Online လောင်းကစားနှင့် လိမ်လည်မှုများသည် မြန်မာနိုင်ငံမှ တရုတ်ပြည်သူများအား လိမ်လည်ခြင်းမဟုတ်သလို တရုတ်နိုင်ငံမှလည်း မြန်မာပြည်သူများအား လိမ်လည်ခြင်း မဟုတ်ဘဲ ရာဇဝတ်မှုကျူးလွန်ထားသော ပြည်ပြေးလူလိမ်တစ်စုနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့က လုပ်ဆောင်နေခြင်းဖြစ်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ Phoenix New Media မှ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့တွင် လာရောက်တွေ့ဆုံမေးမြန်းခဲ့ပါသည်။ တွေ့ဆုံမေးမြန်းမှုအကျဉ်းချုပ်အား အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်-
Phoenix Media-အခုလိုလာရောက်ဖြေကြားတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဗိုလ်ချုပ် ဇော်မင်းထွန်း- အခုလိုလာရောက်မေးမြန်းတဲ့အတွက် ကျေးဇူးတင်ပါတယ်။ တရုတ်နိုင်ငံမှ မီဒီယာများထဲမှ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့ဆုံခွင့်ရတဲ့မီဒီယာလို့ မှတ်မိနေပါတယ်။ အဲဒီအချိန်က မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားတဲ့အချိန်မှာ Interview ရိုက်ကူးခဲ့တာဖြစ်လို့ အောင်မြင်ခဲ့ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေမှန်ကိုသိရဖို့ လာရောက်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
မေး။ မြန်မာနိုင်ငံမြောက်ပိုင်းမှာ Online လိမ်လည်မှုတွေကို ဘယ်အချိန်မှာ စတင် သိခဲ့ပါသလဲ။
ဖြေ။ ၂၀၂၀-၂၀၂၁ မြန်မာနိုင်ငံမတိုင်မီ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတို့မှာ ဖြစ်ပွား ခဲ့ပြီး ၂၀၂၁- ၂၀၂၂ ကူးချိန်မှာ မြန်မာနိုင်ငံကို ရောက်လာခဲ့တာတွေ့ရပါတယ်။ အဲဒီ လောင်းကစားလုပ်ငန်း လုပ်ကိုင်ကြတဲ့သူတွေဟာ ကမ္ဘောဒီးယားနိုင်ငံကနေ ပြေးလာပြီး မြန်မာနိုင်ငံတောင်ပိုင်းမှာရှိတဲ့ ရွှေကုက္ကိုလ်ဒေသမှာ လုပ်နေပြီဆိုတဲ့ သတင်းရရှိ ခဲ့ပါတယ်။ အနောက်နိုင်ငံတွေကလည်း ရွှေကုက္ကိုလ်ဟာ တရုတ်အစိုးရရဲ့ မူဝါဒအရ ဆောက်ခဲ့တာဆိုပြီး ဝါဒဖြန့်ခဲ့တာကြောင့် တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံအကြား အထင် အမြင်လွဲမှားမှုတွေ ဖြစ်ခဲ့ပါတယ်။ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချို့ ပူးပေါင်းဆောင်ရွက် ခဲ့တယ်ဆိုပြီး စွပ်စွဲခဲ့လို့လည်း ကျွန်တော်ကိုယ်တိုင်ပဲ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ရှင်းလင်းခဲ့ရပါတယ်။ အဲဒီရွှေကုက္ကိုလ်စီမံကိန်းကို တည် ဆောက်ခွင့်ပိတ်ပြီးနောက်မှာ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေဆီကို ရောက်လာခဲ့ တာလည်းဖြစ်နိုင်ပါတယ်။ ၂၀၂၁-၂၀၂၂ အကူးမှာမှ မြန်မာနိုင်ငံမြောက်ပိုင်းမှာ Online လောင်းကစားမှုတွေ လုပ်နေပြီဆိုတာသိခဲ့ရပါတယ်။ မြန်မာအစိုးရအနေနဲ့လည်း ၂၀၂၂ ခုနှစ်ကစပြီး ခြေရာခံ၊ ဖမ်းဆီးမှုတွေပြုလုပ်ခဲ့ပါတယ်။ သူတို့အနေနဲ့ တရုတ် ဘက်တင်မကဘဲ မြန်မာဘက်ကိုပါ ပစ်မှတ်ထားလုပ်ဆောင်တာကိုလည်း တွေ့ပါ တယ်။ Online မှာလုပ်တာဆိုတော့ ထင်ရှားတာမရှိဘဲ အနေချောင်နိုင်ငံ၊ ချောင်တဲ့ နေရာမှာ လုပ်တာလည်းဖြစ်ပါတယ်။
မေး။ Online လောင်းကစားမှုတွေ လုပ်ဆောင်နေတာကို သိသိခြင်း ဘယ်လိုစီမံမှု တွေပြုလုပ်ခဲ့ပါသလဲ။ ပူးပေါင်းဆောင်ရွက်မှုဟာ မြန်မာနိုင်ငံဘက်က စတင်ခဲ့တာလား၊ တရုတ်နိုင်ငံဘက်က စတင်ခဲ့တာလား။
ဖြေ။ မြန်မာနိုင်ငံဘက်ကတော့ ဆိုရှယ်မီဒီယာကနေ စတင်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ခြေရာခံပြီး စုံစမ်းခြင်း၊ လက်လှမ်းမှီရင် ဆက်သွယ်ရေးဥပဒေ၊ လောင်းကစားဥပဒေနဲ့ အရေးယူခဲ့ပါတယ်။ သာမန်အနေထားနဲ့သာ လုပ်ဆောင်နိုင်ခဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့် မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ တရုတ်နိုင်ငံဘက်မှ အကြောင်းကြား လာမှသာ နှစ်နိုင်ငံပူးပေါင်းပြီး အရှိန်အဟုန်နဲ့ နှိမ်နင်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။
မေး။ Online ပေါ်မှာ သိတဲ့ တစ်ယောက်က သူ ထိန်းချုပ်ခံရတယ်လို့ လူကြီးတွေကို သိအောင်ပြောပေးပါဆိုပြီး ပြောပါတယ်။ ပူးပေါင်းဆောင်ရွက်တဲ့ လုပ်ဆောင်မှုများကို ပြောပေးပါ။ ဖမ်းဆီးခဲ့တာ ဘယ်လောက်သိမ်းဆည်းရမိခဲ့ပါသလဲ။ တရုတ်လူမျိုး၊ မြန်မာလူမျိုး ဘယ်နှစ်ဦး ပါပလဲ။
ဖြေ။ ဖမ်းဆီးရမိခဲ့တာတော့ ၁ ထောင်နီးပါးရှိပြီး တကယ်ပြစ်မှုကျူးလွန်တာကတော့ သုံးရာနီးပါးရှိပါတယ်။ မြန်မာလူမျိုး ၅၀ ကျော်ပါဝင်ပြီး တရုတ်လူမျိုးရော အဲဒီဒေသမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေပါ ပါဝင်ပါတယ်။ အသေးစိတ်ကိုတော့ သက်ဆိုင်ရာဌာနများက ပြောပြပေးမှာ ဖြစ်ပါတယ်။ ဆက်ပြီး လုပ်ဆောင်မှာတွေကို ပြောပြပါမယ်။ နံပါတ်တစ် အနေနဲ့ မြန်မာနိုင်ငံရဲ့ မူဝါဒကတော့ မြန်မာ့မြေကိုသုံးပြီး အိမ်နီးချင်းနိုင်ငံများရဲ့ အကျိုးစီးပွားကို ထိခိုက်စေမယ့်လုပ်ငန်းမျိုး၊ အဖျက်အမှောက် လုပ်ငန်းမျိုး၊ မီဒီယာကနေ ဝါဒဖြန့်တာမျိုး၊ လိမ်လည်လောင်းကစားခြင်းမျိုးတွေကို လုံးဝလက်မခံဘဲ တိုက်ဖျက်သွားမှာ ဖြစ်ပါတယ်။ နံပါတ်နှစ်အနေနဲ့ Online လောင်းကစား လိမ်လည်မှုတွေနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံ ပူးပေါင်းပြီး