ငါးမွေးမြူရေးကဏ္ဍတိုးတက်ရေး ဒေသတွင်း အစာအသုံးပြုပေး ဖော်စပ်အစာကိုထိန်းညှိကျွေး
ရေသတ္တဝါတို့အတွက် အာဟာရလိုအပ်ချက်များ
ရေသတ္တဝါတို့အတွက် အကောင်းဆုံးသော ကြီးထွားရှင်သန်နှုန်းရရှိရန် အစာတွင် ပါဝင်သည့် အာဟာရဓာတ်များသည် များစွာ သက်ရောက်မှုရှိပြီး အစာအတွက်ကုန်ကျစရိတ်သည် လုပ်ငန်းကုန်ကျစရိတ် စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းခန့် ကုန်ကျလျက်ရှိသည်။
အစာဖော်စပ်ရာတွင် ငါးပေါင်းမှုန့်(Fish meal)ကို အဓိကအသားဓာတ် (Protein)အရင်းအမြစ်အဖြစ် အသုံးပြုလျက်ရှိပါသည်။ ထိုနည်းတူ ငါးအစာဖော်စပ်ရာတွင် အသားစားသတ္တဝါမျိုးစိတ် (Carnivorous species) တို့အတွက် ငါးပေါင်းမှုန့်ကို ပမာဏများစွာ အသုံးပြုရန်လိုအပ်ပြီး ဥဿုံစားသတ္တဝါမျိုးစိတ် (Omnivorous)နှင့်ပင်စားသတ္တဝါမျိုးစိတ် (Herbivorous species)တို့အတွက် အစာတွင် အရသာကောင်းမွန်စေရန်တို့ အတွက်လည်း အသုံးပြုရပေသည်။ သို့ရာတွင် ယခုအခါ သဘာဝမှ ဖမ်းဆီးထုတ်လုပ်မှု လျော့ကျလာခြင်းကြောင့် ဈေးနှုန်းကြီးမြင့်လာခြင်း၊ ငါးစာအပြင် အခြားသောတိရစ္ဆာန် မွေးမြူရေး ကဏ္ဍများတွင်လည်း အသုံးပြုသဖြင့် လိုအပ်သည့်ပမာဏ အလုံအလောက်မရရှိခြင်း စသောအချက်များကြောင့် အစားထိုးအသုံးပြုနိုင်သော ကုန်းနေ/ရေနေအပင်များ၊ တိရစ္ဆာန်များမှရရှိသော ဘေးထွက်ပစ္စည်းများကို အသုံးပြုဖော်စပ်ကျွေးမွေးလာကြပြီဖြစ်ပါသည်။
ကျွေးမွေးသောအစာတွင် မွေးမြူသောငါးအမျိုးအစားအလိုက် အာဟာရဓာတ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှသာ ကောင်းစွာကြီးထွားမည်ဖြစ်သည်။ ထို့ကြောင့် မွေးမြူသည့်ရေသတ္တဝါမျိုးစိတ်များကို လိုက်၍ ကျွေးမွေးသည့်အစာတွင် ပမာဏပို၍ လိုအပ်သော အာဟာရများ(Macronutrients)အဖြစ် အသားဓာတ် (Protein)၊ အဆီဓာတ်များ(Fats)၊ ကစီဓာတ်များ(Carbohydrates) နှင့် ပမာဏနည်းစွာ လိုအပ်သော အာဟာရများ(Micronutrients)အဖြစ် ဗီတာမင်ဓာတ်များ (Vitamins)နှင့် သတ္တုဓာတ်များ (Minerals) ပြည့်စုံစွာပါရှိသင့်ပါသည်။ အသားစားမျိုးစိတ်များတွင် အသားဓာတ်လိုအပ်ချက်သည် ၄၀-၅၀ ရာခိုင်နှုန်း၊ ပင်စားမျိုးစိတ်များနှင့် ဥဿုံစားမျိုးစိတ်များတွင် အသားဓာတ်လိုအပ်ချက်သည် ၂၅-၃၅ ရာခိုင်နှုန်းဖြစ်ပါသည်။
ရေသတ္တဝါမွေးမြူသူများအနေဖြင့် မွေးမြူသည့် မျိုးစိတ်များအလိုက် လိုအပ်သော အာဟာရတန်ဖိုးများကို ပြည့်ဝအောင်ဖော်စပ်ကျွေးမွေးမှသာလျှင် ရေသတ္တဝါတို့၏ ရှင်သန်နှုန်း၊ ကြီးထွားနှုန်း၊ မွေးမြူရမည့်ကာလနှင့် အမြတ်အစွန်းရရှိမှုများကို ကောင်းကျိုးပြုနိုင်မည်ဖြစ်ပေသည်။ အစာဖော်စပ်ရာတွင် မွေးမြူသည့် ငါးအရွယ်အစားကိုလိုက်၍ အသားဓာတ်လိုအပ်ချက်သည် ကွဲပြားပေသည်။ အစာကျွေးမွေးရာတွင် အရွယ်အစားကိုလိုက်၍ ငါးငယ်ဘဝမှ ဈေးကွက်ဝင်အရွယ်အထိ အစာကျွေးသည့် အကြိမ်အရေအတွက် အနေဖြင့် တစ်ရက်လျှင် အနည်းဆုံးနှစ်ကြိမ်မှ အများဆုံး ခြောက်ကြိမ်အထိ လည်းကောင်း၊ ကျွေးမွေးသည့်အစာပမာဏအနေဖြင့် ငါးငယ်ဘဝတွင် ပိုမိုလိုအပ်ပြီး အရွယ်ရောက်လာသည့်အခါတွင် လျှော့ချကျွေးမွေးနိုင်သဖြင့် ငါးခန္ဓာကိုယ်အလေးချိန်၏(ငါးငယ်တွင် ၁၀ ရာခိုင်နှုန်း အရွယ်ရောက်လျှင် ၁ ရာခိုင်နှုန်း)အထိ အရွယ်အစားပေါ်မူတည်၍ ကျွေးမွေးနိုင်ပါသည်။
တိရစ္ဆာန်အစာ၏ မွေးမြူရေးအကျိုးအမြတ်အပေါ်သက်ရောက်မှု
အစာတွင်ပါဝင်ရမည့် အာဟာရတန်ဖိုးများထက်ကျော်လွန်၍ပါဝင်ပါက မွေးမြူရမည့်ကာလတိုတောင်းပြီး ရှင်သန်နှုန်းနှင့်ကြီးထွားနှုန်းကိုကောင်းစေနိုင်သော်လည်း အစာကုန်ကျစရိတ်မြင့်မားခြင်းနှင့် အမြတ်အစွန်း နည်းပါးစေနိုင်ပါသည်။ ထိုနည်းတူ အစာတွင်ပါဝင်ရမည့် အာဟာရတန်ဖိုးများထက် လျော့နည်းစွာပါရှိပါက အစာကုန်ကျစရိတ်ကို လျှော့ချနိုင်သော်လည်း ရှင်သန်နှုန်း၊ ကြီးထွားနှုန်း၊ မွေးမြူရမည့်ကာလနှင့် အမြတ်အစွန်းရရှိမှုများကို ဆိုးကျိုးသက်ရောက်စေနိုင်ပြီး လိုအပ်သည့် အာဟာရတန်ဖိုးများဖြင့် ပြည့်စုံသောအစာကို နည်းစနစ်မှန်ကန်စွာ ကျွေးမွေးပါက အောင်မြင်သောမွေးမြူရေးကဏ္ဍအဖြစ် ရပ်တည်နိုင်မည်ဖြစ်သည်။
