မီးရထားလမ်းများဖွင့်လှစ်လို့ ပို့ဆောင်ရေးကဏ္ဍကို မြှင့်တင်ကြပါစို့

 

မီးရထားလမ်းများဖွင့်လှစ်လို့ ပို့ဆောင်ရေးကဏ္ဍကို မြှင့်တင်ကြပါစို့

အေးချမ်းတဲ့နံနက်ခင်းရဲ့အစမှာ ဆောင်းလေပြည်ရဲ့ နူးညံ့တဲ့အငွေ့အသက်ရယ်၊ ဝသန်မိုးရဲ့ အေးချမ်းတဲ့ နှုတ်ဆက်ခြင်းတွေနဲ့ ဆီးကြိုနေတဲ့ အေးချမ်းလှတဲ့တောင်ကြီးမြို့လေးဟာ ရှမ်းအိုးစည်ရဲ့ သာယာငြိမ့်ညောင်းတဲ့ အသံနဲ့အတူ နံနက်ခင်းကို နှုတ်ဆက်နေပါတော့တယ်။ ချစ်စရာရှမ်းဝတ်စုံများ ဝတ်ဆင်ထားတဲ့ ရှမ်းတိုင်းရင်းသူ လှပျိုဖြူများက မင်္ဂလာပါဆိုတဲ့ အသံဝဲ၀ဲလေးရယ် ချိုသာတဲ့အပြုံးလေးများနဲ့ ဆီးကြိုနှုတ်ဆက်နေတဲ့ မြင်ကွင်းလေးဟာ မြင်ရသူအပေါင်းရဲ့ စိတ်ထဲဝယ်  ကြည်နူးပီတိဖြစ်မိပါတယ်။ ဒါ့အပြင် ရှမ်းလှပျိုဖြူလေးများရဲ့ဘေးက အိုးစည်ဗုံမောင်းနဲ့ရှမ်းအိုးစည်တီး၊ ရှမ်းအကအလှများဖြင့် ကပြဖျော်ဖြေ တင်ဆက်နေတဲ့ပွဲဟာ မြန်မာ့မီးရထားရဲ့ ရွှေညောင်-တောင်ကြီး - နောင်ကားလမ်းခွဲ - ပင်းပက် မီးရထားလမ်းပိုင်း ဖွင့်လှစ်တဲ့ မြင်ကွင်းလေးပဲ ဖြစ်ပါတယ်။ ဒီမြင်ကွင်းလေးကနေတစ်ဆင့် မြန်မာ့မီးရထားရဲ့ ပြည်သူလူထုအပေါ်  ခေတ်အဆက်ဆက်တာဝန်ကျေပွန်ခဲ့ပုံ အကြောင်းတွေကို   သမိုင်းမော်ကွန်းမှတ်တိုင်အဖြစ် မှတ်တမ်းတင်ရင်း မြန်မာ့မီးရထားဝန်ထမ်းများရဲ့ တာဝန်ကျေပွန်မှုကို စာကမ္ပည်းတင်မော်ကွန်းလွှာဖြင့် ဂုဏ်ပြုဆောင်းပါးလေးရေးသားလိုက်ရပါသည်။

