ယဉ်ကျေးမှုအစဉ်အလာကောင်းများ

 

ယဉ်ကျေးမှုအစဉ်အလာကောင်းများ

မြန်မာအဘိဓာန်တွင်ဖော်ပြထားသော ဆယ့်နှစ်ရာသီအရုပ်၊ ပွဲ၊ ပန်း၊ နက္ခတ်ပြဇယားတွင် သီတင်းကျွတ်သည် ရာသီအားဖြင့် တူရာသီ၊ ရာသီရုပ်မှာ ချိန်ခွင်ကိုင်ယောက်ျား၊ ရာသီပွဲမှာ မီးမြင်းမိုရ်ပွဲ၊ ရာသီ ပန်းမှာကြာဖြစ်ပြီး စန်းယှဉ်နက္ခတ်မှာအသဝနီဖြစ်သည်။ ပုဂံခေတ်က သီတင်းကျွတ်လကို သန်တူလ ဟူ၍ခေါ်သည်။ သန် သည် ကောက်၊ စပါး၊ တူ သည် ထောင်မတ်သည်ဟုအဓိပ္ပာယ်ရသည်။ ကောက် စပါးပင်များပေါက်ဖွားထွက်ကာ ထောင်မတ်လာသောလဟုဆိုလိုပါသည်။ သီတင်းကျွတ်ဟူသောအသုံးကို လအမည်အဖြစ် အင်းဝခေတ်တွင်မှ သုံးကြောင်း၊ သတင်းဟုရေးလေ့ရှိကြောင်းလည်းသိရှိရသည်။ ရဟန်းတော်များသီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်း ကျွတ်ဟုခေါ်ခြင်းဖြစ်သည်။

သီတင်းကျွတ်လဆိုသည်နှင့် ဆီမီးရောင်ရှိန်ထိန်ဝါလင်း သီတင်းကျွတ်တော့မည် ဆိုသောသီချင်း သံနှင့်အတူ ထိန်ထိန်လင်းအောင် ထွန်းညှိပူဇော်သည့်မီးထွန်းပွဲတော်ကို သတိရတတ်ကြပါသည်။ ဂေါတမ ဘုရားရှင်သည် ခုနစ်ဝါမြောက်တွင် တာဝတိံသာနတ်ပြည်သို့ကြွတော်မူ၍ မယ်တော်သန္တုဿိတနတ်သား အမှူးပြုသော နတ်ဗြဟ္မာအပေါင်းအား ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရားဟောတော်မူပြီးနောက် သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူပါသည်။ သိကြားမင်းက ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြား စောင်းတန်းသုံးသွယ်ကို ဖန်ဆင်းပေးသည်။ယင်းစောင်းတန်းသုံးသွယ်တို့၏အခြေသည် သင်္ကဿမြို့တံခါး တွင်တည်ကုန်သည်။ စောင်းတန်းဦးမှာ မြင်းမိုရ်တောင်ထိပ်၌ တည်ပါသည်။

ဗုဒ္ဓမြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့သက်ဆင်းမည့်အခါ မြင်းမိုရ်တောင် ထိပ်တွင်ရပ်တော်မူကာ ရေမီးအစုံစုံ တန်ခိုးပြာဋိဟာပြတော်မူပြီး ပတ္တမြားစောင်းတန်းဖြင့် သက်ဆင်းတော်မူသည်။ နတ်အပေါင်းက လက်ယာဘက်ရွှေစောင်းတန်းဖြင့် လိုက်ပါသက်ဆင်းလာကြသည်။ ဗြဟ္မာကြီးများက လက်ဝဲဘက်ငွေစောင်းတန်းဖြင့်သက်ဆင်းလာကြသည်။လူ့ပြည်သို့အရောက် စောင်းတန်းဦး၌ဘုရားရှင် လက်ယာခြေတော်ကို ချမိလျှင်  ဘုရားရှင်အား တပည့်ကြီးရှင်သာရိပုတ္တရာမထေရ်သည်  ရှေးဦးစွာ ရှိခိုးပူဇော်သည်။ ထို့နောက်မှ ကျန်သောပရိသတ်တို့ မြတ်စွာဘုရားကို ရှိခိုးပူဇော်ကြသည်။

မြန်မာတို့သည်   ဗုဒ္ဓမြတ်စွာဘုရားရှင်တာဝတိံသာမှဆင်းသက်တော်မူခဲ့သည်ကို  အကြောင်းပြု၍ တာဝတိံသာပွဲတော် ဟုလည်းကောင်း၊ တာဝတိံသာနတ်ပြည်တည်ရှိရာ မြင်းမိုရ်တောင်ထိပ်မှဆင်းသက် တော်မူသည်ကို အကြောင်းပြုပြီး မီးမြင်းမိုရ် ဟူ၍လည်းကောင်း အမျိုးမျိုးခေါ်ဝေါ်ကြပါသည်။ သီတင်းကျွတ် မီးထွန်းပွဲတော်သည် အနယ်နယ်အရပ်ရပ်တွင်လွန်စွာ စည်ကားသောပွဲတော်တစ်ခုဖြစ်သည်။ သီတင်းကျွတ်လပြည့်နေ့တွင် ရဟန်းတော်များနှင့်သာဆိုင်သောပွဲတော်မှာ ပဝါရဏာပွဲတော်ဖြစ်သည်။ မိမိတို့ဝါဆိုကြသော ကျောင်းတိုက်နှင့်သိမ်တို့၌ ပွဲတော်ကိုနှစ်စဉ်ကျင်းပမြဲဖြစ်သည်။