ထို့ကြောင့် ဒေသထွက်ပစ္စည်းများကိုအသုံးပြု၍ ငါးများ၏ကြီးထွားနှုန်းကို ကောင်းမွန်စေပြီး အစာကုန်ကျစရိတ် လျှော့ချနိုင်ရန် အစားထိုးအသုံးပြုနိုင်သည့် အပင်ထွက် အာဟာရအရင်းအမြစ်များဖြစ်သော ဆီထွက်သီးနှံဘေးထွက် ပစ္စည်းများ ဖြစ်သည့် ပဲပုပ်မှုန့်၊ ဝါစေ့ကြိတ်ဖတ်၊ ပဲဖတ်၊ နေကြာဖတ်၊ နှမ်းဖတ်၊ အုန်းဆံဖတ်၊ အစေ့အဆန်များ၊ ရေနေအပင်များ၊ ရေညှိရေမှော်များနှင့် အာဟာရပိုမိုပါဝင်အောင် ပြုပြင်ထားသောပစ္စည်းများ စသည်တို့ဖြစ်ကြသည်။
ရေသတ္တဝါတို့အတွက် အစာဖော်စပ်ပုံနည်းလမ်းများ
မြန်မာနိုင်ငံ၏ မွေးမြူရေးလုပ်ငန်းများတွင် အစာကုန်ကျစရိတ် သက်သာစေရန်နှင့် အစာဖော်စပ်ကျွေးမွေးခြင်း နည်းပညာများ အားနည်းနေသေးသည့်အတွက် မိရိုးဖလာနည်းလမ်းများကို အသုံးပြုကျွေးမွေးလျက်ရှိပြီး အစာဖော်စပ်ကျွေးမွေးရာတွင် ပဲဖတ်၊ ဝါစေ့ကြိတ်ဖတ် တစ်မျိုးတည်းကိုလည်းကောင်း၊ ဂျုံမှုန့်၊ ဖွဲမှုန့်တို့ဖြင့်ရောစပ်၍သော်လည်းကောင်း ကျွေးမွေးကြပါသည်။ အစာကုန်ကျစရိတ်မြင့်မားမှုကြောင့် မွေးမြူသည့်ငါးမျိုးစိတ်၏ အသားဓာတ်လိုအပ်ချက်ကို စနစ်တကျတွက်ချက်၍ ဖော်စပ်ကျွေးမွေးသူ အနည်းငယ်သာရှိသည်။ အစာဖော်စပ်ရာတွင် အသုံးပြုသည့် နည်းလမ်းများမှာ Pearson square method, Algebraic equation method, Trial and error method နှင့် Least cost formulation by linear programming method ဟူ၍ နည်းလမ်း ၄ ခုရှိပါသည်။ သဘာဝအစာရရှိပြီး ရေသြဇာကောင်းမွန်သော ငါးမွေးမြူရေးကန်ထဲရှိ ရေသတ္တဝါများအတွက် ဖြည့်စွက်စာဖော်စပ်ကျွေးမွေးရန် အစာဖော်စပ်ရာတွင် Pearson square method နှင့် Algebraic equation method ကို အသုံးပြုပါက အစာအမယ် ၂ မျိုး သို့မဟုတ် ၄ မျိုး အထိ ပါဝင်ရမည်ဖြစ်သည်။
