး ဘောလုံးရာသီသစ် အတွက် အသင်းပြင်ဆင်မှုများစတင်ချိန်တွင် သက်တမ်း တိုးစာချုပ်ချုပ်ဆိုမည်ဖြစ်သည်။
“မျိုးမင်းလတ်က ဒီနှစ်ကုန်ပိုင်းမှာ အသင်းနဲ့ စာချုပ်သက်တမ်းပြည့်မှာပါ။ ဒါကြောင့် သူ့ကို သက်တမ်းတိုးဖို့ ညှိနှိုင်းထားပါတယ်။ လာမယ့်ဘောလုံးရာသီသစ်အတွက် အသင်းပြင်ဆင်မှုစတင်တာနဲ့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖို့ စီစဉ်ထားပါတယ်။ သူက ဂိုးသမားကောင်းတစ်ဦးဖြစ်သလို ပြီးခဲ့တဲ့ဘောလုံးရာသီ ဒုတိယ အကျော့ မှာအသင်းအတွက် အကောင်းဆုံး လက်စွမ်းပြနိုင်ခဲ့လို့ သက်တမ်းတိုးဖို့စီစဉ် ဖြစ်တာပါ” ဟု ၎င်းက ပြောသည်။
မျိုးမင်းလတ်သည် ပြီးခဲ့သည့်ဘောလုံး ရာသီတွင် မြန်မာနေရှင်နယ်လိဂ်ကရွေးချယ်ချီးမြှင့်သည့် စက်တင်ဘာ လအတွက် တစ်လတာ အကောင်းဆုံးကစားသမားဆု ကိုလည်း ရရှိခဲ့သည်။
မျိုးမင်းလတ်သည် ရှမ်းယူနိုက်တက် အသင်းနှင့်အတူ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးချန်ပီယံ ဆုသုံးကြိမ် နှင့် ဗိုလ်ချုပ် အောင်ဆန်းဒိုင်း ချန်ပီယံဆုတစ်ကြိမ် ဆွတ်ခူးထားသည်။
ကိုရဲ