နေပြည်တော်၊ ယာဉ်တိမ်းမှောက်မှု
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး အုတ်တွင်းမြို့နယ် ဗောဓိကုန်းအမြန်လမ်းမကြီးရဲစခန်းအပိုင်နှင့် မိတ္ထီလာ မြို့နယ် သီးကုန်းအမြန်လမ်းမကြီး ရဲစခန်းအပိုင်တို့၌ နိုဝင်ဘာ ၁၈ ရက်တွင် ယာဉ်မတော်တဆမှု နှစ်မှုဖြစ်ပွားကြောင်းသိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၈ ရက်မွန်းလွဲ ၂ နာရီခွဲတွင် အုတ်တွင်းမြို့နယ် ဗောဓိကုန်းအမြန်လမ်းမကြီး ရဲစခန်း အပိုင် မိုင်တိုင်အမှတ်(၁၃၂/၇)နှင့် (၁၃၃/ဝ)အကြားတွင် ယာဉ်မောင်း အောင်ကျော်ဦး မောင်းနှင်လာပြီး ဆန်အိတ်များတင်ဆောင်လာသော ယာဉ်အမှတ့် YGN-7C/---- နောက်တွဲအမှတ် MDY-ITL/----အပြာရောင် ၂၂ ဘီးယာဉ်သည် မောင်းနှင်နေစဉ် နောက်ဝဲဘက်ဘီးပေါက်ရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားရာ ယာဉ်မောင်းမှာ ထိခိုက်ဒဏ်ရာမရရှိသော်လည်း တင်ဆောင်လာသော ဆန်အိတ် ၇၀၀ အနက် အိတ် ၃၀၀ ခန့်မီးလောင်ပျက်စီးသွားသည်။
အလားတူ ည ၁၀ နာရီ မိနစ် ၄၀ ခန့်တွင် မိတ္ထီလာမြို့နယ် သီးကုန်းအမြန်လမ်းမကြီး ရဲစခန်းအပိုင် မိုင်တိုင် အမှတ်(၂၈၁/၄)နှင့် (၂၈၁/၅)အကြား၌ မန္တလေးမှနေပြည်တော်သို့ ယာဉ်မောင်းရဲထွန်း မောင်းနှင်လာသော ယာဉ်အမှတ့် YGN-9H/---- CROWN အပြာရောင်ယာဉ်မှာ မောင်းနှင်နေစဉ် ရှေ့ဝဲဘက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားရာ ယာဉ်မောင်းမှာ မစိုးရိမ်ရဒဏ်ရာရရှိသွားသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ အောင်ကျော်ဦးအား ဗောဓိကုန်း အမြန်လမ်းမကြီးရဲစခန်းကယာဉ် (ပ)၂၇/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၇၉/၂၈၅ အရလည်းကောင်း၊ ယာဉ်မောင်း ရဲထွန်းအား သီးကုန်းအမြန်လမ်းမ ကြီးရဲစခန်းက ယာဉ်(ပ)၂၂/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉/၃၃၇ အရလည်းကောင်း အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။
ရဲဝင်းနိုင်(နေပြည်တော်)