ဖိတ်ခေါ်ပါသည် . . .သတ္တမအကြိမ်မြောက် ကွန်ဖရင့်ဆီ
စစ်တက္ကသိုလ်၊ အဆင့်မြင့်စာပေပညာဗဟိုဌာနမှာ ၂၀၁၆ ခုနှစ်ကစပြီး နှစ်စဉ်နှစ်တိုင်းကျင်းပခဲ့တဲ့ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကွန်ဖရင့်ဟာ သတ္တမအကြိမ်မြောက် အောင်မြင်စွာကျင်းပဖို့ အဆင်သင့်ဖြစ်နေပါပြီ။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတကာနှင့်ပြည်တွင်းပြည်ပတက္ကသိုလ်အသီးသီးမှ မဟာဘွဲ့နှင့်ပါရဂူဘွဲ့ရပြီးသူများ၊ စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်နှင့် အရပ်ဘက်တက္ကသိုလ်များတွင် ဘွဲ့လွန်သင်တန်းတက်ရောက် နေသော မဟာဘွဲ့နှင့် ပါရဂူဘွဲ့သင်တန်းသားများ၏ သုတေသနဆိုင်ရာ ဖော်ထုတ်တွေ့ရှိချက်များကို နိုင်ငံတကာအဆင့်စာတမ်းဖတ်ပွဲများ ကျင်းပပြုလုပ်ပြီး တင်သွင်းဖတ်ကြားစေခြင်းဖြင့် အရည်အချင်းများ မြှင့်တင်ပေးနိုင်ရေးကို ၂၀၁၆ ခုနှစ်မှာ လမ်းညွှန်မှုပေးခဲ့ခြင်းကပင် နှစ်စဉ်နှစ်တိုင်းကျင်းပနေသည့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကွန်ဖရင့်ကြီး ပေါ်ထွက်လာခဲ့ရခြင်းဖြစ်ပါသည်။
နိုင်ငံတော်တည်ဆောက်ရေး၏အုတ်မြစ်
နိုင်ငံတစ်နိုင်ငံ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရာတွင် လူသားအရင်းအမြစ်သည်အဓိကဖြစ်ပြီး လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်များပေါကြွယ်ဝရေးကို ဦးတည်ကြိုးပမ်းကြရမည် ဖြစ်ပေသည်။ ထို့ကြောင့် ပညာရေးသည် နိုင်ငံတော်တည်ဆောက်ရေး၏ အုတ်မြစ်ဖြစ်ပြီး ပညာတတ်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့်သာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်မည်ဖြစ်ပါသည်။
ပညာရေးသည် အရေးကြီးသည့်ကဏ္ဍဖြစ်သဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက်(၉)ရပ်မှ လူမှုရေးဦးတည်ချက်(၃)ရပ်၏ ပထမဆုံးအချက်ဖြစ်သည့် တစ်နိုင်ငံလုံးအသိပညာ၊ အတတ်ပညာမြင့်မား တိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေး}}ကို နိုင်ငံတော်က ဦးတည်ဆောင်ရွက်နေခြင်းဖြစ်ပါသည်။
ဘက်စုံပညာရေး
ဘက်စုံပညာရေးဆိုသည်မှာ လူတစ်ဦးချင်းစီ၏ဘာသာရပ်ဆိုင်ရာ၊ နည်းပညာဆိုင်ရာ တတ်မြောက်မှုကိုသာမက Personal Skills ဟုခေါ်သည့် ပင်ကိုအရည်အသွေးများ၊ ကိုယ်ရည်ကိုယ်သွေးများကို ဘက်စုံမြှင့်တင် ပြည့်စုံစေခြင်းပင် ဖြစ်သည်။