အမြစ်ပြတ်အောင် လုပ်မယ်လို့ ကျွန်တော်တို့ သန္နိဋ္ဌာန်ချထားပါတယ်။ ဒီနှစ် အောက်တိုဘာလ ၁၅ ရက်မှာလည်း တရုတ်နိုင်ငံရဲ့ အာရှရေးရာအထူး ကိုယ်စားလှယ်နဲ့ ကျွန်တော်တို့ နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးရာမှာလည်း မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ Online လိမ်လည်မှုတွေကို အမြစ်ပြတ်အောင် ဆောင်ရွက်မယ်လို့ သန္နိဋ္ဌာန်ချမှတ်ထားပါတယ်။
မေး။ ယခုအချိန် Online လိမ်ညာနေတဲ့အဖွဲ့ ဘယ်နှစ်ဖွဲ့လောက် ဖမ်းဆီးထားလဲ။ တရုတ်နိုင်ငံက ထိခိုက်သူတွေအပေါ်ကို ဘယ်လိုဆောင်ရွက်ပေးဖို့ ရှိပါသလဲ။
ဖြေ။ “ဝ”နဲ့ မိုင်းလား၊ ကိုးကန့်နယ်မြေတွေမှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဒေသများဟာ အထူးဒေသများဖြစ်ပါတယ်။ “ဝ”နဲ့မိုင်းလားဒေသဟာ ကျွန်တော်တို့ အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတာကြောင့် တရုတ်နိုင်ငံဘက်မှ ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ ကိုးကန့်ဒေသကတော့ ကျွန်တော်တို့ ထိန်းချုပ်မှုအောက်မှာရှိလို့ ဖမ်းဆီး ရမိတာတွေကို တရုတ်နိုင်ငံဘက်ကို ပို့ဆောင်ပေးလျက်ရှိပါတယ်။ “ဝ”နဲ့ မိုင်းလားဒေသဟာ တရုတ်အစိုးရနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး ဆောင်ရွက်တာဖြစ်တဲ့အတွက် ငွေကြေးပမာဏ ဘယ်လောက်လဲ ဆိုတာတော့ ကျွန်တော်မသိပါဘူး။
မေး။ အခုထပ်ပြီး ဘယ်နှစ်နေရာရှိပါသလဲ။ နှိမ်နှင်းဖို့ ဘယ်လောက်ကြာမယ်ဆိုတာကို တရုတ်ပြည်သူတွေက အရေးတကြီး သိချင်နေပါတယ်။
ဖြေ။ တရုတ်နိုင်ငံက အထူးကိုယ်စားလှယ်လာရောက်ချိန်မှာ ဒီနှစ်အကုန် အမြစ်ပြတ် ချေမှုန်းဖို့ သန္နိဋ္ဌာန်ချထားပါတယ်။ Online လောင်းကစားနဲ့ လိမ်လည်မှုဟာ ဒီမှာနှိမ်နင်းပြီးရင်လည်း ဘယ်ကိုရွှေ့ပြောင်းသွားမလဲဆိုတာ ခန့်မှန်းလို့မရပါဘူး။ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံပူးပေါင်းပြီး လုပ်ဆောင်လို့ရတဲ့နေရာတွေမှာ ပူးပေါင်း စစ်ဆင်ရေးတွေ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
မေး။ အများဆုံး ဖမ်းဆီးရမိတဲ့ ဖူအာမြို့ဘက်က ရဲတွေက ၂၃၀၀ ကျော်ဖမ်းဆီးရမိပြီး လူတစ်ရာကျော်က ထွက်ပြေးနေတယ်လို့ သိရပါတယ်။ အစိုးရက ပါဝင်ပတ်သက် ခဲ့ပါသလား။ ဘယ်လိုနှိမ်နှင်းခဲ့ပါသလဲ။
