အက်စ်တွန်ဗီလာ အသင်းသမိုင်းတစ်လျှောက် အိမ်ကွင်း၌ ခြောက်ပွဲဆက် ဂိုးသွင်းယူနိုင်သည့် ကစားသမားအဖြစ် ကွင်းလယ်ကစားသမား ဒေါက်ကလက်လူးဝစ် စံချိန်သစ်တင်
ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၉)အဖြစ် ကစားသည့် အက်စ်တွန်ဗီလာ အသင်းနှင့် ဝက်စ်ဟမ်းအသင်းတို့ ပွဲစဉ်တွင် အက်စ်တွန်ဗီလာ အသင်း ကွင်းလယ်ကစားသမား ဒေါက်ကလက်လူးဝစ်က အသင်းအတွက် နှစ်ဂိုးသွင်းယူနိုင်ပြီးနောက် အက်စ်တွန်ဗီလာအသင်း သမိုင်းတစ်လျှောက် အိမ်ကွင်း၌ ခြောက်ပွဲဆက်ဂိုး သွင်းယူနိုင်သည့် ပထမဆုံး ကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ကြောင်း သိရသည်။
အက်စ်တွန်ဗီလာအသင်းက ဝက်စ်ဟမ်းအသင်းကို အိမ်ကွင်း၌ ၄ ဂိုး-၁ ဂိုးဖြင့် အနိုင်ရရှိသည ပွဲစဉ်တွင် ဒေါက်ကလက်လူးဝစ်က ပွဲချိန် မိနစ် ၃၀ နှင့် ပွဲချိန် ၅၁ မိနစ်တို့တွင် နှစ်ဂိုးသွင်းယူနိုင်ပြီးနောက် အဆိုပါပွဲစဉ်၏ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံရသကဲ့သို့ စံချိန်မှတ်တမ်းကောင်း တစ်ရပ်ကိုလည်း ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။
အသက် ၂၅ နှစ်အရွယ် ဒေါက်ကလက်လူးဝစ်သည် ၂၀၁၉ ခုနှစ်က မန်စီးတီးအသင်းမှ အက်စ် တွန်ဗီလာအသင်းသို့ ပြောင်းရွှေ့ကစားပြီးနောက် အသင်းနှင့် ဘောလုံးရာသီတိုင်းတွင် အကောင်းဆုံး ခြေစွမ်းပြနိုင်ပြီး ယခုဘောလုံး ရာသီတွင်လည်း ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့် ရရှိနေသူဖြစ်သည်။
အက်စ်တွန်ဗီလာအသင်း သမိုင်းတစ်လျှောက် အိမ်ကွင်းငါးပွဲဆက် ဂိုးသွင်းယူနိုင်သည့် ကစားသမားအဖြစ် ဒွိုက်ယော့ခ်က ၁၉၉၆ ခုနှစ်က စံချိန်တင်ထားခြင်းကို ဒေါက်ကလက်လူးဝစ်က တစ်ပွဲအသာဖြင့် ကျော်ဖြတ်ခဲ့ကြောင်း သိရသည်။