ဘက်စုံပညာရေးစနစ် ဦးတည်ဖော်ဆောင်ရေးနှင့်ပတ်သက်၍ ၂၀၂၃ ခုနှစ် မေလ ၁၈ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ ၌ ကျင်းပပြုလုပ်သော မြန်မာနိုင်ငံလုံး ဆိုင်ရာပညာရေး ညီလာခံ(၂၀၂၃) ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဘက်စုံပညာထူးချွန်သည့် လူ့စွမ်းအားအရင်းအမြစ်များသည် နိုင်ငံသားများ၏ ရပိုင်ခွင့်နှင့်တာဝန်ဝတ္တရားများကို ပိုမိုနားလည်သဘောပေါက်ကြသည်နှင့်အညီ ဒီမိုကရေစီ နိုင်ငံတော်တည်ဆောက်ရေးတွင် ပိုမိုပူးပေါင်းပါဝင်နိုင်သည့် အင်အားစုများဖြစ်လာကြမည်ဖြစ်ပါကြောင်း၊ အသိပညာ၊ အတတ်ပညာ၊ ပင်ကိုအရည်အသွေး၊ စွမ်းရည်များနှင့်ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်သည့် ဘက်စုံပညာရေးကဏ္ဍကိုမြှင့်တင်ရန် ဦးတည်ချက်ထားပြီး ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။
အမျိုးသားပညာရေးဥပဒေ၏ ပညာရေးစနစ်တွင် ကျောင်းပညာရေးအား ခွဲခြားသတ်မှတ်ထားသော အခြေခံပညာရေး၊ နည်းပညာနှင့်သက်မွေးပညာရေး၊ အဆင့်မြင့်ပညာရေး (၃) ခုလုံးတွင် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ပါသည်။
ထို့ကြောင့် နိုင်ငံတော်အနေဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစတင်ကာ ခရိုင် ၅၀ တွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းပေါင်း ၅၁ ကျောင်းကိုဖွင့်လှစ်မည်ဖြစ်ပြီး အသက်မွေးဝမ်းကျောင်းမှုကို အထောက်အကူဖြစ်စေမည့် သက်မွေးပညာရပ်များ သင်ကြားပေးရုံမက လက်တွေ့လုပ်ငန်းခွင်တွင် လေ့ကျင့် နိုင်ရန်အတွက် အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု (Public-Private Partnership)ကို ချိတ်ဆက် ဆောင်ရွက်လျက်ရှိပါသည်။ ဒေသအကျိုးပြုစာတွေ့၊ လက်တွေ့မျှတသော သင်ကြားသင်ယူမှုများ ဆောင်ရွက်နိုင်မည့် Polytechnic တက္ကသိုလ်များ တည်ထောင်ရေးနှင့် ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာ တက္ကသိုလ်များအား နိုင်ငံတကာအဆင့်မီ သုတေသနအခြေပြုတက္ကသိုလ်ကြီးများ ဖြစ်ပေါ် လာရေးအတွက် အရည်အသွေးစိစစ် အသိအမှတ်ပြုရေး စံသတ်မှတ်ချက်များ(Accreditation Criteria)အရ ပိုမိုပြည့်စုံစေရန် ဆောင်ရွက်လျက်ရှိခြင်းများမှာ ဘက်စုံပညာရေးစနစ်ကိုဦးတည် အကောင်အထည် ဖော်ခြင်းများပင် ဖြစ်ပေသည်။
အဆင့်မြင့်ပညာရေးနှင့်သုတေသန
အဆင့်မြင့်ပညာရေးကဏ္ဍအနေဖြင့် ဘာသာရပ်ကျွမ်းကျင်မှုရှိအောင် သင်ကြားပေးသည့်အပြင် လူမှုအသိုက်အဝန်းတိုးတက်မြင့်မားမှုကို အထောက်အကူပြု စေရေးအတွက် လေ့ကျင့်သင်ကြားပေးရမည်ဖြစ်ပါသည်။ ပြည်သူများ၏ လူမှုအသိုက်အဝန်းမြင့်မားမှုကို အထောက်အကူပြုစေမည့်သင်ကြားမှုတွင် သုတေသန လုပ်ငန်းများ လုပ်ဆောင်နိုင်စွမ်းရှိရန် အရေးကြီးပေသည်။ သုတေသနလုပ်ဆောင်မှုနှင့် ပတ်သက်၍ အမျိုးသားပညာရေးဥပဒေ၏အခန်း (၅) အမျိုးသားပညာရေးစနစ်၊ စာပိုဒ်၂၈၊ပထမဆုံးအချက်တွင် အဆင့်မြင့်ပညာသင်ကြားရေးကို အကောင်အထည် ဖော်သည့်ကျောင်းများသည် သုတေသနနှင့် ပညာရပ်ဖွံ့ဖြိုးမှုကိုဦးစားပေးဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းထားပြီး ဖြစ်ပါသည်။ ထို့ကြောင့်နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ် အားလုံးသည် အမျိုးသားပညာရေးဥပဒေအရ သုတေသနလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ပါသည်။