သမိုင်းကောင်းနဲ့ရပ်တည်

မြန်မာ့မီးရထားလို့ဆိုလိုက်တာနဲ့  မြန်မာနိုင်ငံရဲ့ပို့ဆောင်ရေးကဏ္ဍတွေမှာ စရိတ်စက အနည်းဆုံးနဲ့ ခရီးသည် အများအပြားကို သက်သောင့်သက်သာဖြင့် လိုရာခရီးကိုပို့ဆောင်ပေးနိုင်သကဲ့သို့ ရထားလမ်း ကွန်ရက်ရှိရာ နေရာအသီးသီးကို စရိတ်ကျဉ်းကျဉ်းနဲ့ အချိန်တိုအတွင်း ပို့ဆောင်ပေးနိုင်တာဟာ မြန်မာ့မီးရထားရဲ့ အားသာချက်တစ်ခုပဲဖြစ်ပါတယ်။ ဒါ့အပြင် မီးရထားသည်လေထုညစ်ညမ်းမှုနဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို  လျော့ပါးသက်သာစေသကဲ့သို့ ခရီးသည်နဲ့  ကုန်စည်အမြောက်အမြား  သယ်ယူ ပို့ဆောင်နိုင်သည့်အတွက် ယာဉ်ကြောကျပ်တည်းမှုကို ဖြစ်ပေါ်နေသည့် မြို့ကြီးများမှာအားထားအသုံးပြုနေရဆဲ ဖြစ်ပါတယ်။ စရိတ်စကလည်း သက်သာတဲ့အတွက် အဆင်ပြေပါတယ်။

နိုင်ငံတစ်နိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာမှာ လမ်းပန်းဆက်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး ကဏ္ဍဟာ အလွန်အရေးပါတဲ့ ကဏ္ဍကြီးတစ်ရပ်ဖြစ်ပါတယ်။ ရထားပို့ဆောင်ရေး လုပ်ငန်းဟာ မြန်မာ့သမိုင်း၏ အထင်ကရဇာတ်ကောင်တစ်ဦးဖြစ်ပြီး  အများပြည်သူသယ်ယူပို့ဆောင်ရေး   (Public Transport)နှင့် ပတ်သက်လာပါက ပထမဦးဆုံးနှင့် ရှေးအကျဆုံး Transport Mode တစ်ခုဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၁၈၇၇ ခုနှစ် မေလ ၁ ရက်နေ့မှာ ရန်ကုန်-ပြည် ရထားလမ်းပိုင်း ၁၆၁ မိုင်ခရီးကို စတင်ဖောက်လုပ် ပြေးဆွဲခဲ့ခြင်းနှင့်အတူ ရထားပို့ဆောင်ရေးလုပ်ငန်းပေါ်ထွန်းလာခဲ့တာဟာ ယနေ့ဆိုရင်နှစ်ပေါင်း ၁၄၆ နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ခေတ်စနစ်များ အမျိုးမျိုးပြောင်းလဲ လာသည်နှင့်အမျှ  Burma Railway   Company၊  မီးရထားဘုတ်အဖွဲ့၊ ရထားပို့ဆောင်ရေးကော်ပိုရေးရှင်းဟု ဌာန အခေါ်အဝေါ်အား   အဆင့်ဆင့်ပြောင်းလဲလာခဲ့ပြီး ၁၉၈၉ ခုနှစ်  ဧပြီလ ၁ ရက်နေ့မှာ   မြန်မာ့မီးရထားလို့ ယနေ့တိုင်ပြောင်းလဲသတ်မှတ်ခေါ်ဝေါ်ခဲ့ပါတယ်။

 မြန်မာ့မီးရထားဖြတ်သန်းခဲ့တဲ့ ၁၄၆ နှစ်ကျော်ကြာခရီးတစ်လျှောက်မှာ  ခေတ်စနစ်များ အမျိုးမျိုး ပြောင်းလဲခဲ့သော်လည်း ဝန်ထမ်းများ၏ ဇွဲ၊ လုံ့လ၊ ဝီရိယတို့နဲ့  ပို့ဆောင်ရေးလုပ်ငန်းများကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ကြပြီး နိုင်ငံတော်၏ ပို့ဆောင်ရေးလိုအပ်ချက်များကို ယခုတိုင်ဖြည့်ဆည်း ပေးနိုင်နေဆဲ ဖြစ်ပါတယ်။

