မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်၊ အမှတ်(၉)ကျောင်းလမ်းရှိ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း မီးလောင်မှုဖြစ်စဉ်မှ တရားခံ ၁ ဦး ဖမ်းဆီးရမိ
နေပြည်တော်၊ ၂၀၂၃ အောက်တိုဘာ - ၂၆
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်၊ နံနက် ၃ နာရီ ၄၀ မိနစ်တွင် မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်၊ အမှတ်(၉)ကျောင်းလမ်းရှိ အမှတ်(၉)အခြေခံ ပညာအထက်တန်းကျောင်း၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးဦးစီးသော မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများမှ မီးသတ်ယာဉ် ၈ စီး၊ ရေသယ်ယာဉ် ၃ စီး၊ အုပ်ချုပ်မှုယာဉ် ၁ စီးတို့ဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ နံနက် ၇ နာရီ ၃၀ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း၊ မီးလောင်မှုကြောင့် အလျား ၉၅ ပေ၊ အနံ ၃၀ ပေရှိ သွပ်မိုး၊ အုတ်ခံ၊ ပျဉ်ထောင် ၂ ထပ်ကျောင်းဆောင် အဆောက်အဦ ၁ လုံးနှင့် အလျား ၄၀ ပေ၊ အနံ ၃၀ ပေရှိ RC ၂ ထပ် သင်ထောက်ကူအဆောက်အဦ ၁ လုံးတို့ မီးလောင်ပျက်စီးခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုးငွေကျပ် ကိုးဆယ့်သုံးသိန်းခုနှစ်သောင်းငါးထောင်ကျပ်ခန့် ဖြစ်ကြောင်း၊ ဖြစ်စဉ်နှင့် ပတ်သက်၍ သံသယဖြစ်ဖွယ် အမျိုးသမီးတစ်ဦးအား ဖော်ထုတ်ဖမ်းဆီး ရမိခဲ့ပြီး စစ်ဆေးလျက်ရှိကြောင်း၊ မီးလောင်မှုဖြစ်စဉ်ကြောင့် ပျက်စီးသွားသော အဆောက်အဦများအား ပြန်လည်ပြုပြင်တည်ဆောက်သွားမည်ဖြစ်ကြောင်းနှင့် ကျောင်းသူ၊ ကျောင်းသားများအား ကျောင်းပြန်လည်ဖွင့်ချိန်တွင် နှစ်သုတ်တက် စနစ်ဖြင့် အရှိန်မပျက် ပညာသင်ကြားနိုင်ရေး စီစဉ်ထားပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။