စစ်တက္ကသိုလ်အဆင့်မြင့်စာပေပညာဗဟိုဌာနတွင် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးကွန်ဖရင့် (၂၀၂၃) ကျင်းပ

စစ်တက္ကသိုလ်အဆင့်မြင့်စာပေပညာဗဟိုဌာနတွင် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးကွန်ဖရင့် (၂၀၂၃) ကျင်းပ

 

နေပြည်တော်၊ ၂၀၂၃ အောက်တိုဘာ-၂၆

    တပ်မတော်အနေဖြင့် သိပ္ပံနှင့်နည်းပညာဆိုင်ရာများ အထောက်အကူပြုနိုင်ရန် နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ သိပ္ပံနှင့်နည်းပညာ ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကွန်ဖရင့် (၂၀၂၃) (Conference on Science and Technology Development – 2023) (CSTD-2023) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်တပ်နယ် စစ်တက္ကသိုလ် အဆင့်မြင့်စာပေပညာဗဟိုဌာန ငါးထပ်စာသင်ဆောင်ရှိ Multifunction Hall ၌ ကျင်းပပြုလုပ်သည်။

     ဦးစွာ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး အခမ်းအနားသို့တက်ရောက်လာကြသူများနှင့်အတူ တင်သွင်း ခင်းကျင်းပြသထားသည့် သိပ္ပံနှင့်နည်းပညာဆိုင်ရာပိုစတာ ၂၃ စောင်ကို လှည့်လည်ကြည့်ရှု စစ်ဆေးရာ ပိုစတာရှင်များက ရှင်းလင်းတင်ပြကြသည်။

    ထို့နောက် ဖိတ်ကြားထားသော နိုင်ငံခြားသားပညာရှင် (Keynote Speaker) စာတမ်း ၂ စောင်၊ သိပ္ပံနှင့်နည်းပညာ ဆိုင်ရာသုတေသနစာတမ်း  ၆၃ စောင် စုစုပေါင်း ၆၅ စောင် ဖတ်ကြားခဲ့သည်။

    သိပ္ပံနှင့်နည်းပညာဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကွန်ဖရင့်(၂၀၂၃)ကို အောက်တိုဘာလ  ၂၇ ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဖိတ်ကြားထားသော နိုင်ငံခြားသား ပညာရှင် (Keynote Speaker) စာတမ်း ၂ စောင်၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနစာတမ်း ၅၆ စောင်၊ စာတမ်းစုစုပေါင်း ၅၈ စောင် ဆက်လက် ဖတ်ကြားသွားမည်ဖြစ်ပြီး အကောင်းဆုံး စာတမ်း ၇ ဆုနှင့် အကောင်းဆုံးပိုစတာ ၂ ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

    သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ဖရင့်ကို ၂၀၁၆ ခုနှစ်မှစပြီး နှစ်စဉ်ကျင်းပခဲ့ရာ ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ် - ၁၉ ကပ်ရောဂါကြောင့် ကျင်းပနိုင်ခဲ့ခြင်း မရှိဘဲ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်တို့တွင် ကိုဗစ် - ၁၉ ရောဂါ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ပြန်လည်ကျင်းပခဲ့ပြီး ယခုအကြိမ်သည် သတ္တမအကြိမ်မြောက် ကျင်းပသည့် ကွန်ဖရင့်ဖြစ်သည်။

    အဆိုပါကွန်ဖရင့်သို့ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ တပ်မတော်တက္ကသိုလ်များမှ ကျောင်းအုပ်ကြီးများ၊ ပါမောက္ခချုပ်များနှင့် အရာရှိများ၊ အရပ်ဘက်တက္ကသိုလ်များမှ ပါမောက္ခများ၊ တပ်နယ်မှ မဟာဘွဲ့နှင့် ပါရဂူဘွဲ့သင်တန်း တက်ရောက်နေသော သင်တန်းသားအရာရှိများ၊ ဗိုလ်လောင်းများ နှင့်ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်နိုင်ခြင်းမရှိသည့် အရပ်ဘက်တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် ပါမောက္ခများက Video Conferencing ဖြင့်  တက်ရောက်ကြကြောင်း သတင်း ရရှိသည်။