မြန်မာ့မီးရထားဌာနကြီးဟာ ဒီလိုသမိုင်းကြောင်းရှည်လျားခဲ့တဲ့ကာလအတွင်းမှာ ရထားပြေးဆွဲခြင်းလုပ်ငန်းနဲ့   ပြည်သူတို့အားဝန်ဆောင်မှုပေးသည့် လုပ်ငန်းဆောင်ရွက်ခဲ့ပါတယ်။ မြန်မာ့မီးရထားရဲ့ ဖြတ်သန်းလာတဲ့ ကာလတစ်လျှောက်မှာ အခက်အခဲများစွာကြုံတွေ့ရမှု၊ အောင်မြင်မှု၊ ဆုံးရှုံးမှုများ အစရှိတဲ့ အတွေ့အကြုံကောင်းများစွာ ရရှိနေပြီဖြစ်တဲ့ ဌာနကြီးတစ်ခုဖြစ်လာပါတယ်။ ဒါကြောင့်လည်း မြန်မာ့မီးရထားရဲ့ ဝန်ထမ်းများအားလုံးကို နိုင်ငံတော်အကြီးအကဲကိုယ်တိုင်က အသိအမှတ်ပြုဂုဏ်ယူပါကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။ နှစ်ပေါင်း ၁၄၆ နှစ်ကျော် သက်တမ်းရှိခဲ့တဲ့ မြန်မာ့မီးရထားဟာ မြန်မာနိုင်ငံသားများရင်ထဲဝယ် သမိုင်းမှတ်တမ်းကောင်းတစ်ခုအဖြစ် ရပ်တည်နေပြီဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှရဲ့  သက်တမ်းအရင့်ဆုံးရထားပို့ဆောင်ရေးလုပ်ငန်းကိုပိုင်ဆိုင်သည့်  နိုင်ငံလည်းဖြစ်ပါတယ်။

တောင်ကြီးမြို့အခြေပြုမီးရထားများပြေးဆွဲမည်

တောင်ကြီးမြို့ဟာ ရှမ်းပြည်နယ်(တောင်ပိုင်း)၏ မြို့တော်ဖြစ်ပြီး ကုန်သွယ်စီးပွားလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်သည့်   အချက်အချာဒေသဖြစ်ပါတယ်။ ဒါ့အပြင် တိုင်းရင်းသား ပေါင်းစုံလူဦးရေ ၄ သိန်းကျော် မှီတင်းနေထိုင်တဲ့  မြို့တော်ကြီးလည်းဖြစ်ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေနဲ့ ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများ၏ ဒေသထွက်ကုန်များကို ကုန်ကျစရိတ်သက်သာစွာ၊ အဆင်ပြေချောမွေ့စွာသယ်ယူပို့ဆောင်ပေးနိုင်ရန်  တောင်ကြီးဒေသကို ဗဟိုပြုပြီး ရှမ်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုရထားလမ်းပိုင်းအဆင့်မြှင့်တင်ခြင်းနှင့် အသစ် တည်ဆောက်ခြင်းတို့ကို  ပြည့်စုံအောင်မြင်အောင်  ကြိုးပမ်းစွမ်းဆောင်ပေးခဲ့ကြပါတယ်။   ဒါ့အပြင် ရွှေညောင်-တောင်ကြီး-နောင်ကားလမ်းခွဲ-ပင်းပက်လမ်းပိုင်းမှာ   တောင်ကြီးဘူတာကို အခြေပြု၍ တောင်ကြီး-ရွှေညောင်ရထား၊ တောင်ကြီး-ပင်းပက်-ဆိုက်ခေါင်ရထားတွေကို ခရီးသည်နဲ့ကုန်စည်ရရှိမှုအပေါ်မူတည်ပြီး ပြေးဆွဲပေးသွားမှာ ဖြစ်သည့်အတွက် ထင်ရှားမြင်သာသည့်အကျိုးရလဒ်ကို လက်တွေ့ခံစားနိုင်ကြတော့မှာ ဖြစ်ပါတယ်။

