အနီရောင်အသား များများစားလေ ဆီးချိုရောဂါဖြစ်နိုင်ခြေများလေ ဆိုပါလား

အနီရောင်အသား များများစားလေ ဆီးချိုရောဂါဖြစ်နိုင်ခြေများလေ ဆိုပါလား

 

    အနီရောင်အသားတွေ ဥပမာအားဖြင့် အမဲသားလိုမျိုး အသားတွေကို  စားခြင်းအားဖြင့်  ကောင်းကျိုးများစွာရှိတယ်လို့ အရင်တုန်းက သိခဲ့ကြတယ်မဟုတ်လား။

    အခုတော့ အဲဒီအသိကို ပြောင်းပြန်လှန်လိုက်ရမလိုပါပဲ။ဟုတ်ပါတယ်။  အနီရောင်အသားကိုစားခြင်းက အမျိုးအစား ၂ ဆီးချိုရောဂါဖြစ်ပွားမှုကို   မြင့်တက်စေနိုင်တယ်လို့ သုတေသနပညာရှင်များက တွေ့ရှိလိုက်ပြန်ပါပြီ။

ကမ္ဘာပေါ်မှာ အမျိုးအစား ၂ ဆီးချိုရောဂါဖြစ်ပွားမှုက တစ်နေ့တခြားမြင့်တက်လာနေတာပါ။ ဆီးချိုရောဂါက သိပ်ကို ကြောက်စရာကောင်းပါတယ်။

ဘာကြောင့် ကြောက်စရာကောင်းလဲဆိုတော့    ဆီးချိုရောဂါဖြစ်ပြီဆိုတာနဲ့ စားချင်သလိုမစားရ၊  သွားချင်သလို မသွားရ၊ ဆေးကလည်း အချိန်မှန်သောက်ရနဲ့ တော်တော်လေးကို ဒုက္ခများပါတယ်။

ဒါ့အပြင် ဆီးချိုရောဂါကို အကြောင်းပြုပြီး  နှလုံးရောဂါ၊  ကျောက်ကပ်ရောဂါ၊ ကင်ဆာရောဂါနဲ့  စိတ်ဖောက်ပြန်မှုရောဂါများ အထိဖြစ်စေနိုင်ပါတယ်။

အဲဒီရောဂါတွေအားလုံးက အသက်ဘေးနီးတဲ့ ရောဂါတွေပါ။   ဒါကြောင့် ဆီးချို ရောဂါက သိပ်ကိုကြောက်စရာကောင်းတယ်လို့ ပြောရခြင်းဖြစ်ပါတယ်။

အခုတစ်ခေါက်    အနီရောင်အသား စားသုံးမှုနဲ့ ဆီးချိုရောဂါတို့ကြားက ဆက်စပ်မှု ရလဒ်ကိုတွေ့ရှိသူများက သာမန်သုတေသန ပညာရှင်များမဟုတ်ဘဲ ဟားဗတ်တက္ကသိုလ်မှသိပ္ပံပညာရှင်များဖြစ်နေပါတယ်။

သူတို့ရဲ့တွေ့ရှိချက်ကတော့ သီတင်းပတ် တစ်ပတ်ကို အနီရောင်အသား နှစ်ကြိမ်အောက်လောက်သာ  စားသုံးရုံမျှနဲ့ အမျိုးအစား ၂ ဆီးချိုရောဂါဖြစ်ပွားမှုကို မြင့်တက်စေနိုင်တယ်လို့   ဆိုထားခြင်းပါပဲ။ ဘယ်သူတွေနဲ့ နှိုင်းယှဉ်ရင်လဲဆိုတော့ အနီရောင်အသားကို   စားသုံးမှုနည်းတဲ့ သူတွေနဲ့ပါ။

အခုလိုမျိုး    ဆီးချိုရောဂါဖြစ်ပွားမှု မြင့်တက်ရခြင်းဟာ အသားစားသုံးမှု ပမာဏမြင့်မားခြင်းနဲ့လည်း ဆက်စပ်နေတယ်လို့ ဟားဗတ်တက္ကသိုလ် ကျန်းမာရေးကျောင်းမှ သုတေသနရလဒ်များမှာ    ဖော်ပြထားပါတယ်။

ဒီအခြေအနေကို လျှော့ချပေးနိုင်မယ့် အရာမရှိဘူးလားဆိုရင် ရှိတယ်လို့ဖြေရပါလိမ့်မယ်။ အဲဒါကတော့  အနီရောင် အသားတွေကိုစားသုံးတဲ့နေရာမှာ အာဟာရပြည့်ဝတဲ့ အပင်အခြေခံ ပရိုတိန်းဓာတ်များကို စားသုံးခြင်းဖြစ်ပါတယ်။

အဲဒီထဲမှာ အခွံမာသီးများ၊ ပဲတောင့်ရှည်များ    စသည်ဖြင့် ပါဝင်ပါတယ်။ ဒါ့အပြင် နို့နဲ့နို့ထွက်ပစ္စည်း အနည်းငယ်မျှကို စားသုံးပေးခြင်းကလည်း အမျိုးအစား ၂ ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်တယ်လို့ဆိုပါတယ်။

“ ကျွန်တော်တို့ရဲ့   ရှာဖွေတွေ့ရှိမှုက အနီရောင်အသား စားသုံးမှုကို ကန့်သတ်ခြင်း အတွက် စားသောက်မှုပုံစံ လမ်းညွှန်ချက် ပါဝင်ပါတယ်။ အဲဒီလို ကန့်သတ်မှုတွေထဲမှာ ပြုပြင်ပြီး ဒါမှမဟုတ် မပြုပြင်ရသေးတဲ့ အနီရောင်အသား အမျိုးစုံပါဝင်ပါတယ်” လို့ အာဟာရရေးရာဌာနမှ   ပါရဂူဘွဲ့လွန် သုတေသနပညာရှင်ရှောင်းဂူက  ပြောပါတယ်။