ဖြေ။ “ဝ”နဲ့ မိုင်းလားဟာ အစိုးရရဲ့ ကွပ်ကဲမှုအောက်က လွတ်မြောက်နေပြီး အထူး ဒေသဖြစ်တာကြောင့် သူတို့ဟာ သူတို့ရဲ့ လက်နက်ကိုင်တပ်တွေနဲ့ သူတို့နေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံအတွက် လောင်းကစားထက်ပိုပြီး ပြဿနာ ကြီးတာဖြစ်ပါတယ်။ “ဝ”နဲ့ မိုင်းလားဘက်မှာ မြန်မာအစိုးရရဲ့ နိုင်ငံ့ဝန်ထမ်း တစ်ဦးမှ မရှိပါဘူး။ “ဝ”နဲ့ မိုင်းလားမှာ တရုတ် စကားပြောတတ်သူသာများပြီး မြန်မာစကား ပြောတတ်သူရှားပါတယ်။ တရုတ်ယွမ်ငွေကိုသာ အသုံးပြုပြီး မြန်မာကျပ်ငွေ မသုံးတာလည်း သိပါတယ်။ အဲဒီ အခြေအနေကို တရုတ်အစိုးရက သိမယ်ထင်ပါတယ်။ “ဝ”နဲ့ မိုင်းလားဘက်ကို တရုတ်စကားမတတ်ဘဲ ဝင်လို့မရပါဘူး။ UWSA နဲ့ မိုင်းလား လက်နက်ကိုင်အဖွဲ့တွေ ပါဝင်နေပါတယ်။ နောက်တစ်ခုက တရုတ်နိုင်ငံထဲက ဖူအာနဲ့ကူမင်းမြို့ပေါ်မှာ “ဝ”နဲ့ မိုင်းလား ခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှုတွေရှိပါတယ်။ မေးကြည့်ရင်သိနိုင်ပါတယ်။
မေး။ ဒီမှာရှိနေတဲ့ လိမ်ညာမှုတွေထဲမှာ တိုင်းရင်းသား အကြမ်းဖက်တွေရော ပါလား။ သူတို့ထောက်ခံအားပေးတဲ့သူတွေပါလား။ မြန်မာအစိုးရရောပါလား။
ဖြေ။ “ဝ”နဲ့ မိုင်းလားကိစ္စမှာ မြန်မာအစိုးရက ပါဝင်မှု မရှိပါဘူး။ “ဝ”နဲ့ မိုင်းလား လက်နက်ကိုင်အဖွဲ့ဆိုတာ အပစ်ရပ်ထားတာကြောင့် တပ်ကဝင်လို့မရပါဘူး။ တပ်က ဝင်တာနဲ့ တိုက်ပွဲဖြစ်ပြီး ငြိမ်းချမ်းရေးပျက်စီးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် တပ်အနေ နဲ့ ဝင်ရောက်ခြင်းမပြုတာဖြစ်ပါတယ်။ ခင်ဗျားအနေနဲ့ Online လောင်းကစားကို ကြီးကျယ်တဲ့ကိစ္စလို့ထင်တာလား။ အရင်က “ဝ”နဲ့ မိုင်းလားဒေသမှာ မူးယစ်ဆေးဝါး စိုက်ပျိုးခဲ့တာကြောင့် ၁၉၉၀-၁၉၉၁ ခုနှစ်မှာ အမေရိကန်က “ဝ”ခေါင်းဆောင်တွေ အားလုံးနီးပါး ကို DEA ရဲ့မူးယစ်ဆေးတရားခံတွေအဖြစ် ကမ္ဘာသိကြေညာခဲ့ပါတယ်။ အဲဒီဒေသမှာ ဗကပတွေ ကြီးစိုးခဲ့တဲ့ဒေသဖြစ်ပြီး ဘိန်းစိုက်ပျိုးမှုတွေ ရှိခဲ့ပါတယ်။ အဲဒီနောက်မှာ ခွဲထွက်ပြီး မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေးရယူကာ အထူးဒေသအဖြစ် ဆောင်ရွက်နေတာဖြစ်ပါတယ်။ သူတို့ဟာ မြန်မာတိုင်းရင်းသားများသာ ဖြစ်ပါတယ်။ သို့သော် အစိုးရရဲ့ထိန်းချုပ်မှုအောက်မှ လွတ်နေပါတယ်။ မြန်မာအစိုးရရဲ့ ထိန်းချုပ်မှု အောက်မှာရှိတဲ့ “ဝ”နယ်မြေနဲ့ UWSA ရဲ့ “ဝ”နယ်မြေဆိုတာ ရှိပါတယ်။ ဒီပြဿနာတွေမဖြစ်ခင် ဘိန်းဖြူပြဿနာဖြစ်ခဲ့ပါတယ်။ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့ က ဘိန်းပပျောက်ရေးအတွက် ဖိအားပေးခဲ့တာကြောင့် ဘိန်းပပျောက်ပြီး ရာမ ရူးသွပ် ဆေးပြားများ ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒါကိုလည်း မြန်မာနဲ့တရုတ် ပူပေါင်းပြီး နှိမ် နင်းခဲ့ရပါတယ်။ ယခု တတိယအကြိမ်ကတော့ Online လိမ်ညာမှု ထွက်ပေါ်လာ ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားတွေဖြစ်တာကြောင့် “ဝ”နဲ့ မိုင်းလား ခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေးစကား ပြောကြားနေပါတယ်။ “ဝ”နဲ့ မိုင်းလား ခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှုက မြန်မာဘက်မှာ မရှိပါဘူး။ တရုတ်ဘက်မှာပဲ ရှိပါတယ်။ ဒါကို တရုတ်ပြည်သူတွေကိုလည်း သိစေချင်ပါတယ်။ အဖြစ်မှန်က ခင်ဗျားပြောတဲ့ Online လောင်းကစားကရတဲ့ငွေ ဘယ်ရောက်လဲဆိုတာက သူတို့လက်ထဲမှာပဲရှိနိုင်ပါတယ်။ “ဝ”ခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှုကို တရုတ်နိုင်ငံ ဖူအာမြို့မှာရှိတဲ့ ပြည်သူတွေကို မေးကြည့်ရင်သိပါတယ်။ ဒါ့ကြောင့် “ဝ”တွေကို တရုတ်အစိုးရက ပံ့ပိုးပေးထားတယ်။ ဘိန်းစိုက်တယ်လို့ အမေရိကန်က စွပ်စွဲတာပဲ ဖြစ်ပါတယ်။ အဲဒီနယ်ထဲမှာ (တစ်) ဘိန်းဖြူ၊ (နှစ်) WY ဆေးပြား၊ (သုံး) Online လိမ်လည်မှုတွေ ဖြစ်ခဲ့ပါတယ်။ ဘာလို့ သမိုင်းကြောင်းကို ပြန်ပြောလဲဆိုရင် တရုတ်နိုင်ငံသူ နိုင်ငံသားတွေသိဖို့ လိုအပ်လို့ပါ။ Online လိမ်လည်မှုကနေရတဲ့ ငွေကြေးတွေဘယ်ရောက်နေလဲဆိုရင် “ဝ”နဲ့ မိုင်းလား ခေါင်းဆောင် တွေရဲ့ ပိုင်ဆိုင်မှု မြန်မာနိုင်ငံထဲမှာ မရှိပါဘူး။ အိမ်၊ မြေကွက်၊ ကုမ္ပဏီဘယ်လောက် ရှိလဲဆိုတာ ဖူအာနဲ့ ကူမင်းမှာရှိတဲ့ ပြည်သူတွေကို မေးကြည့်ရင် ပေါ်လာပါလိမ့်မယ်။
မေး။ မြန်မာအစိုးရအနေနဲ့ တရုတ်အစိုးရနဲ့ပေါင်းပြီး ဒီ “ဝ”နဲ့ မိုင်းလားဒေသကို ဖြေရှင်းဖို့ ဘယ်လိုစီစဉ်ထားလဲ။
ဖြေ။ “ဝ”နဲ့ မိုင်းလားကို (တစ်) တရားဥပဒေနဲ့အညီနေထိုင်ဖို့၊ (နှစ်) တရားဝင်တဲ့ စီးပွားရေးလုပ်ငန်းတွေသာ လုပ်ကိုင်ဖို့၊ (သုံး) အဲဒီဒေသအတွင်း မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေး အဖွဲ့တွေဖြစ်တဲ့ ရဲ၊ လဝက၊ အကောက်ခွန်တို့ပေးဝင်ဖို့ တရုတ်နဲ့ မြန်မာနှစ်နိုင်ငံပေါင်းပြီး ဖိအားပေးရမှာ ဖြစ်ပါတယ်။
မေး။ အခုလို ပူးပေါင်းဆောင်ရွက်ဖြေရှင်းတယ်ဆိုတာ ကောင်းပါတယ်။ မြန်မာအစိုးရက သူတွေ ဒီ Online လိမ်လည်မှုမှာ မပါဝင်ဘူးဆိုရင် ဘယ်သူတွေက ပါဝင်နေလဲ။
ဖြေ။ အဓိက ကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ Online လိမ်လည်တဲ့သူတွေကို ကာကွယ်ပေးနေတာ ဖြစ်ပါတယ်။ အဲဒီတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကိုလည်း ပါဝင်ပတ်သက်ခြင်းမပြုဖို့ သတိပေးထားပြီး ဖြစ်ပါတယ်။ အစိုးရဝန်ထမ်းများအနေနဲ့ လာဘ်ပေးလာဘ်ယူမှုများ ရှိနိုင်ပါတယ်။ ရှိခဲ့ရင်လည်း ပြင်းပြင်းထန်ထန် အရေးယူဖို့ ဆောင်ရွက်နေပါတယ်။
မေး။ တကယ်လို့များ မြန်မာဝန်ထမ်းတွေ ပါဝင်ရင် ဘယ်လိုဥပဒေအရ ဖြေရှင်းပေး မှာလဲ။