တက္ကသိုလ်တစ်ခုအတွင်းရှိ ပညာရပ်မတူသောဌာနများ စုပေါင်းလုပ်ဆောင်ရသည့် သုတေသန (Interdisciplinary Research) များကို အကောင်အထည်ဖော်ပြီး တက္ကသိုလ်အချင်းချင်း ပူးတွဲပြုလုပ်ရသော သုတေသနများလည်းရှိရန်လိုအပ်ပါသည်။ သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် သင်ထောက်ကူပစ္စည်းများ၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများ၊ သုတေသနပစ္စည်းများ ဖြည့်တင်းပေးခြင်း၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုများကို အားပေးခြင်းများအပြင် စီးပွားရေးလုပ်ငန်းများ၊ အစိုးရအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး သုတေသနပူးပေါင်းဆောင်ရွက်ခြင်းများကို ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
သုတေသနနှင့်စာတမ်းဖတ်ပွဲများ
Conference၊ Seminar နှင့် Workshop များတွင် သုတေသနစာတမ်း ဖတ်ကြားဆွေးနွေးခြင်းများသည် ဘက်စုံပညာရေးစနစ်နှင့် သုတေသနဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်သော ဆောင်ရွက်ချက်တစ်ခု ဖြစ်ပေသည်။
စာတမ်းဖတ်ပွဲများ တက်ရောက်ခြင်းဖြင့် သုတေသနဆောင်ရွက်ချက်၊ တွေ့ရှိချက်များကို မိမိတို့ဌာနနှင့် တက္ကသိုလ်တွင် သာမက တက္ကသိုလ်အသီးသီးနှင့် သုတေသနနယ်ပယ်အသီးသီးမှ ပါမောက္ခများ၊ သုတေသနပညာရှင်များနှင့် အပြန်အလှန်နှီးနှောဖလှယ်ဆွေးနွေးနိုင်ကြပါသည်။ သုတေသနတွေ့ရှိချက်များကို လက်တွေ့အသုံးချမည့် သက်ဆိုင်ရာနယ်ပယ် အသီးသီးမှပညာရှင်များနှင့် သိရှိဆွေးနွေးပြီး အသိပညာ ဖလှယ်နိုင်ကာ လက်တွေ့အသုံးချ သုတေသန(Applied Research)အဖြစ် လက်တွေ့နယ်ပယ်တွင် ပြောင်းလဲ အသုံးချနိုင်ပေမည်။
မဟာနှင့် ပါရဂူသင်တန်းတက်ရောက်နေသူများအနေဖြင့် စာတမ်းဖတ်ပွဲများတွင် စာတမ်းများ တင်သွင်းဖတ်ကြားခြင်းဖြင့် မိမိတို့ပြုလုပ်နေသော သုတေသနဆောင်ရွက်ချက်၊ တွေ့ရှိချက်များမှာ မှန်ကန်ကြောင်း သိရှိစေပြီး ဆက်လက်လုပ်ဆောင်ရာတွင် တွန်းအားတစ်ရပ်ဖြစ်စေပါသည်။
ထို့ကြောင့် နိုင်ငံတော်ကဦးတည်တည်ဆောက်နေသည့် ဘက်စုံပညာရေးစနစ်ကိုအကောင်အထည်ဖော်ရန်နှင့် အမျိုးသားပညာရေး ဥပဒေတွင် တက္ကသိုလ်များအတွက် ပြဋ္ဌာန်းထားသောသုတေသနနှင့် ပညာရပ်ဖွံ့ဖြိုးမှုကို ဦးစားပေးဆောင်ရွက်ရန် တပ်မတော်တက္ကသိုလ်များနှင့် အရပ်ဘက်တက္ကသိုလ်များ ပူးပေါင်းပြီး သုတေသနဖွံ့ဖြိုး တိုးတက်မှုအတွက် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကွန်ဖရင့်ကို နှစ်စဉ်နှစ်တိုင်း ကျင်းပနေပါသည်။