ပဝါရဏာဟူသောပါဠိမှာ ဖိတ်ကြားခြင်း၊ တောင်းပန်တိုက်တွန်းခြင်းဟုအဓိပ္ပာယ်ရသည်။ ရဟန်းတော် အချင်းချင်း အပြန်အလှန်ဖိတ်ကြားသည်(ဝါ)တိုက်တွန်းတောင်းပန်သောပွဲဖြစ်သည်။ ရဟန်းတော် အချင်းချင်း အပြန်အလှန်ဖိတ်ကြားတိုက်တွန်းသောပွဲကို   မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်ကပင် ရှိခဲ့သည်။ တစ်ပါးသော ပုဂ္ဂိုလ်ပေါ်တွင်ဖြစ်စေ၊ မိမိအပေါ်တွင်ဖြစ်စေ တရားတော်နှင့်မလျော်ညီ၊ ဖီလာဖြစ်မှုများ ရှိခဲ့သော် အချင်းချင်း စုပေါင်းဝေဖန်ကြသောပွဲ၊ သုံးသပ်ကြသည့်ပွဲ၊ အမှားကိုပြုပြင် အမှန်ကိုဝန်ခံကြသော ပွဲပင်ဖြစ်သည်။ ဗုဒ္ဓမြတ်စွာ၏ပဝါရဏာပွဲတော်သည် သူတစ်ပါးတို့၏ဝေဖန်ရေးကို အနူးအညွတ် ဖိတ်ခေါ်သောပွဲဖြစ်သည်။ သံဃာတော်အချင်းချင်း စည်းလုံးညီညွတ်ရေး၊ ပုဂ္ဂိုလ်သန့်စင်ရေးတရားများကို ရယူနိုင်ခဲ့ပြီး နှစ်ပေါင်း ၂၅၀၀ ကျော်တည်တံ့အောင်ထိန်းသိမ်းနိုင်ခဲ့သည်။

သီတင်းကျွတ်လျှင် သံဃာတော်များက ဘုရားရှင်အား ဖူးမြော်ကန်တော့သည့် အစဉ်အလာတစ်ခုရှိ သည်။ အရပ်တစ်ပါးပါးတွင် ဝါကပ်ဝါဆိုကြရသည့်တိုင် သီတင်းကျွတ်လျှင် ဘုရားရှင်ရှေ့မှောက်သို့အရောက် လာကာ ဘုရားရှင်အား ဖူးမြော်ကန်တော့လေ့ရှိသည်။ ဗုဒ္ဓဘာသာဝင်မြန်မာတို့သည် ထိုဓလေ့ထုံးစံကို မျက်မှောက်ခေတ်အထိ လိုက်နာကြပြီး သီတင်းကျွတ်သည့်အခါတိုင်း ရွာဦးကျောင်းဘုန်းတော်ကြီးအား လည်းကောင်း၊ နှစ်ဖက်မိဘဘိုးဘွားများအားလည်းကောင်း၊ ဆရာသမားများအားလည်းကောင်း၊ နှစ်ဖက် ဆွေမျိုးများထဲမှ သက်ကြီးဝါကြီးများအားလည်းကောင်း၊ ရပ်ကွက်၊ မြို့ရွာများရှိသက်ကြီးရွယ်အိုများအား လည်းကောင်း မုန့်၊ မျက်နှာသုတ်ပဝါ၊ ဝတ်စုံ၊ ဆေးဝါးအစရှိသောပစ္စည်းဝတ္ထုများဖြင့် အသီးသီးပူဇော်ကန်တော့လေ့ရှိသည်။

လောကအကြောင်းအနေဖြင့်ကြည့်လျှင် သက်ကြီးရွယ်အိုများထံမှ အဖိုးတန်သောဆုံးမစကားများကို နာကြားရခြင်း၊ ပညာရှိသူတော်ကောင်းများ၏ချီးမွမ်းမှုကိုခံရခြင်း၊ လူချစ်လူခင်ပေါများခြင်း၊ ယဉ်ကျေးသူများဟု အသိအမှတ်ပြုခံရခြင်း စသောအကျိုးတရားများရရှိနိုင်သည်။  ဓမ္မကြောင်းရှုထောင့်မှကြည့်လျှင် ပူဇာစ ပူဇနေယျာနမင်္ဂလာ၊ ဒါနမင်္ဂလာ၊ ဂါရဝမင်္ဂလာ၊ နိဝါတမင်္ဂလာ၊ ကတညုတာမင်္ဂလာ၊ သောဝစဿတာ မင်္ဂလာတရားတော်များဖြင့် အကျိုးထူးများကိုခံစားနိုင်ကြောင်း  ဘုရားရှင်ဟောကြားထားပါသည်။ သီတင်းကျွတ် အခါသမယသည် မြန်မာတို့အတွက် အစဉ်အလာဓလေ့ကောင်းအဖြစ် ယဉ်ကျေးမှုနယ်ပယ် တွင်အစဉ်ရှိနေမည် ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။   ။