ဖြေ။ Online ၊ လောင်းကစားဥပဒေများ ရှိပြီးဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန်အရေး ယူမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံက အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံစဉ် နှစ်နိုင်ငံ ပူးပေါင်းကာ အမြစ်ပြတ်ဆောင်ရွက်မယ်လို့ ပြောထားပြီးဖြစ်ပါတယ်။
မေး။ အခု “ဝ”နှစ်ယောက်ကို ဖမ်းဝရမ်း ထုတ်ပြန်တာ မြန်မာဘက်က သိပါသလား။
ဖြေ။ “ဝ”ဒေသက UWSA အဖွဲ့ဝင် ဖြစ်ပါတယ်။ “ဝ”ဒေသမှာ အုပ်ချုပ်နေတဲ့ အစိုးရ အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံကရော မြန်မာနိုင်ငံကပါ ဖမ်းဝရမ်း ထုတ်ထား ပြီးဖြစ်ပါတယ်။ သူတို့အနေနဲ့ မြန်မာနိုင်ငံထဲကို ဝင်လာစရာမရှိဘဲ အလုံခြုံဆုံးက သူတို့နယ်မြေပဲဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့နယ်မြေထဲမှာပဲ နေချင်ရင်နေ၊ ပြေးမယ် ဆိုရင်လည်း ပြည်ပနိုင်ငံဘက်ကို ထွက်ပြေးဖို့ပဲ ရှိပါတယ်။ တရုတ်နိုင်ငံဘက်မှ ဖိအား ပေးနေပြီး မြန်မာနိုင်ငံဘက်မှဖမ်းဆီးရမိပါက တရုတ်နိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်သွား မှာဖြစ်ပါတယ်။
မေး။ အဲဒီနှစ်ယောက်က မြန်မာ-တရုတ် ဖမ်းဝရမ်းထုတ်ထားကြောင်းသိရပါတယ်။ ဘယ်ကို သွားမယ်လို့ ထင်ပါသလဲ။ သူတို့ရဲ့လားရာနဲ့ သဲလွန်စတွေရော ဘာတွေ သိထားပါသလဲ။
ဖြေ။ သူတို့ “ဝ”နယ်မြေထဲက ထွက်သွားတဲ့အထောက်အထား မရှိသေးပါဘူး။
မေး။ ဒီနှစ်ယောက်က တရုတ်နိုင်ငံသားလည်းဖြစ်ပြီး မြန်မာနိုင်ငံသားလည်း ဖြစ်နေ ပါတယ်။ မြန်မာနိုင်ငံမှာ နှစ်နိုင်ငံသား ဖြစ်လို့ ရပါသလား။
ဖြေ။ တရုတ်နိုင်ငံမှာရော နှစ်နိုင်ငံသား ဖြစ်လို့ရလားလို့ မေးချင်ပါတယ်။ အဲဒါက ကျွန်တော်တို့ နှစ်နိုင်ငံရဲ့ ပြဿနာဖြစ်ပါတယ်။ Online လိမ်ညာမှုရဲ့ နောက်ကွယ်က နက်ရှိုင်းတဲ့ ပြဿနာဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ်မှာ ဘိန်းဖြူပြဿနာ၊ ၂၀၀၀ ပြည့်နှစ် မှာ WY ဆေးပြား ပြဿနာ၊ ၂၀၂၁ မှာ Online ပြဿနာဆိုပြီး ကိစ္စ ၃ ခုဖြစ်ခဲ့ပါတယ်။ အဲဒီနယ်မြေမှာ တရားဥပဒေစိုးမိုးရေးမလုပ်နိုင်ရင် ဒီလိုပြဿနာတွေ ဆက်ဖြစ် နေမှာပဲ ဖြစ်ပါတယ်။ ဘိန်းဖြူနဲ့ WY ပြဿနာကို တရုတ်ပြည်သူတွေ မသိခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့က ဘိန်းဖြူနဲ့ WY ဆေးပြားကို တရုတ်ဘက်ကို မသွင်းရဲဘဲ လာအိုနဲ့ ထိုင်းနိုင်ငံကတစ်ဆင့် အခြားနေရာတွေကို ဖြန့်တာဖြစ်ပါတယ်။ အဲဒီအဖွဲ့ တွေရဲ့ စီးပွားရေး အရင်းအမြစ်ဟာ တရားမဝင်လုပ်ငန်းတွေကနေ ရခြင်းဖြစ်ပါတယ်။ Online လိမ်ညာမှု ပြဿနာဖြစ်မှသာ တရုတ်လူမျိုးအများစုအလိမ်ခံရတာကြောင့် တရုတ်က စတင်ခံစားရတာ ဖြစ်ပါတယ်။ Online