ရွှေညောင်-တောင်ကြီး-နောင်ကားလမ်းခွဲ-ပင်းပက် ရထားလမ်းပိုင်းပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားက ရှမ်းပြည်နယ်အတွင်းအရှည် ၂၁ ဒသမ ၇၂ မိုင်ရှိသည့်  ရွှေညောင်-တောင်ကြီး  ရထားလမ်းပိုင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ပြီးစီးမှုနဲ့အတူ နိုင်ငံတော်အကြီးအကဲရဲ့လမ်းညွှန်ချက်အရ လက်ရှိမှာ တောင်ကြီး-ဆိုက်ခေါင်  ရထားလမ်းပိုင်းအတွင်းရှိ နောင်ကားလမ်းခွဲ ဘူတာမှတစ်ဆင့် ဟိုပုံးမြို့အနီးပင်းပက်အထိ  အရှည် ၁၀ ဒသမ ၇၈ မိုင်ကို အောင်မြင်စွာ တိုးချဲ့ဖောက်လုပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ရထားလမ်းပိုင်းအသစ်  ဖောက်လုပ်ခြင်းနှင့်အတူ လမ်းပိုင်းအတွင်းအဓိကကျသည့် ရွှေညောင်-တောင်ကြီး ရထားလမ်းပိုင်းဟာ ၁၉၉၇ ခုနှစ် ဒီဇင်ဘာလက စတင်ဖွင့်လှစ်ခဲ့သော်လည်း  အကြောင်းအမျိုးမျိုးကြောင့် အကျိုးရှိစွာ အသုံးမပြုနိုင်ခဲ့ပါဘူး။ ဒါကြောင့် ရထားလမ်းကွေ့နှင့်ဆင်ခြေလျှောများပြေပြစ်ပြီး  ပိုမိုကြံ့ခိုင်မှုရှိစေရန်၊ ခရီးသည်နှင့်ကုန်စည်များ လုံခြုံစိတ်ချစွာဝန်ချိန်ပြည့် သယ်ယူပို့ဆောင်ပေးနိုင်ရန် ရည်ရွယ်ပြီး  ရထားလမ်းအဆင့်မြှင့်တင်ခြင်း   လုပ်ငန်းများကို တစ်ပါတည်း               ဆောင်ရွက်ပြီးစီးခဲ့ခြင်း ဖြစ်ပါတယ်။

ရွှေညောင်-တောင်ကြီး-နောင်ကားလမ်းခွဲ-ပင်းပက် ရထားလမ်းပိုင်းဖောက်လုပ်ရာမှာ နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ပြီး လမ်းပိုင်းလုံခြုံစိတ်ချမှုရှိစေရေး ဆောင်ရွက်ခဲ့ရပုံကို မြန်မာ့မီးရထား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယအထွေထွေမန်နေဂျာ ဦးမျိုးဇော်ထူးက ရထားလမ်းပိုင်းဖောက်လုပ် ဆောင်ရွက်ရတဲ့ လုပ်ငန်းအနေနဲ့ကတော့ ခရီးမိုင် ၂၁ ဒသမ ၃၃ မိုင်မှာ မြေကြီးလုပ်ငန်း စုစုပေါင်း ၅၄၀၀၀၀ ကျင်း၊ တံတားအစင်းရေအနေနဲ့ တံတားစုစုပေါင်း ၃၉ စင်း ဆောင်ရွက်ခဲ့ပါတယ်။ သံလမ်းခင်းခြင်းကတော့  ၂၁ ဒသမ ၃၃ မိုင်ကို သံလမ်းအကြမ်းခင်းခြင်းနဲ့ အချောခင်းခြင်းဆောင်ရွက်ခဲ့ပါတယ်။ မီးရထားစမ်းသပ်မောင်းနှင်ရာတွင် ၂၅-၇-၂၀၂၃  ရက်မှာ တောင်ကြီးကနေ ရွှေညောင်ကိုအစုန်ရထားအနေနဲ့ စမ်းသပ်မောင်းနှင်ခဲ့ပါတယ်။ ၂၆-၇-၂၀၂၃ ရက်မှာ ရွှေညောင်ကနေ တောင်ကြီးကို အဆန်ရထားအနေနဲ့ စမ်းသပ်မောင်းနှင်ခဲ့ပါတယ်။ စမ်းသပ်မောင်းနှင်တဲ့အခါ စုစုပေါင်းတန်ချိန်  ၂၂၅ တန်ဝန်ချိန်အပြည့်နဲ့ ခရီးမိုင်နှုန်း ၁၅  မိုင်နှုန်းနဲ့ စမ်းသပ်မောင်းနှင်ခဲ့ပါတယ်။ စမ်းသပ်မောင်းနှင်တဲ့အခါ အဆင်ပြေချောမွေ့ပါတယ်ဟုလည်းကောင်း။