အောင်မြင်မှုမှတ်တိုင်များ
၂၀၁၆ ခုနှစ်တွင် သိပ္ပံနှင့်နည်းပညာဆိုင်ရာ စာတမ်းဖတ်ပွဲ(Seminar on Science and Technology Development- 2016)ကို စတင်ကျင်းပနိုင်ခဲ့ပါသည်။ ၂၀၁၇ ခုနှစ်တွင် အရပ်ဘက်နှင့်ပြည်ပတက္ကသိုလ်များမှ စာတမ်းတင်သွင်းဖတ်ကြား လိုသူများကိုပါဖိတ်ကြားကာ နိုင်ငံတကာအဆင့်သို့ တက်လှမ်းနိုင်ရန်အတွက် ကွန်ဖရင့်အဆင့်သို့ မြှင့်တင်ပြီး သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကွန်ဖရင့် ၂၀၁၇ (Conference on Science and Technology Development- 2017)ကို ကျင်းပခဲ့ပါသည်။ ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်များတွင် ကွန်ဖရင့်သို့ ပေးပို့တင်သွင်းလာသော စာတမ်းများမှာ အရေအတွက်နှင့်အရည်အသွေးပါ တိုးတက်လာသဖြင့် အခန်း ၂ ခန်း ထပ်မံတိုးချဲ့ပြီး စုစုပေါင်းအခန်း ၈ ခန်းတွင် စာတမ်းများ ဖတ်ကြားခဲ့ပါသည်။
၂၀၂၀ ပြည့်နှစ်တွင် သိပ္ပံနှင့်နည်းပညာဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကွန်ဖရင့် ၂၀၂၀ ကို ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု အခြေအနေကြောင့် ကျင်းပပြုလုပ်နိုင်ခြင်း မရှိခဲ့ပါ။ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်များတွင်မူ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကန့်သတ်မှုများရှိသော်လည်း ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ ကွန်ဖရင့်ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ကိုယ်တိုင် တက်ရောက်ဖတ်ကြား ဆွေးနွေးခြင်း မပြုလုပ်နိုင်သော Keynote Speaker များနှင့် ပညာရှင်များ၊ ပါမောက္ခများက Online မှ Video Conferencing ဖြင့် ဖတ်ကြားဆွေးနွေးခဲ့ကြပါသည်။
ကျင်းပပြီးစီးခဲ့သောကွန်ဖရင့်များတွင် အမေရိကန်နိုင်ငံ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဂျပန်နိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ ကနေဒါနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှပါမောက္ခများ၊ ပညာရှင်များက Keynote Speaker စာတမ်းများကို ဖတ်ကြားဆွေးနွေးခဲ့ကြသည်။
၂၀၁၆ ခုနှစ်တွင် စာတမ်း ၂၄ စောင်နှင့် ပိုစတာ ၁၄ စောင်၊ ၂၀၁၇ ခုနှစ်တွင် စာတမ်း ၁၀၈ စောင်နှင့် ပိုစတာ ၂၈ စောင်၊ ၂၀၁၈ ခုနှစ်တွင် စာတမ်း ၁၄၂ စောင်နှင့် ပိုစတာ ၂၈ စောင်၊ ၂၀၁၉ ခုနှစ်တွင် စာတမ်း ၁၄၂ စောင်နှင့် ပိုစတာ ၂၈ စောင်၊ ၂၀၂၁ ခုနှစ်တွင် စာတမ်း ၁၀၆ စောင်နှင့် ပိုစတာ ၂၃ စောင်၊ ၂၀၂၂ ခုနှစ်တွင် စာတမ်း ၁၂၃ စောင် နှင့် ပိုစတာ ၂၃ စောင် ရှိသဖြင့် ၂၀၁၆ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ သုတေသနစာတမ်း ၆၄၅ စောင် ဖတ်ကြားဆွေးနွေးခဲ့ပြီး သုတေသန ပိုစတာ ၁၄၄ စောင် ပြသဆွေးနွေးနိုင်ခဲ့သည်မှာ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကွန်ဖရင့်၏ အောင်မြင်မှု မှတ်တိုင်များဖြစ်ပါသည်။
သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ဖရင့် ၂၀၂၀ ၏ ထူးခြားချက်နှင့် ဂုဏ်ယူစရာတစ်ခုမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကွန်ဖရင့်အောင်မြင်စွာ ကျင်းပနိုင်ရန် အရပ်ဘက်တက္ကသိုလ်များက တက်ရောက်ပြီး စာတမ်းဖတ်ကြား ခြင်း၊ ဆွေးနွေးအကြံပြုခြင်းများ လုပ်ဆောင်ခဲ့ကြသည့် ပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် စာတမ်းရှင်များကို ကျေးဇူးတင် အသိအမှတ်ပြုသော အားဖြင့် ဂုဏ်ပြုလက်ဆောင်များ ပေးပို့ချီးမြှင့်ခဲ့ခြင်းပင်ဖြစ်ပါသည်။
ကျင်းပတော့မည့် CSTD
၂၀၂၃ ခုနှစ် သိပ္ပံနှင့်နည်းပညာဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကွန်ဖရင့် (Conference on Science and Technology Development-2023)ကို အောက်တိုဘာလ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် သတ္တမအကြိမ်မြောက် ကျင်းပတော့မည်ဖြစ်ပါသည်။ CSTD-2023 တွင် သုတေသနနယ်ပယ် ၆ ခု ဖြစ်သော Technological Science၊ Disaster Management and Environmental Science၊ Information Technology၊ Manufacturing and Automation Energy၊ Environmental Engineering နှင့် Communication and Transportation နယ်ပယ်စာတမ်းများနှင့် ပိုစတာများကို ဖတ်ကြားဆွေးနွေးပြသမည်ဖြစ်ပါသည်။ ုနပညသအန ှစနေုနမ များအဖြစ် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ပညာရှင် ၃ ဦးနှင့် ထိုင်းနိုင်ငံမှပညာရှင် ၁ ဦးတို့က စာတမ်း ၄ စောင် ဖတ်ကြားမည်ဖြစ်ပါသည်။
စာတမ်းကြီးကြပ်ရေးဆပ်ကော်မတီက တင်သွင်းလာသောစာတမ်းများကို စနစ်တကျစိစစ်ရွေးချယ်ပြီး အရည်အသွေးရောအရေအတွက်ပါ တိုးတက်လာသဖြင့် CSTD-2022 ကဲ့သို့ပင် Information Technology နယ်ပယ်တွင် စာတမ်းဖတ်ခန်း ၁ ခန်း ထပ်တိုး၍ စုစုပေါင်းအခန်း ၇ ခန်းခွဲကာ ဖတ်ကြားမည်ဖြစ်ပါသည်။ ပထမနေ့နံနက်ပိုင်းတွင် ဖွင့်ပွဲအခမ်းအနားကျင်းပခြင်း၊ တက်ရောက်လာသော ဧည့်သည်တော်များနှင့် အမှတ်တရ ဓာတ်ပုံရိုက်ကူးခြင်း၊ ပိုစတာများအား လေ့လာကြည့်ရှုမေးမြန်းခြင်းများ ဆောင်ရွက်ပြီးနောက် Keynote Speaker စာတမ်း ၂ စောင် ဖတ်ကြားမည်ဖြစ်ပါသည်။ နေ့လယ်ပိုင်းတွင် သက်ဆိုင်ရာ နယ်ပယ်အလိုက် အခန်း ၇ ခန်းတွင် Panel Speaker စာတမ်း ၇ စောင်အပါအဝင် စုစုပေါင်းစာတမ်း ၆၃ စောင်ဖတ်ကြားပါမည်။