လိမ်ညာမှုပြဿနာကို ဖြေရှင်းရုံနဲ့ ပြီးသွားမှာ မဟုတ်ပါဘူး။ နံပါတ်တစ် အဲဒီနယ်မြေမှာ တရားဥပဒေစိုးမိုးမှုရှိအောင် လုပ်ရမှာ ဖြစ်ပါတယ်။ ဒါကို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။ နံပါတ်နှစ် အနေနဲ့ ရဲ၊ အကောက်ခွန်၊ လူဝင်မှုကြီးကြပ်ရေး အဖွဲ့တွေကို နှစ်နိုင်ငံအစိုးရက ဝင်ခွင့် ရအောင်လုပ်နိုင်မှသာ ဒီပြဿနာကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။
မေး။ ပူးပေါင်းစစ်ဆင်ရေး စခန်းဖွင့်ထားပါသလား။ အဲဒီအခြေအနေကို သိချင်ပါတယ်။
ဖြေ။ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ပူးပေါင်းစစ်ဆင်ရေးစခန်းဖွင့်ထားတာ မရှိပါဘူး။ တရုတ်နဲ့ မြန်မာနိုင်ငံအစိုးရ၊ ရဲတပ်ဖွဲ့တွေရဲ့ ဆက်သွယ်ဆက်ဆံမှုကတော့ စဉ်ဆက်မပြတ် ရှိပါတယ်။ ဒီကိစ္စဟာ တရုတ်ပြည်သူတွေသာမက မြန်မာပြည်သူ တွေပါ နစ်နာပြီး မြန်မာနိုင်ငံရဲ့ သိက္ခာလည်း ကျရပါတယ်။ သို့သော် သတိပြုရမှာက Online လိမ်ညာမှုကိစ္စကို ဖြေရှင်းရုံနဲ့ ဒီလိုကစ္စတွေ ပြီးသွားမှာ မဟုတ်ပါဘူး။ သမိုင်းကြောင်းကို သိရမယ်၊ အရင်းအမြစ်ကို သိရမယ်၊ ပြဿနာဖြစ်စေတဲ့ အရင်းအမြစ်ကိုသိပြီး နှစ်နိုင်ငံ ပူးပေါင်းဖြေရှင်းရမှာ ဖြစ်ပါတယ်။
မေး။ အခုလိုသေချာရှင်းပြပေးတာ ကျေးဇူးတင်ပါတယ်။ အဲဒီအတွက် အခက်အခဲ ပြဿနာက ဘာရှိသလဲ။
ဖြေ။ “ဝ”နဲ့ မိုင်းလားနယ်မြေထဲ တရားဥပဒေစိုးမိုးရေးအဖွဲ့တွေ ဝင်ရောက်ဖို့ပဲ ဖြစ်ပါတယ်။ သူတို့နေရာမှာ ရဲ၊ လဝက စတဲ့ အဖွဲ့တွေ အဝင်မခံပါဘူး။ ကျွန်တော်တို့ နှစ်နိုင်ငံအနေနဲ့ ဒီအတိုင်းလွှတ်ပေးထားရင် လာမယ့်နှစ်တွေမှာလည်း အခြားပြဿနာများ ဆက်ဖြစ်နေမှာ ဖြစ်ပါတယ်။ သူတို့ကြောင့် မြန်မာနဲ့ တရုတ်ပြည်သူတွေကြား အထင်မှားမှုတွေ ဆက်ဖြစ်နေမှာ ဖြစ်ပါတယ်။
မေး။ အခုလိုမျိုး ဖြေရှင်းပြီးရင် ဒေသခံပြည်သူတွေ စားဝတ်နေရေး ဘယ်လိုရှင်သန် မလဲ၊ ဘယ်လိုနည်းလမ်းတွေရှိပါသလဲ။
ဖြေ။ အဲဒီဒေသက သာမန်ပြည်သူလူထုဟာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းပဲ လုပ်ပါ တယ်။ “ဝ”တောင်ပိုင်းမှာ ရာဘာလုပ်ငန်းအဓိကလုပ်ပါတယ်။ “ဝ”နဲ့ မိုင်းလားပြည်သူ တွေက စိုက်ပျိုးရေးလုပ်ငန်းနဲ့ စီးပွားရေးအခွင့်အလမ်းရှိပြီးဖြစ်တာကြောင့် စိတ်ပူစရာ မလိုပါဘူး။ သာမန်ပြည်သူတွေအနေနဲ့ Online လိမ်လည်မှုနဲ့ မပတ်သက်ဘဲ ခေါင်း ဆောင်ပိုင်းကသာ ပတ်သက်နေတာဖြစ်ပါတယ်။ ထွက်ပြေးနေတဲ့သူတွေဟာ “ဝ” လက်နက်ကိုင်အဖွဲ့က ခေါင်းဆောင်တွေဖြစ်ပါတယ်။ “ဝ” အကြီးအကဲ ပေါက်ယူချန်း နဲ့ဆွေမျိုးတော်တဲ့သူလည်း ဖြစ်ပါတယ်။ “ဝ”အစိုးရအဖွဲ့ထဲမှာ ပါဝင်တဲ့သူဖြစ်ပါတယ်။ ဒါဆိုရင်ခင်ဗျားတို့ ရိပ်မိမှာဖြစ်ပါတယ်။ Online လိမ်ညာမှုတွေကို သာမန်ပြည်သူတွေ ကမလုပ်နိုင်ဘဲ ဘယ်ကရောက် လာတာလဲ၊ ဘယ်သူတွေအကာအကွယ်ပေးနေလဲဆို တာသိနိုင်မယ် ထင်ပါတယ်။