ခရီးသွားပြည်သူများ  အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် မြန်မာ့မီးရထားပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ မန်နေဂျာ ဦးကိုကိုကျော်က  လက်ရှိကတော့  တောင်ကြီးကနေ  ဆိုက်ခေါင်အထိ ၁၅၃ အဆန်၊ ၁၅၄ အစုန် ၅ ရက်ကိုတစ်ကြိမ် ပြေးဆွဲပေးနေပါတယ်။  လက်ရှိမှာ လမ်းပိုင်းအသစ်ဖွင့်လိုက်ပြီဆိုတော့ ဆိုက်ခေါင်- တောင်ကြီး-ရွှေညောင်ကနေတစ်ဆင့် သာစည်၊ ရန်ကုန်၊ မန္တလေးတို့အထိ ဒေသခံတွေတောင်းဆိုတဲ့အပေါ် မူတည်ပြီး  လူစီးရထားတွေကို ပြေးဆွဲသွားမှာဖြစ်ပါတယ်။  မီးရထားပြေးဆွဲမယ့်အချိန်ကတော့ ဆိုက်ခေါင်-တောင်ကြီးခရီးစဉ်မှာ ၅ ရက်ကိုတစ်ကြိမ် ပြေးဆွဲမှာပါ။  ရထားလက်မှတ်ခတွေကို သတ်မှတ်နှုန်းထားအတိုင်း  ရောင်းချပေးသွားမှာပါ။ ရထားပြေးဆွဲမယ့်အချိန်ကို ပြည်သူလူထုတောင်းဆိုတဲ့အချိန်၊ အဆိုပြုတဲ့အချိန်ကိုပြေးဆွဲပေးသွားမှာပါ။ ခရီးသွားစရိတ်မြင့်မားနေတဲ့ အချိန်မှာ ရထားပို့ဆောင်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာတာကြောင့် လူစီးရထားတွေရော၊ ကုန်စည်ရထား တွေရော ပြေးဆွဲပေးနေတာကြောင့် ဒေသခံတွေအတွက်ကုန်ကျစရိတ် သက်သာသည့်အပြင် လူမှုစီးပွားဘဝများ တိုးတက်လာမှာဖြစ်ပါတယ်။ ရထားလမ်းနဲ့ဆက်စပ်ပြီး မြန်မာပြည်အနှံ့အပြားကို  သွားလာနိုင်တာကြောင့် လမ်းပန်းဆက်သွယ်ရေး ပိုမိုတိုးတက်ချောမွေ့လာမှာလည်းဖြစ်ပါတယ်ဟုလည်းကောင်း။

