ဆေးဖက်ဝင်အပင်များနှင့် အဓိကပျောက်ကင်းနိုင်သောရောဂါများ
သံပရာ
အင်္ဂလိပ်အမည် - lime
မျိုးရင်း- Rutaceae (ရှောက်မျိုးရင်း)
ရုက္ခဗေဒအမည် - Citrus aurantifolia Linn varacida.
အဓိကဆေးဖက်ဝင်ပုံ
ကိုယ်ခံအားကောင်းစေရန်၊ အနာကျက်စေရန်၊ အမောခံနိုင်စေရန်၊ သွေးအားနည်းခြင်း၊ သွေးယိုစီး ခြင်း၊ နှာခေါင်းသွေးယိုခြင်း၊ ခေါင်းကိုက်ခြင်း၊ အထိုင် အထမူးဝေခြင်း၊ လည်ချောင်းနာခြင်း၊ ဆီးနည်းခြင်းနှင့် ဆီးအောင့်ခြင်းများပျောက်ကင်းစေရန် ဆေးဖက်ဝင်အဖြစ် အသုံးပြုသည်။
ဆေးဖက်ဝင်အစိတ်အပိုင်း
အသီး၊ အခေါက်၊ အစေ့။
အပင်ပုံသဏ္ဌာန်
အပင်ငယ်မျိုးဖြစ်သည်။ အမြင့် ၆ ပေမှ ၁၄ ပေခန့်ရှိသည်။ အကိုင်းအခက်များသေးသွယ်ပြီး ဖြာထွက်သည်။ တစ်ပင်လုံးတွင် မာ၍ချွန်ထက်သောဆူးများရှိ သည်။
ဆေးကျမ်းများအဆို
သံပရာသီးသည် ချဉ်၏။ လေကို နိုင်၏။ ဝမ်းမီးတောက်စေ၍ ကြေကျက်လွယ်သည်။ နှုတ်ကိုမြိန်စေ ၍ သလိပ်နာ၊ လေနာ၊ အော့အန်ခြင်း၊ ချောင်းဆိုးခြင်း နှင့်လည်ချောင်းနာ၊ ပန်းနာ၊ အစာမကြေရောဂါတို့ကို နိုင်၏။
ဆေးဖက်ဝင်အသုံးပြုပုံ
- မောပန်းသောရောဂါရှိလျှင် သံပရာရည်ကို သကြားနှင့်ဖျော်၍ နေ့စဉ်သောက်သုံးခြင်းဖြင့် သက် သာပျောက်ကင်းစေနိုင်သည်။
- အဆိပ်သင့်၍ သို့မဟုတ် အစာမကြေဖြစ်၍ ရင်ကြောတောင့်တင်းလျှင် သံပရာရည်ကို ပျားရည်နှင့်ရောစပ်ပြီး ရေနွေးပူပူတွင်ထည့်ဖျော်၍ သောက်ပါက သက်သာစေနိုင်သည်။
- သွားဖုံးသွေးယိုရောဂါရှိသူများသည် သံပရာရည်ကို သီးသန့်ညှစ်ယူပြီး ဟင်းစားဇွန်းတစ်ဇွန်းမှ နှစ်ဇွန်းထမင်းစားပြီးတိုင်း သောက်သုံးပေးပါက သွားဖုံးရောဂါပျောက်ကင်းစေနိုင်သည်။
- အရေပြားတွင်ပေါက်သော မှိုကြောင့်ဖြစ်သည့် ယားနာ၊ ပွေး၊ ညှင်းတို့ကို သံပရာသီးကိုထက်ခြမ်းခြမ်း ပြီး ပွတ်ပေးပါက ပျောက်ကင်းစေနိုင်သည်။
- ဝက်ခြံပေါက်သူများ သနပ်ခါးသွေးရာတွင် သံပရာရည်ဖြင့်သွေးပြီးလိမ်းပေးပါက ဝက်ခြံများ ပျောက်ကင်းစေနိုင်သည်။
- အဝလွန်သူများသည် သံပရာသီးနှစ်လုံးကို အရည်ညှစ်ယူပြီး ပျားရည်တစ်ဇွန်း၊ ရေနွေးသုံးဇွန်း ရောစပ်၍ ညအိပ်ရာဝင်ခါနီးတွင် သောက်သုံးပေး ပါက အဆီကျစေနိုင်သည်။
- ရေနွေးကြမ်းအဖန်ရည်သောက်၍ လေချုပ်ဝမ်းချုပ်သူများသည် ရေနွေးကြမ်းတစ်ပန်းကန်တွင် သံပရာသီးတစ်ခြမ်းကို အရည်ညှစ်ထည့်ပြီး ဆားလှော်အနည်းငယ်ထည့်သောက်ပါက အဖန်ကြောင့် လေချုပ်ဝမ်းချုပ်ခြင်းမှ ကာကွယ်နိုင်သည်။
- လည်ချောင်းနာ၊ အသံဝင်အသံကပ်၊ ချောင်းခြောက်ဆိုးသူများသည် ဆားလှော် သို့မဟုတ် သိန္ဓော ဆားကို သံပရာရည်နှင့်ဖျော်ပြီး မကြာခဏလျက် ပေးပါက သက်သာပျောက်ကင်းစေနိုင်သည်။