ကွန်ဖရင့်၏ဒုတိယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာနယ်ပယ်အလိုက် အခန်း ၇ ခန်းတွင် Panel Speaker စာတမ်း ၇ စောင်အပါအဝင် စာတမ်း ၃၅ စောင်၊ နေ့လယ်ပိုင်းတွင်စာတမ်း ၂၁ စောင် ဖတ်ကြားမည်ဖြစ်ပါသည်။ ဆက်လက်၍ ပိတ်ပွဲအခမ်းအနား ကျင်းပမည့်နေရာတွင် Keynote Speaker စာတမ်း၂ စောင်ကို ဖတ်ကြားပြီးနောက် ဆုချီးမြှင့်ခြင်းနှင့်ပိတ်ပွဲ အခမ်းအနားကို ကျင်းပမည်ဖြစ်ပါသည်။ စာတမ်းများကို အကောင်းဆုံးပြင်ဆင်ရေးသား ဖတ်ကြားနိုင်သူများကို အသိအမှတ်ပြု မှတ်တမ်းတင်ဂုဏ်ပြုသည့်အနေဖြင့် သက်ဆိုင်ရာစာတမ်းဖတ်ခန်းအလိုက် အကောင်းဆုံးစာတမ်းဆု ၇ ဆု၊ Science ကဏ္ဍအကောင်းဆုံးပိုစတာဆု ၁ ဆုနှင့် Engineering ကဏ္ဍအကောင်းဆုံးပိုစတာဆု ၁ ဆုတို့ကို ပေးအပ်ချီးမြှင့်မည်ဖြစ်ပါသည်။
ထို့ကြောင့် CSTD-2023 တွင် Keynote Speaker စာတမ်း ၄ စောင်၊ Panel Speaker စာတမ်း ၁၄ စောင်နှင့် သက်ဆိုင်ရာနယ်ပယ်အလိုက် စာတမ်း ၁၀၅ စောင် ဖတ်ကြားမည်ဖြစ်သဖြင့် CSTD-2023 တွင် စုစုပေါင်းစာတမ်း ၁၂၃ စောင်ကို ဖတ်ကြားမည်ဖြစ်ပါသည်။ အရပ်ဘက်တက္ကသိုလ်များမှ Panel Speaker စာတမ်း ၅ စောင်နှင့် သက်ဆိုင်ရာနယ်ပယ်အလိုက် စာတမ်း၂၄ စောင် ဖတ်ကြားမည်ဖြစ်ပြီး စာတမ်းအားလုံး၏ ၂၅ ရာခိုင်နှုန်းခန့် ရှိသဖြင့် အရပ်ဘက်တက္ကသိုလ်များက ကွန်ဖရင့်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပါဝင်ပူးပေါင်းလုပ်ဆောင်မှုကို ထင်ရှားစေပါသည်။
ရှေ့သို့ချီမည်ပန်းတိုင်ဆီ
ပိုမိုကောင်းမွန်တဲ့ နိုင်ငံတော်နဲ့လူမှုစီးပွားဘဝကို နိုင်ငံတော်က အကောင်အထည်ဖော် တည်ဆောက်လျက် ရှိပါသည်။ နိုင်ငံတစ်နိုင်ငံစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ လူသားအရင်းအမြစ်ဟာ အဓိကဖြစ်သကဲ့သို့ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆင့်မြင့်ပညာရေးကဏ္ဍမှာ သုတေသနဖွံ့ဖြိုး တိုးတက်လာအောင် ဆောင်ရွက်ရမည်ဖြစ်ပြီး သုတေသနဖွံ့ဖြိုးတိုးတက်ရန်အတွက် ကွန်ဖရင့်ကဲ့သို့ စာတမ်းဖတ်ပွဲများ မရှိမဖြစ်လိုအပ်ပါသည်။
ဒါကြောင့် တက္ကသိုလ်အသီးသီးနှင့် သုတေသနနယ်ပယ်များမှ ပါမောက္ခများ၊ သုတေသနပညာရှင်များနှင့် ဘွဲ့လွန်သင်တန်းသားများအနေဖြင့် မိမိတို့၏ သုတေသနဆောင်ရွက်ချက်၊ တွေ့ရှိချက်များကိုအပြန်အလှန် ဖလှယ် ဆွေးနွေးကြရန်နှင့် လက်ဆင့်ကမ်းမျှဝေပေးကြရန်၊ သုတေသနဖွံ့ဖြိုးတိုးတက်မှု စွမ်းပကားနှင့် ပြည်သူများ၏ လူမှုစီးပွားဘ၀ မြင့်မားသည်ထက်မြင့်မားရလေအောင် ဆောင်ရွက်နိုင်ရန်အတွက် တောင်ပေါ်မြို့လေး တစ်မြို့ဖြစ်သည့် ပြင်ဦးလွင်မြို့၌ ရည်ရွယ်ချက်ကောင်းများစွာနဲ့ နှစ်စဉ်နှစ်တိုင်းကျင်းပ နေသည့် ၂၀၂၃ ခုနှစ် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကွန်ဖရင့်(CSTD-2023)ကို စာတမ်း ဖတ်ကြား ဆွေးနွေးခြင်း၊ တက်ရောက် လေ့လာခြင်းများဖြင့် ပူးပေါင်းပါဝင်နိုင်ကြစေရန် ဖိတ်ခေါ်လိုက်ပါသည်။ ။
ချစ်ဌေးလွင်