တောင်ကြီးမြို့   ဒေသခံပြည်သူတစ်ဦးဖြစ်သူ ဦးခွန်ကျော်ခမ်းက အခုလိုရထားလမ်းကို ပြန်လည်ဖွင့်လှစ် ပေးတဲ့အတွက် ကျွန်တော်တို့ဒေသအတွက် အင်မတန်ထူးခြားတဲ့ လက္ခဏာတစ်ရပ်ကို ပြန်ဖော်ဆောင်တဲ့ ပုံရိပ်တစ်ခုပါပဲ။ ပြီးခဲ့တဲ့ လေးငါးဆယ်နှစ်တုန်းကတော့ ရထားပြေးဆွဲခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်ခဲ့ပါတယ်။ အခုချိန်မှာ ရထားလမ်းပြန်လည်ဖွင့်လှစ်ပေးတဲ့အတွက် အရမ်းလည်းဂုဏ်ယူပါတယ်။  နိုင်ငံတော်အကြီးအကဲကိုလည်း ကျေးဇူးတင်ပါတယ်။ ရထားလမ်းပြန်လည်ဖွင့်ပေးတဲ့အတွက် ကျွန်တော်တို့ဒေသဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန် မြင့်မားလာစေပါတယ်ဟုလည်းကောင်း ဖြေကြားခဲ့ကြပါတယ်။

ရွှေညောင်-တောင်ကြီး- နောင်ကားလမ်းခွဲ-ပင်းပက်ရထားလမ်းပိုင်းဆောင်ရွက်ရာတွင် မြန်မာ့မီးရထား၏ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ၏  ဝမ်းသာပီတိဖြစ်ခဲ့ကြသည့်စကားသံများကိုကြည့်ပါက ယခုလိုရထားလမ်းသစ်ကြီး အကောင်အထည်ဖော်ဆောင်ရွက်ရန် လမ်းညွှန်မှုပြုခဲ့သည့်  နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အပေါ် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် မြန်မာ့မီးရထားမှ ဝန်ထမ်းများရဲ့ စည်းလုံးညီညွတ်မှုနဲ့ ပြည်သူတွေရဲ့ဝမ်းသာပီတိကို တွေ့နိုင်ပါတယ်။ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်ဆိုတဲ့ နိုင်ငံတော်အကြီးအကဲ  မကြာခဏပြောကြားသောစကားအတိုင်း အောင်မြင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်ဖွံ့ဖြိုးတိုးတက်လာတော့ မယ့်ပုံရိပ်ကို တဖြည်းဖြည်း မြင်ယောင်ရင်း ဝမ်းသာပီတိဖြစ်နေကြတဲ့ ဒေသခံပြည်သူများရဲ့ရင်ထဲမှာလည်း ကြည်နူးပီတိဖြစ်နေမှာပဲ ဖြစ်ပါတယ်။