- ဆီးအောင့်လျှင် ကြွေအန်ကစားသည့်ကြွေစေ့ကိုမီးဖုတ်ပြီး သံပရာရည်နှင့်စိမ်သောက်ပါက ဆီးအောင့်ရောဂါ၊ ဆီးကျောက်တည်ရောဂါများ သက်သာစေနိုင်သည်။
- ကြို့ထိုးလျှင်၊ ဝမ်းဗိုက်ရင်ညွန့်မှ လေထိုးလေအောင့်ဖြစ်လျှင် သံပရာသီးအစိမ်း၏အခွံကို ဆားနှင့် တို့စားပေးပါက သက်သာပျောက်ကင်းစေနိုင်သည်။
သံမနိုင်ကျောက်မနိုင်
အင်္ဂလိပ်အမည် - မတွေ့ရှိ
မျိုးရင်း - Papilionaceae (ပိတောက်မျိုးရင်း)
ရုက္ခဗေဒအမည် - Alysicarpus vaginalis DC.
အဓိကဆေးဖက်ဝင်ပုံ
ဆီးကျောက်တည်၊ ဆီးချုပ်၊ ဖောရောင်၊ မီးယပ် အဖြူဆင်း၊ နို့အနာပေါက်၊ သွေးဝမ်းသွားခြင်းများ အတွက် ဆေးဖက်ဝင်အသုံးပြုသည်။
ဆေးဖက်ဝင်အစိတ်အပိုင်း
ပဉ္စငါးပါး။
အပင်ပုံသဏ္ဌာန်
တစ်နှစ်ခံပင်ပျော့ပင်ငယ်မျိုးဖြစ်သည်။ ၁ ပေမှ ၃ ပေခန့်အထိ မြေတွင်လျှောက်၍ပေါက်သည်။ ပင်စည်
သေးသွယ်ပြီး တစ်ခါတစ်ရံထောင်မတ်နေသည်။
ဆေးကျမ်းများအဆို
ချုပ်သောသတ္တိရှိ၏။ ဖောရောင်ခြင်းကိုကျစေ၏။
ထိုင်းမှိုင်းစေ၏။ ဝမ်းသွားခြင်း၊ သွေးဝမ်းသွားခြင်း၊ ဆီးကျောက်တည်ခြင်းများကို ပျောက်ကင်းစေ၍
အနာကိုပြည်ပေါက်စေသည်။
ဆေးဖက်ဝင်အသုံးပြုပုံ
- သံမနိုင်ကျောက်မနိုင်ပင်ကို နေရိပ်တွင် အခြောက်လှန်းပြီး လက်ဖက်ခြောက်ကဲ့သို့ ရေနွေး တွင်ခတ်၍ နေ့စဉ်သောက်ပါက ဆီးကျောက်တည်ခြင်း၊ ဆီးသွားရခက်ခဲခြင်း၊ ဆီးလမ်းကြောင်း ပိတ်ဆို့ခြင်းတို့ကို ပျောက်ကင်းစေနိုင်သည်။
- အရွက်ကိုရေနွေးဖြော၍ အတို့အမြှုပ်ပြုလုပ်စားပါက သွေးဝမ်းသွားခြင်း၊ သွေးဆင်းများခြင်း၊ အဖြူ ဆင်းခြင်းများကို ပျောက်ကင်းစေနိုင်သည်။
- ကလေးသူငယ်များ ဝမ်းဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်းများဖြစ်ပါက အရွက်ကိုအရည်ညှစ်၍ နို့နှင့်ရော တိုက်ပါက တစ်နှစ်သားနှင့်အထက်ကလေးငယ်များ ဗိုက်အောင့်ဗိုက်နာခြင်း ပျောက်ကင်းစေနိုင်သည်။
- သံမနိုင်ကျောက်မနိုင်အရွက်ကိုကြိတ်ပြီး အနာပေါက်တွင် အုံပေးပါက အနာပြည်ပေါက်စေနိုင်သည်။
- သံမနိုင်ကျောက်မနိုင်ရွက်၊ တောဆီးဖြူရွက်၊ ကျောက်ကွဲရွက်သုံးမျိုးကို ဆတူအမှုန့်ပြုလုပ်ပြီး ပျားရည်နှင့်လုံး၍ တစ်ရက်လျှင် ရွေးကြီးစေ့ခန့် နံနက်၊ ညသုံးလုံးစားပေးပါက ကျောက်တည်ရောဂါအမျိုးမျိုး
ပျောက်ကင်းစေနိုင်သည်။
သက်ရင်းကြီး
အင်္ဂလိပ်အမည် - မတွေ့ရှိ
မျိုးရင်း- Euphorbiaceae (ကြက်ဆူမျိုးရင်း)
ရုက္ခဗေဒအမည် - Croton oblongifoliusRoxb.