အရင်တုန်းက   သုတေသနတွေမှာ အနီရောင်အသား စားသုံးမှုနဲ့ အမျိုးအစား ၂ ဆီးချိုရောဂါဖြစ်ပွားမှုတို့ကြား ဆက်စပ် နေတယ်ဆိုတဲ့ အကြောင်းသာ ဖော်ပြခဲ့ကြတာပါ။

အခုသုတေသနကတော့ အမျိုးအစား ၂ ဆီးချိုရောဂါခံစားနေရသူတွေကို နှစ်ပေါင်းများစွာကြာ လေ့လာစောင့်ကြည့်မှု လုပ်ဆောင်ခဲ့ခြင်းဖြစ်တာကြောင့် အနီရောင်အသားနဲ့  ဆီးချိုရောဂါတို့ရဲ့ ဆက်စပ်မှု အခြေအနေကို ပိုမိုခိုင်မာစေခဲ့တာဖြစ်ပါတယ်။

သုတေသီများဟာ    ဒီသုတေသနကို လုပ်ဖို့အတွက် အမျိုးမျိုးသော သုတေသန လေ့လာမှုတွေမှာ   ပါဝင်သူစုစုပေါင်း ၂၁၆၆၉၅ ဦးကို လေ့လာမှုလုပ်ခဲ့တာပါ။

အသက် ၃၆ နှစ်အထက်ရှိသူများကို သူတို့ရဲ့စားသောက်မှု ပုံစံများနဲ့ပတ်သက်ပြီး ၂ နှစ်ကနေ ၄ နှစ်တိုင်း မေးခွန်းတွေ မေးမြန်း အကဲဖြတ်ခဲ့ကြပါတယ်။

သုတေသနမှာ ပါဝင်သူတွေထဲကမှ ၂၂၀၀၀ ကျော်ဟာ အဲဒီကာလအတွင်း အမျိုးအစား ၂ ဆီးချိုရောဂါဖြစ်လာကြတယ် ဆိုတာကို တွေ့ရှိလိုက်ရပါတယ်။

အနီရောင်အသားကို   အများအပြား စားသုံးသူနဲ့ အနည်းအကျဉ်းသာ စားသုံးသူတို့ကြား အမျိုးအစား ၂ ဆီးချိုရောဂါ ဖြစ်နိုင်ခြေကွာခြားချက်က ၆၂ ရာခိုင်နှုန်း တောင်ရှိပါတယ်။

အဲဒီထဲကမှ ပြုပြင်ပြီး အနီရောင်အသားကိုနေ့စဉ်စားသုံးသူတွေက အမျိုးအစား ၂ ဆီးချိုရောဂါဖြစ်နိုင်ခြေ ၄၆ ရာခိုင်နှုန်းနဲ့ မပြုပြင်ရသေးတဲ့  အနီရောင်အသားကို နေ့စဉ်စားသုံးသူတွေက   ဒီရောဂါဖြစ်နိုင်ခြေ ၂၄ ရာခိုင်နှုန်းအထိ ရှိတယ်ဆိုတာကိုတွေ့ရပါတယ်။

အနီရောင်အသားနေရာမှာ  အပင်ကိုအခြေခံတဲ့ အစားအသောက်တွေနဲ့ အစားထိုးလိုက်တဲ့ အခါမှာတော့ ထွက်ပေါ်လာတဲ့ ရလဒ်က သိသိသာသာကြီးကို ကွဲပြားခြားနားသွားပါတယ်။

အခွံမာသီးနဲ့ပဲတောင့်ရှည်လိုမျိုး အပင် အခြေခံပရိုတိန်းဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကိုစားသုံးခြင်းက အမျိုးအစား ၂ ဆီးချိုရောဂါဖြစ်နိုင်ခြေကို  ၃၀  ရာခိုင်နှုန်းအထိ ကျဆင်းစေပြီး နို့နဲ့နို့ထွက်ပစ္စည်းများကို စားသုံးခြင်းကြောင့်     ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ကျဆင်းမှုက  ၂၂  ရာခိုင်နှုန်းရှိပါတယ်။

ဒါကြောင့်  အခုတွေ့ရှိတဲ့ သုတေသန ရလဒ်များကို အခြေခံပြီး ပြောရမယ်ဆိုရင် သီတင်းပတ်တစ်ပတ်ကို   တစ်ကြိမ်မျှသာ အနီရောင်အသားကို စားသုံးခြင်းက ကျန်းမာစွာ နေထိုင်လိုတဲ့သူတွေအတွက် အသင့်တော်ဆုံးသော ပမာဏဖြစ်တယ်လို့ ဆိုရပါလိမ့်မယ်။

တစ်ဖက်မှာဆိုရင်လည်း   အနီရောင် စားသုံးမှုများပြားတဲ့အတွက် သူ့ကိုထုတ်လုပ်ရာမှာ ဖန်လုံအိမ်ဓာတ်ငွေ့များစွာ ထွက်ပေါ်လာစေပြီး  ကမ္ဘာကြီးပူနွေးမှုကို အားပေးနေပါတယ်။

အပင်အခြေခံအစားအစာတွေကို စားသုံးမယ်ဆိုရင်တော့  ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကိုလျော့ကျစေကာ လူသားများအတွက်သာမက သဘာဝ ပတ်ဝန်းကျင် အတွက်ပါ   မရေမတွက်နိုင်တဲ့ အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်စေမှာဖြစ်ကြောင်းပါ ခင်ဗျာ။    

ကိုထက်