အနာဂတ်အတွက် မြန်မာ့မီးရထား

မြန်မာ့မီးရထားအနေနဲ့ မြန်မာနိုင်ငံအနှံ့အပြားမှာတည်ရှိတဲ့   ရထားလမ်းကွန်ရက် တစ်လျှောက် ပြည်သူများခရီးသွားလာမှု လွယ်ကူအဆင်ပြေချောမွေ့စေရေးနဲ့ ကုန်စည်များအား နေရာဒေသအနှံ့ ပို့ဆောင်နိုင်ရေးတို့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်ရဲ့လမ်းညွှန်မှုနှင့်အညီ စီစဉ်ပြေးဆွဲပို့ဆောင်လျက်ရှိပါတယ်။ ရွှေညောင်-တောင်ကြီး-နောင်ကားလမ်းခွဲ-ပင်းပက်ရထားလမ်းပိုင်းဖွင့်လှစ်ခြင်းအခမ်းအနားမှာ   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က  ပြည်တွင်းအင်ဂျင်နီယာ ပညာရှင်များကို  အဓိကအားထား အသုံးပြုပြီး  နည်းပညာများတိုးတက်လာအောင်ဆောင်ရွက်ရန်၊ အနာဂတ်တွင် လျှပ်စစ်ရထားပြေးဆွဲနိုင်ရေး ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်ရန်၊ စက်ခေါင်းနှင့်  တွဲများတည်ဆောက်ရေးအတွက် လိုအပ်သည့်ပစ္စည်းများ   ပြည်ပမှဝယ်ယူမှုကို တဖြည်းဖြည်းလျှော့ချပြီး ပြည်တွင်း၌ ထုတ်လုပ်တည်ဆောက်နိုင်ရန်သုတေသနပြု၊ နည်းပညာများလေ့လာပြီး ကြိုးပမ်း ဆောင်ရွက်သွားရန် စသည်ဖြင့် လမ်းညွှန်ခဲ့တာကိုကြည့်လျှင် အနာဂတ်မှာ မြန်မာ့မီးရထားအနေနဲ့ လျှပ်စစ်ရထားများ ပြေးဆွဲပြီး ပြည်သူလူထုကို ဝန်ဆောင်မှုပေးနိုင်ပါက    မြန်မာနိုင်ငံသားတို့၏   ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍအဆင့်အတန်း မြင့်မားလာမှာ ဖြစ်ပါတယ်။  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေနဲ့ ရနိုင်သမျှဘဏ္ဍာငွေများကို အသုံးပြုပြီး   မီးရထားလမ်းပိုင်းအလိုက် အဆင့်မြှင့်တင်မွမ်းမံခြင်း၊ ရထားတွဲများ ပြုပြင်မွမ်းမံခြင်း၊ ရထားတွဲများပြုပြင်ထိန်းသိမ်းခြင်း၊  တွဲသစ်များတည်ဆောက်တပ်ဆင်ခြင်း၊  ဘူတာရုံများအဆင့်မြှင့်တင်တည်ဆောက်ခြင်း  လုပ်ငန်းများကို အလေးထားဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ရွှေညောင်-တောင်ကြီး-နောင်ကားလမ်းခွဲ-ပင်းပက်ရထားလမ်းပိုင်းမှာ ခရီးမိုင် ၄၁ ဒသမ ၁၆ မိုင်၊ တံတားကြီး၊ တံတားငယ် ၁၂၉ စင်းနှင့် ဘလောက်ဘူတာ ၉ ဘူတာပါဝင်ပြီး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းနှင့် တိုးချဲ့ဖောက်လုပ်နိုင်ခဲ့တဲ့အတွက်  မီးရထားလမ်းကြောင်းမှ ဒေသထွက်ကုန်စည်များကို ကုန်ကျစရိတ် သက်သာစွာ၊ အဆင်ပြေချောမွေ့စွာ သယ်ယူပို့ဆောင်ပေးနိုင်တဲ့အပြင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်သော   ရထားပို့ဆောင်ရေးကို  အသုံးပြုခြင်းဖြင့်   တောင်တန်းဒေသ၏ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးနှင့် ဒေသတွင်းလူမှုစီးပွားဘဝများလည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်မှာဖြစ်လို့  ရှမ်းပြည်နယ် အတွင်းရှိ ဒေသခံပြည်သူတွေအတွက်   ဝမ်းသာပီတိဖြစ်ရပါတယ်။

ရထားဝန်ဆောင်မှုများတိုးတက်ကောင်းမွန်ရေး

မြန်မာ့မီးရထားအနေနဲ့ ခရီးသည်နှင့်ကုန်စည်ပို့ဆောင်မှုများ စိတ်ချမ်းမြေ့အဆင်ပြေရေး၊ မတော်တဆမှုများ လျော့နည်းပပျောက်ရေး၊ ရထားများအချိန်မှန်ကန်ရေး၊ ရထားလမ်းများ ပိုမိုတောင့်တင်းခိုင်မာရေး၊ ဝင်ငွေတိုးရေးနှင့် သုံးငွေလျော့နည်းရေး၊ စက်ခေါင်းနှင့်တွဲချွတ်ယွင်းမှုများ လျော့နည်းကျဆင်းရေး၊ ရထားဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်ရေး စသည့်ရည်မှန်းချက်များကို မြန်မာ့မီးရထားဝန်ထမ်း အဆင့်အားလုံးက  တက်ညီလက်ညီ၊  စည်းလုံးညီညွတ်စွာ မိမိကိုယ်ပိုင်စီးပွားရေးပမာခံ ယူကြိုးပမ်းဆောင်ရွက် သွားကြရမှာ ဖြစ်ပါတယ်။  ဒါ့အပြင်  တိုင်းရင်းသားပြည်သူလူထုအနေနဲ့လည်း မီးရထားစီးနင်းလိုက်ပါသည့်အခါ ရထားပေါ်ရှိဝန်ဆောင်မှုပေးထားသည့်ပစ္စည်းများကိုမပျက်စီးစေရေး ထိန်းသိမ်းစောင့်ရှောက်ရမှာ ဖြစ်ပါတယ်။