အာဟာရပြည့်စုံစွာပါဝင်သောအစာဖော်စပ်ရာတွင် Trial and error method နှင့် Least cost formulation by linear programming method နည်းလမ်းတို့ကို အသုံးပြုနိုင်ပြီး ပါဝင်ပစ္စည်းအမယ်အမျိုးအစား အနည်းဆုံး ၇ မျိုး သို့မဟုတ် ၉ မျိုးအထိအသုံးပြုကာ အများအားဖြင့် Indoor system ဖြင့် မွေးမြူသော လုပ်ငန်းများတွင် အသုံးပြုပါသည်။
အစာဖော်စပ်ပုံနည်းလမ်းများ
အစာဖော်စပ်ရာတွင်အသုံးပြုမည့် ကုန်ကြမ်းပစ္စည်းတွင်ပါဝင်သော အသားဓာတ်တန်ဖိုးကို ကနဦးသိရှိရန် လိုအပ်ပါသည်။ အစာဖော်စပ်ရာတွင် အသုံးပြုမည့် အစာကုန်ကြမ်းများ၏ အာဟာရတန်ဖိုးများသည် စိုက်ပျိုးသည့် နေရာဒေသ၊ ရာသီဥတုအခြေအနေနှင့် မြေအနေအထားပေါ်တွင်မူတည်၍ အနည်းငယ် ကွဲပြားနိုင်ပါသည်။ ကျွေးမွေးမည့် တိရစ္ဆာန်မျိုးစိတ်အလိုက် အစာဖော်စပ်ရာတွင် ကျွေးမွေးလိုသည့် အသားဓာတ်ပမာဏရရှိစေရန် အသုံးပြုသည့် အစာကုန်ကြမ်းနှင့် ၎င်း၏အာဟာရတန်ဖိုးကို အောက်ပါအတိုင်း အစားထိုးတွက်ချက်၍ ရောစပ်ကျွေးမွေးနိုင်ပါသည်-
အစာအမယ်နှစ်မျိုးအသုံးပြု၍ Pearson Square Method နည်းဖြင့် ဖော်စပ်စာတွက်ချက်နည်း
ဥဿုံစားငါးမျိုးစိတ်ကို ကျွေးမွေးရန်အတွက် ဖော်စပ်အစာတွင် အသားဓာတ် ၂၅ ရာခိုင်နှုန်းပါဝင်စေရန် ပဲဖတ်နှင့်ပြောင်းမှုန့်ကိုအသုံးပြု၍ဖော်စပ်မည်ဆိုပါက မူလအသားဓာတ်တန်ဖိုးများအနေဖြင့် ပဲဖတ်တွင် ၄၂ ရာခိုင်နှုန်းနှင့် ပြောင်းမှုန့်တွင် ၁၀ ရာခိုင်နှုန်းပါရှိသဖြင့် စုစုပေါင်း ၁၀၀ (ဂရမ်^ကီလိုဂရမ်^ကျပ်သား) ပေါ်မူတည်၍ အောက်ပါအတိုင်းတွက်ချက်နိုင်ပါသည် -
၁၅/၃၂ _ ၁၀၀ = ၄၆.၉ % (ပဲဖတ်ထည့်ရမည့် ပမာဏ)
၁၇/၃၂ _ ၁၀၀ =၅၃.၁% (ပြောင်းမှုန့်ထည့်ရမည့် ပမာဏ)
အစာအမယ်လေးမျိုးအသုံးပြု၍ Pearson Square Method နည်းဖြင့် ဖော်စပ်စာတွက်ချက်နည်း