အဓိကဆေးဖက်ဝင်ပုံ
အဆစ်အမျက်ရောင်ရမ်းနာ၊ ကိုက်ခဲနာ၊ လေးဖက်နာ၊ ဒဏ်ကြောင့်ဖြစ်သောအနာ၊ ဖောရောင်နာ၊ ဒူလာရောဂါ၊ ဝမ်းချုပ်၍ဖြစ်သောလိပ်ခေါင်းရောဂါ၊ ဝမ်းဗိုက်အဆီတိုးရောဂါ၊ အဆီပိတ်ရောဂါ၊ အဖျားရောဂါ၊ လေချုပ်၊ ဝမ်းချုပ်ရောဂါများအတွက် ဆေးဖက်ဝင် အသုံးပြုနိုင်သည်။
ဆေးဖက်ဝင်အစိတ်အပိုင်း
အရွက်၊ အခေါက်၊ အမြစ်
အပင်ပုံသဏ္ဌာန်
ပင်စည်ဖြောင့်မတ်သော အပင်လတ်မျိုးဖြစ်သည်။
အမြင့်ပေ ၃၀ ခန့်အထိရှိသည်။ ပင်စည်တွင်ရှိသော အပွေးအခေါက်များသည် အပင်ရင့်လျှင် အညိုရောင် ရှိသည်။
ဆေးကျမ်းများအဆို
ပူခါးသောအရသာရှိ၍ ထက်မြက်သောဂုဏ်သတ္တိရှိသည်။ သွေးကိုကြေစေ၏။ လေကိုနိုင်၏။ ဝမ်းကိုမှန်စေတတ်၏။ အဆီကိုကျစေ၏။ သွေးစုခဲသောရောဂါ၊ ဝမ်းကိုက်ရောဂါ၊ ပြည်တည်နာတို့ကို ပျောက်ကင်းစေသည်။
ဆေးဖက်ဝင်အသုံးပြုပုံ
- ဒူးနာ၊ ခါးနာ၊ အဆစ်အမျက်ကိုက်ခဲခြင်းများဖြစ် လျှင် သက်ရင်းကြီးအမြစ်ကို အခြောက်လှန်းထားပြီး သွေးလိမ်းပါက အကိုက်အခဲမှန်သမျှ သက်သာစေနိုင်သည်။
- ဝမ်းဗိုက်အဆီတိုး၍ ဗိုက်ခေါက်ထွက်သူများသည် သက်ရင်းကြီးရွက်ကိုပြုတ်၍ တစ်ရွက်နှစ်ရွက်ခန့် အတို့အမြှုပ် ပြုလုပ်စားပေးခြင်းဖြင့် ဝမ်းမှန်ပြီး ဗိုက်ခေါက်အဆီများကျစေနိုင်သည်။
- သက်ရင်းကြီးအမြစ်ကို အစိုအတိုင်း ထန်းလျက်နှင့်စိမ်၍ စိမ်ရည်ဖောက်ထားပြီး နေ့စဉ်မှန်မှန်သောက်သုံးပါက ဝမ်းမှန်၊ လေမှန်စေသည်။ အရက်စွဲနေသူများသည် ယင်းစိမ်ရည်ကို အရက်အစား သောက်သုံးခြင်းဖြင့် အရက်ဖြတ်၍ရနိုင်သည်။
- လိပ်ခေါင်းရောဂါရှိသူများသည် သက်ရင်းကြီးမြစ်ကိုသွေး၍ သံပရာရည်နှင့်ရောဖျော်ပြီး သောက်သုံးပါက လိပ်ခေါင်းရောဂါ၊ သွေးကျရောဂါတို့ကို ပျောက်ကင်း စေနိုင်သည်။
- အနာမကျက်ဘဲ ပြည်တစိုစိုဖြစ်နေလျှင် သက်ရင်းကြီးရွက်နုကိုကြိတ်၍အုံပေးခြင်းဖြင့် အနာကျက်ပြီး အသားနုတက်စေသည်။
ကြည်လွင်မြင့်(မုဒြာ)