မီးရထားလေးစီးရင်း   တောင်ကြီးမြို့အား ရထားပေါ်မှ  မြင်တွေ့ရသည့်   အလှအပများ၊ တောင်ကြားလမ်းများ၊   ရထားလမ်းကြောင်းတစ်လျှောက်မြင်တွေ့ရသည့် သဘာဝရှုခင်းအလှအပများ၊  ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေးဆောင်ရွက်ထားရှိမှုများကို   မြင်တွေ့ရတဲ့အခါ စိတ်အပန်းပြေပါတယ်။ ဒါ့အပြင် ထီသိမ်ဘူတာ အနီးမှာ ထည့်သွင်းဖောက်လုပ်ထားတဲ့ ရထားလမ်းအဝိုင်းပတ်ကို   ရှမ်းပြည်နယ်၏ ထင်ရှားသော ဘဝသံသရာရထားလမ်းနှင့်  တံတားပုံစံအတိုင်း ထည့်သွင်းတည်ဆောက်ထားတာကို တွေ့ရပါတယ်။

ရထားလမ်းပိုင်းနေရာအချို့အား   ကျောက်သားမြေနံရံများ၊ ကျောက်တောင်များကို  ဖြတ်တောက်တူးဖော်၍   ကျောက်တောင်ကြား  လမ်းပိုင်းရှည်နေရာများကို ခက်ခက်ခဲခဲကြိုးပမ်းဖောက်လုပ်ထားရှိမှုများကို ကြည့်ခြင်းအားဖြင့် တာဝန်ကျေပါသည် မြန်မာ့မီးရထားဝန်ထမ်းများကို    လေးစားမိပါတယ်။

ခေတ်အဆက်ဆက်က ရထားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ကျရာတာဝန်ကို ဦးလည်မသုန် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသူများ အားလုံးကိုလည်း  ဂုဏ်ပြုမှတ်တမ်းတင်ရင်း လက်ရှိ မြန်မာ့မီးရထားမှာ တာဝန်ထမ်းဆောင်လျက်ရှိကြတဲ့ ဝန်ထမ်းအပေါင်းတို့ကလည်း  ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၏ ဆောင်ပုဒ်ဖြစ်တဲ့   ပို့ဆောင်ဆက်သွယ် ပြည်ကျိုးရွယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ   ရထားစီးခရီးသည်များ ဘေးအန္တရာယ်ကင်းရှင်းပြီး လိုရာခရီးသို့  စိတ်ချမ်းမြေ့စွာသွားလာနိုင်ရေး၊ တစ်ချိန်တည်းတစ်ပြိုင်တည်းမှာ  ကုန်စည်အများအပြားကို အချိန်တိုအတွင်း ဈေးနှုန်းသက်သာစွာနဲ့ ပို့ဆောင်ပေးနိုင်ရေး ပြည်သူများ၏ အကျိုးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အစွမ်းကုန်ကြိုးပမ်းထမ်းဆောင်ကာ  မီးရထားလမ်းများဖွင့်လှစ်လို့  ပို့ဆောင်ရေးကဏ္ဍကိုမြှင့်တင်ကြပါစို့လို့   ဤဆောင်းပါးလေးနဲ့ မီးရထားဝန်ထမ်းများအားလုံးကို  ဂုဏ်ပြုရေးသားလိုက်ရပါသည်။   ။

ဝေဟင်နန်းဖြူ(မြန်မာစာ)