အသားစားငါးမျိုးစိတ်ကို ကျွေးမွေးရန် ဖော်စပ်အစာတွင် အသားဓာတ် ၄၀ ရာခိုင်နှုန်းပါဝင်စေရန် ငါးပေါင်းမှုန့်၊ ပဲဖတ်၊ ဘဲစာရွက်(အမှုန့်ခြောက်)နှင့် ဖွဲနုတို့ကိုအသုံးပြု၍ ဖော်စပ်မည်ဆိုပါက မူလအသားဓာတ်တန်ဖိုးများအနေဖြင့် ငါးပေါင်းမှုန့် ၅၉ ရာခိုင်နှုန်း၊ ပဲဖတ် ၄၂ ရာခိုင်နှုန်း၊ ဘဲစာရွက် ၂၈ ရာခိုင်နှုန်းနှင့် ဖွဲနု ၁၇ ရာခိုင်နှုန်းအသီးသီးပါရှိပြီး မူလအသားဓာတ်တန်ဖိုးမြင့်စွာ ပါဝင်သော အစာနှစ်မျိုးကို အုပ်စု(၁) ဟူ၍လည်းကောင်း၊ ကျန်အစာနှစ်မျိုးကို အုပ်စု(၂)ဟူ၍လည်းကောင်း အုပ်စုခွဲ၍ အသီးသီးသတ်မှတ်ကာ စုစုပေါင်း ၁၀၀ (ဂရမ်/ကီလိုဂရမ်/ကျပ်သား) ပေါ်မူတည်၍ အောက်ပါအတိုင်းတွက် ချက်နိုင်ပါသည် -
အုပ်စု(၁) ငါးပေါင်းမှုန့် + ပဲဖတ် = (၅၉+၄၂)/၂
= ၅၀.၅ %
အုပ်စု (၂) ဘဲစာရွက် + ဖွဲနု = (၂၈+၁၇)/၂
= ၂၂.၅ %
အုပ်စု(၁) (၁၇.၅/၂၈) _ ၁၀၀ = ၆၂.၅%
အုပ်စု(၂) (၁၀.၅/၂၈) _ ၁၀၀ = ၃၇.၅ %
အုပ်စု(၁) ငါးပေါင်းမှုန့်နှင့်
ပဲဖတ်ထည့်သွင်းရ
မည့်နှုန်း =၆၂.၅^၂
=၃၁.၂ %
အုပ်စု(၂) ဘဲစာရွက်(အမှုန့်
ခြောက်)နှင့်ဖွဲနုထည့်
သွင်းရမည့်နှုန်း = ၃၇.၅ ^၂
= ၁၈.၈ %
ထို့ကြောင့် ငါးပေါင်းမှုန့် ၃၁.၂ ရာခိုင်နှုန်း၊ ပဲဖတ်မှုန့် ၃၁.၂ ရာခိုင်နှုန်း၊ ဘဲစာရွက်(အမှုန့်ခြောက်) ၁၈.၈ ရာခိုင်နှုန်းနှင့် ဖွဲ ၁၈.၈ ရာခိုင်နှုန်းများဖြင့် တွက်ချက်ရောစပ်နိုင်ပြီး ရောစပ်အချိုးအစားများတွင် သတ်မှတ်ထားသည့် အသားဓာတ် ၄၀ ရာခိုင်နှုန်းပါဝင်ခြင်း ရှိ/မရှိ သိရှိနိုင်ရန် အောက်ပါအတိုင်းစစ်ဆေးရန် လိုအပ်ပါသည် -
ငါးပေါင်းမှုန့်(%) = (မူလအသားဓာတ်တန်ဖိုး ၅၉ _ ၃၁.၂)/၁၀၀
=၁၈.၄၁ %
ပဲဖတ်မှုန့်(%) = (မူလအသားဓာတ်တန်ဖိုး
၄၂ _ ၃၁.၂)/၁၀၀
=၁၃.၁၀ %
ဘဲစာရွက်မှုန့်(%) = (မူလအသားဓာတ်တန်ဖိုး
၂၈ _ ၁၈.၈)/၁၀၀
=၅.၂၆ %
ဖွဲနု(%) = (မူလအသားဓာတ်တန်ဖိုး
၁၇ _ ၁၈.၈)/၁၀၀
=၃.၂၁ %
ဖော်စပ်အစာတွင် စုစုပေါင်း အသားဓာတ်ပါဝင်နှုန်း = ၃၉.၉၄(၄၀ %)
Trial and error method နည်းဖြင့် ဖော်စပ်အစာတွက်ချက်နည်း
ဥဿုံစားငါးမျိုးစိတ်ကို ကျွေးမွေးရန်အတွက် ဖော်စပ်အစာတွင် အသားဓာတ်၂၈-၃၀ ရာခိုင်နှုန်း အတွင်းပါဝင်စေရန် အစာကုန်ကြမ်းများ၏ မူလအသားဓာတ်တန်ဖိုးကိုအခြေခံ၍ အစာပမာဏ ၁၀၀ (ဂရမ်/ကီလိုဂရမ်/ကျပ်သား)အပေါ်မူတည်၍ အောက်ပါအတိုင်းတွက်ချက်နိုင်ပါသည် -
