ကျောက်တံခါးမြို့နယ် သူဌေးကုန်းဘူတာနှင့် ပိန်းဇလုပ်ဘူတာအကြား မိုင်တိုင်အမှတ်၊    ၁၀၄/၀-၁ ကြား တံတားအမှတ်(၁၄၆)နှင့် (၁၄၇)အနီးရှိ ရထားလမ်းအား PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှု ထပ်မံကျူးလွန်၊ ရထားလမ်း ပျက်စီး၍ ခရီးစဉ်များ ကြန့်ကြာမှု

ကျောက်တံခါးမြို့နယ် သူဌေးကုန်းဘူတာနှင့် ပိန်းဇလုပ်ဘူတာအကြား မိုင်တိုင်အမှတ်၊    ၁၀၄/၀-၁ ကြား တံတားအမှတ်(၁၄၆)နှင့် (၁၄၇)အနီးရှိ ရထားလမ်းအား PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှု ထပ်မံကျူးလွန်၊ ရထားလမ်း ပျက်စီး၍ ခရီးစဉ်များ ကြန့်ကြာမှုဖြစ်ပွားခဲ့

 

နေပြည်တော်၊ ၂၀၂၃ အောက်တိုဘာ - ၂၅

         

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားအနေဖြင့် အများပြည်သူ ရုံးပိတ်ရက်နှင့် ကျောင်းပိတ်ရက်များဖြစ်သည့် သီတင်းကျွတ်ပွဲတော်ကာလအတွင်း ရထားစီး ခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် ပုံမှန်ပြေးဆွဲ လျက်ရှိသည့် ရထားများအပြင် ရန်ကုန်-နေပြည်တော်၊ ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပြည်နှင့် ရန်ကုန်-ပုဂံ အထူးရထား များကို ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

မြန်မာ့မီးရထားအနေဖြင့် နေ့စဉ်လူစီးရထားများ၊ ကုန်ရထားများကို ပုံမှန်ပြေးဆွဲလျက် ရှိရာတွင် အောက်တိုဘာလ ၂၄ ရက် ည ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် ရန်ကုန်-မန္တလေးရထား လမ်းပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် သူဌေးကုန်း ဘူတာနှင့် ပိန်းဇလုပ်ဘူတာအကြား မိုင်တိုင်အမှတ်၊ ၁၀၄/၀-၁ ကြား တံတား အမှတ်၊ ၁၄၆ နှင့် ၁၄၇ အနီး၌ ရထားလမ်းများ အား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းခွဲဖျက်ဆီးမှုကို ထပ်မံကျူးလွန်ခဲ့သဖြင့် ရထား ပြေးဆွဲနေသော အဆန်ရထားလမ်းနှင့် ပြန်လည်အဆင့်မြှင့်တည်ဆောက်နေသော အစုန်ရထား လမ်းတို့တွင် တပ်ဆင်ထားသည့် သံလမ်းသစ်များ ၁ ပေခွဲစီခန့် ပြတ်တောက်၍ ၄ ပေစီခန့် ကွေးကောက်ပျက်စီးခြင်းနှင့် ကွန်ကရစ်ဇလီဖားတုံးများ ပျက်စီးခဲ့သည်။

အဆိုပါ ပျက်စီးမှုကြောင့် အောက်တိုဘာလ ၂၄ ရက် ညနေပိုင်းတွင် မန္တလေးမှ ရန်ကုန်သို့ ပုံမှန်ထွက်ခွာလာသော အမှတ်(၆)အစုန်အမြန်ရထားသည် ယနေ့ နံနက် ၃ နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းဘူတာတွင်လည်းကောင်း၊ အမှတ်(၄)အစုန် ရထားသည် နံနက် ၄နာရီ ၂၀မိနစ်ခန့်တွင် ကညွတ်ကွင်းဘူတာတွင် လည်းကောင်း  ခေတ္တ ရပ်နားထားခဲ့ရသည်။ ထို့အတူ ရွာသာကြီး-မြစ်ငယ်-ရွာသာကြီး ခရီးစဉ်ပြေးဆွဲလျက်ရှိသည့် ကုန်သေတ္တာရထား (၂)စင်းတို့သည်လည်း  ပြွန်တန်ဆာ ဘူတာနှင့်  အိမ်ခြေလေးဆယ်ဘူတာ တို့၌ ခေတ္တရပ်နားထားခဲ့ရသည်။

ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်နှင့်တပြေးညီ သွားရောက် စစ်ဆေးခြင်း၊ မြန်မာ့မီးရထားဝန်ထမ်းများကလည်း ပျက်စီးသွားသော ရထားလမ်းအား ပြန်လည်မွမ်းမံပြုပြင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ နံနက်၈ နာရီ ၃၀ မိနစ်ခန့်တွင် ပြီးစီးခဲ့သဖြင့် ခေတ္တရပ်နားထားရသော ရထားများပုံမှန် ပြန်လည်ပြေးဆွဲ လျက်ရှိသည်။

ဤသို့ ရထားလမ်း ဖျက်ဆီးခံရသဖြင့် မိုင်းရှင်းလင်းခြင်း၊ ပြန်လည်မွမ်းမံပြင်ဆင် ရခြင်းတို့ကြောင့် လူစီးအမြန်ရထား(၂)စင်းတို့မှ ခရီးသည် ၁၂၂၀ ဦးခန့်နှင့် ကုန်ရထား ခရီးစဉ်များ လမ်းခရီး၌ ကြန့်ကြာမှုနှင့် အခက်အခဲများကို ကြုံတွေ့ခဲ့ကြရသည်။      

PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှ စ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ယက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာ နယ်မြေအတွင်း ဗုံးထောင် မိုင်းခွဲ/ တွေ့ရှိခြင်း(၁၂၈)ကြိမ်၊ ရထားတံတား များအား မိုင်းခွဲဖျက်ဆီးခြင်း (၄၅) ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်း နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း(၁၂)ကြိမ် ကျူးလွန်ခဲ့ကြပြီးဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူ ခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ မြန်ဆန်စေရေးအတွက် ရထားလမ်း အခြေခံအဆောက်အဦများ ပိုမိုကောင်းမွန် လာစေရေး၊ ရထားပို့ဆောင်ရေးစနစ်ကို အဆင့်မြှင့်တင်နေသည့် စီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ စီမံဆောင်ရွက်ပေးလျက် ရှိသော်လည်း အကြမ်းဖက်သမားများက နိုင်ငံတော်ပိုင် ရထားစက်ခေါင်း၊ တွဲများနှင့် ခရီးသည်များ၊ ကုန်စည်များ ထိခိုက်ပျက်စီးစေ ရေး၊ ပြည်သူများအသက်အန္တရာယ်ထိခိုက်ပြီး ရထားဖြင့် ခရီးသွားလာမှု မပြုရဲအောင် ခြိမ်းခြောက် ခြင်းတို့အပြင် ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့် တင်ရေးစီမံကိန်းလုပ်ငန်းများ အချိန်ပိုမိုကြန့်ကြာစေရေး ရည်ရွယ်ချက်များဖြင့် အကြိမ်ကြိမ် ကျူးလွန်နေကြသောကြောင့် အဆိုပါ အကြမ်းဖက်သမားများအပေါ် ဒေသခံပြည်သူ တစ်ရပ်လုံးက ပြင်းထန်စွာ ဆန့်ကျင် ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း သတင်းရရှိသည်။

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန