ခရီးသွားလုပ်ငန်းများပိုမိုတိုးတက်တော့မည်

 

ခရီးသွားလုပ်ငန်းများပိုမိုတိုးတက်တော့မည်

ခရီးသွားလုပ်ငန်းကဏ္ဍသည် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးမှုတွင် ဦးဆောင်နေရာမှ ရပ်တည်နေသည့် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် ကမ္ဘာပေါ်ရှိလုပ်သားဦးရေ ၁၀ ဦးလျှင် တစ်ဦးက ခရီးသွားလုပ်ငန်းကဏ္ဍတွင် ဝင်ရောက်လုပ်ကိုင်နေသူများဖြစ်သည်။ အမျိုးသမီးနှင့်လူငယ်များအတွက် အလုပ်အကိုင်ဖန်တီးပေးနိုင်မှု အခွင့်အလမ်းသည်များစွာ မြင့်မားသည်။ သို့သော်အချို့သောအလားအလာရှိသည့်  ခရီးစဉ်ဒေသများတွင် ခရီးသွားလုပ်ငန်းနှင့်ပတ်သက်သည့် အတတ်ပညာများ သင်ကြားနိုင်မှုအခွင့်အလမ်း နည်းပါးခြင်းကြောင့် လူငယ် ၅၀ ရာခိုင်နှုန်းခန့်သည် ခရီးသွားလုပ်ငန်းကဏ္ဍတွင် ဝင်ရောက်လုပ်ကိုင်ရန်အတွက် အဟန့်အတား ဖြစ်နေသည်ကိုတွေ့ရှိရသည်။

ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ စာရင်းများအရ လာမည့် ၂၀၃၀ ပြည့်နှစ်အထိ တစ်နှစ်လျှင် အလုပ်အကိုင်ပေါင်း ရှစ်သိန်းကျော်အတွက် အသက်မွေးဝမ်းကျောင်း သင်တန်းများတွင် ရင်းနှီးမြှုပ်နှံရန် လိုအပ်နေကြောင်းသိရှိရသည်။ ထို့ကြောင့်ခရီးသွားလုပ်ငန်း ရေရှည်တိုးတက်ရန် ပြည်သူများအတွက်ရင်းနှီး မြှုပ်နှံကြရန် အရေးကြီးသည့် ကဏ္ဍတစ်ရပ်အနေဖြင့် သတ်မှတ်ထားခြင်းဖြစ်သည်။

ရေရှည်တည်တံ့ပြီးဖွံ့ဖြိုးတိုးတက်စေသည့် ခရီးသွားလုပ်ငန်းဖော်ဆောင်နိုင်ရန် ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အဦများကို တည်ဆောက်ရာ၌ သဘာဝသယံဇာတများကို အကျိုးရှိစွာအသုံးပြုပြီး စွမ်းအင်ချွေတာရေး နည်းလမ်းများနှင့် ဆောင်ရွက်သည့် အစိမ်းရောင်အဆောက်အဦများ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံကြရန် လိုအပ်ပါသည်။

ခရီးသွားလုပ်ငန်းသည် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တိုက်ရိုက်အထောက်အကူပြုခြင်း၊ နိုင်ငံခြားဝင်ငွေများ ရှာဖွေပေးနိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်း၊ လူထုလူတန်းစား အသီးသီးထံသို့ ဝင်ငွေများတိုက်ရိုက်နှင့်သွယ်ဝိုက်သောနည်းလမ်းများနှင့်စီးဝင်စေခြင်း စသည့်အကျိုးကျေးဇူး များစွာရရှိစေနိုင်သည့် မီးခိုးမထွက်သည့်စက်ရုံ (Smokeless Industry) တစ်ခုဖြစ်သည်။ ထို့ကြောင့် ခရီးသွားလုပ်ငန်းကို စက်မှုဖွံ့ဖြိုးပြီး နိုင်ငံများတွင် အရေးပါသည့် လုပ်ငန်းအဖြစ် အလေးထားဆောင်ရွက် သကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများလည်း ပြည်တွင်း၊ ပြည်ပခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  အလေးထား ဆောင်ရွက်နေကြပြီဖြစ်သည်။

တည်ငြိမ်အေးချမ်းမှုရှိခြင်းသည် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေသော ကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံတည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက် သွားကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင်သဘာဝတရားကြီးကပေးထားသည့် အကြီးမားဆုံးလက်ဆောင် တစ်ခုမှာ   မြေပေါ်၊ မြေအောက်သဘာဝသယံဇာတ အရင်းအမြစ်များ လွန်စွာပေါကြွယ်ဝလှခြင်းဖြစ်သည်။  အလားတူ တန်ဖိုးမဖြတ်နိုင်သည့် ယဉ်ကျေးမှုအမွေအနှစ်များစွာရှိသည်။ အဆိုပါ သဘာဝအရင်းအမြစ် ယဉ်ကျေးမှု အမွေအနှစ်များကိုအခြေခံပြီး ခရီးစဉ်ဒေသနှင့် ခရီးသွားဆွဲဆောင်မှုများအဖြစ် ဖော်ထုတ်ပြီး ဖိတ်ခေါ်ပြသသည့်ခရီးသွားလုပ်ငန်းကိုရေရှည်ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် ပွင့်လင်းရာသီကာလတွင် ခရီးသွားများပိုမိုဝင်ရောက်လာရေး၊ နိုင်ငံခြားဝင်ငွေ ရရှိရေးအတွက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို တစိုက်မတ်မတ်ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဝန်ကြီး ဌာနများကလည်း အားတက်သရော ဆောင်ရွက်လျက်ရှိသည်။ ကိုဗစ်ကာလကတည်းက ရပ်နားထားသည့် မြိတ်ကျွန်းစုခရီးစဉ်များကို အောက်တိုဘာလအကုန်တွင် ပြန်လည်စတင်မည်ဖြစ်သည်။ လက်ရှိတွင် မြိတ်ကျွန်းစုအတွင်းရှိ ကျွန်းများကို အလည်အပတ်ခရီးစဉ်ဝန်ဆောင်မှုပေးမည့် ကုမ္ပဏီရှစ်ခုမှာ  လုပ်ငန်းများပြန်လည်လည်ပတ်ရန် ကြိုတင်ပြင်ဆင်နေပြီဖြစ်သည်။ မြိတ်ကျွန်းစုခရီးစဉ်တွင် လေးကျွန်း၊ သမီးလှ၊ ဘေလီ၊ ကြယ်လိပ်၊ ဒုံးညောင်မှိုင်း၊ စမတ်ကျွန်း၊ ပဒန်းကျွန်းနှင့် ဒုံးရေတံခွန်တို့ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် စီးပွားရေးပြန်လည်ဦးမော့လာစေရန် ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိသည့် နေရာတွင် နိုင်ငံ၏စီးပွားရေးကို အထောက်အကူပြုစေမည့် ခရီးသွားလုပ်ငန်းကိုလည်း အလေးထား ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာ၌ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနက ပြည်တွင်း၊ ပြည်ပခရီးသွားများ တိုးတက်လာစေရန် မဟာဗျူဟာလုပ်ငန်းစီမံချက်များ ရေးဆွဲဆောင်ရွက် ထားပြီးဖြစ်သည်။ ထို့ကြောင့်ယခုနှစ်တွင် မြန်မာနိုင်ငံသို့ခရီးသည်ရောက်ရှိမှု ပိုမိုတိုးတက်များပြားလာ မည်ဖြစ်သည့်အပြင် မကြာမီကာလတစ်ခု၌ ခရီးသွားလုပ်ငန်းသည် ကိုဗစ်-၁၉ မတိုင်မီကာလ အခြေအနေကို ပြန်လည်ရောက်ရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း ရေးသားလိုက်ရပေသည်။  ။