ဖော်စပ်ထားသောအစာတွင် လိုအပ်သည့်အသားဓာတ် ၂၈-၃၀ ရာခိုင်နှုန်းပါဝင်ခြင်း ရှိ/မရှိကို အောက်ပါအတိုင်း စစ်ဆေးတွက်ချက်ရမည်ဖြစ်ပြီး ထည့်သွင်းသည့် အစာကုန်ကြမ်းပမာဏအချိုးအစားကို ထိန်းညှိတွက်ချက်ရန် အရေးကြီးပါသည် -
ငါးပေါင်းမှုန့် = (၁၅_ ၅၉)/၁၀၀ = ၈.၈၅ %
ပဲဖတ်မှုန့် = (၁၅_ ၄၂)/ ၁၀၀ = ၆.၃ %
ဂျုံဖွဲနု = (၂၀_ ၂၀)/၁၀၀= ၄ %
ဘဲစာရွက်မှုန့် = (၃၀_ ၂၈)/၁၀၀= ၈.၄ %
ပြောင်းမှုန့် = (၂၀_၈)/၁၀၀ = ၁.၆ %
ဖော်စပ်အစာတွင် စုစုပေါင်း အသားဓာတ်
ပါဝင်နှုန်း = ၂၉.၁၅ %
မွေးမြူရေးကဏ္ဍ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရေး
ရေသတ္တဝါမွေးမြူရေးကဏ္ဍ ရေရှည်တည်တံ့ဖွံ့ဖြိုးစေရေးအတွက် ငါး၊ ရေ၊ နေထိုင်သည့်ပတ်ဝန်းကျင်၊ အစာအာဟာရတို့မှာ ငါးကြီးထွားရှင်သန်ရန်အတွက် အပြန်အလှန်အကျိုးသက်ရောက်မှုရှိပြီး လုပ်ငန်းကုန်ကျစရိတ် စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းခန့်သည် အစာကုန်ကျစရိတ်ဖြစ်သောကြောင့် အောင်မြင်သော မွေးမြူရေးလုပ်ငန်းဖြစ်လာစေရန်မှာ အစာအာဟာရတွင် များစွာအားထားရပေသည်။ ထို့ကြောင့် အကောင်းဆုံးသော ကြီးထွားရှင်သန်နှုန်းရရှိရန် အစာတွင်ပါဝင်သည့် အာဟာရဓာတ်သည် များစွာသက်ရောက်မှုရှိပြီး မျိုးစိတ်အလိုက် လိုအပ်သည့်အာဟာရ (အသားဓာတ်) ပြည့်ဝစွာဖော်စပ်ကျွေးမွေး နိုင်ရန်မှာ အရေးကြီးလှပေသည်။
သို့ဖြစ်ပါ၍ ဒေသတွင်းရှိကုန်ကြမ်းများကို အသုံးပြု၍ ငါးမျိုးစိတ်အလိုက် လိုအပ်သည့် အာဟာရဓာတ်များ ပြည့်စုံစွာပါဝင်အောင် သင့်လျော်ရာ အစာတွက်ချက်ခြင်းနည်းလမ်းများကို အသုံးပြု၍ ကျွေးမွေးနိုင်ရန်နှင့် မွေးမြူရေးကဏ္ဍ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်စေရန် အလို့ငှာ ရေးသားဖော်ပြလိုက်ရပါသည်။ ။
မောင်တံငါ(M.Sc)၊ မွေး/သု(မန်း)