မေး။ အခု ဒီပူးပေါင်းစစ်ဆင်ရေးလုပ်တဲ့အခါမှာ တရုတ်က အကျိုးရှိရှိလုပ်ဆောင်မယ် ထင်ပါသလား။
ဖြေ။ ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီး ဖြစ်ပါတယ်။ ကျွန်တော်နဲ့သာမက ရဲချုပ်၊ ပြည်ထဲရေးဝန်ကြီးတို့နဲ့လည်း တွေ့ပြီးဖြစ်ပါတယ်။ တရုတ်အစိုးရရဲ့ ထောက်ပံ့ကူညီမှုအများကြီးရခဲ့ပါတယ်။ တရုတ်နိုင်ငံဘက်ကလည်း မြန်မာအစိုးရရဲ့ ပူးပေါင်းမှုကို အားရမှုရှိပါတယ်။ တရုတ်အစိုးရအနေနဲ့ ဒီကစ္စကို တရုတ်ပြည်သူတွေ နစ်နာမှုရှိလို့ တရုတ်အစိုးရက အရေးကြီးကိစ္စအဖြစ် ဆောင်ရွက် လျက်ရှိပါတယ်။ မြန်မာနိုင်ငံအနေနဲ့ မြန်မာပြည်သူတွေ နစ်နာမှုရှိသလို သိက္ခာလည်း ကျတာဖြစ်လို့ တရုတ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ ဒီဟာတွေ လုပ် ဆောင်တာဟာ သာမန်တရုတ်၊ မြန်မာပြည်သူတွေ မဟုတ်ပါဘူး။ တရုတ်နဲ့ နိုင်ငံ တကာမှာ ရာဇဝတ်မှုဖြစ်ပြီး တိမ်းရှောင်ထွက်ပြေးနေရတဲ့ လောင်းကစား လုပ်နေတဲ့ သူတွေက ဦးဆောင်နေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲက အပြစ်ရှိတဲ့သူလဲရှိတယ်၊ တရုတ်နိုင်ငံထဲက အပြစ်ရှိတဲ့ သူလည်းရှိတယ်။ တရုတ်တွေက မြန်မာတွေကို လိမ်တာ မဟုတ်သလို မြန်မာတွေက တရုတ်ကို လိမ်တာလည်းမဟုတ်ပါဘူး။ ရာဇဝတ်မှု ကျူးလွန်ထားပြီး အပြစ်ရှိတဲ့ ပြည်ပြေးလူတစ်စုက ကျွန်တော်တို့ နှစ်နိုင်ငံလုံးကို လိမ်နေတာဖြစ်ပါတယ်။ အပြစ်ရှိတဲ့သူတွေကို ဖော်ထုတ်အရေးယူရမှာ ဖြစ်ပါတယ်။ အကာအကွယ်ပေးသူ တွေကိုလည်း အရေးယူရမှာ ဖြစ်ပါတယ်။ နှစ်နိုင်ငံ နယ်စပ်မှာ ရှိတဲ့ ပြဿနာဖြစ်နိုင်တဲ့ နယ်မြေတွေကို တရားဥပဒေစိုးမိုးအောင် ဆောင်ရွက်ရပါမယ်။ ဒါမှနှစ်နိုင်ငံရဲ့ ရေရှည်ချစ်ကြည်ရေး ခိုင်ခန့်မှာဖြစ်ပါတယ်။
မေး။ အခုနှစ်နိုင်ငံက အစည်းအဝေးလုပ်ပြီး ဖြေရှင်းနေတယ်ဆိုတော့ ဘယ်လိုနည်းလမ်း စီမံချက်တွေနဲ့ဆောင်ရွက်နေပါသလဲ။
ဖြေ။ (တစ်)နှစ်နိုင်ငံ သတင်းအချက်အလက်ဖလှယ်တာရှိပါတယ်။ (နှစ်) နှစ်နိုင်ငံ Online စောင့်ကြည့်ရေးအဖွဲ့တွေဖွဲ့ပြီး စောင့်ကြည့်နေပါတယ်။ (သုံး) လက်တွေ့ ဖမ်းဆီးမှုရှိပါတယ်။ တရုတ်နိုင်ငံက မြန်မာဘက်မှာ သံသယရှိတဲ့ စာရင်းပေးရင် လာတဲ့လမ်းကြောင်းစုံစမ်းပြီး လိုက်လံဖမ်းဆီးတာတွေ ရှိပါတယ်။ အချို့လူတွေက တရားဥပဒေချိုးဖောက်တာ ခိုင်လုံရင် ဖမ်းဆီးပါတယ်။ မခိုင်လုံရင် စောင့်ကြည့်တာ မေးမြန်းတာတွေလုပ်ပါတယ်။ ပေးလို့ရတဲ့ အချက်အလက်တွေ အပြန်အလှန်ပေးပို့ပြီး တိုက်ဆိုင်စစ်ဆေးတာရှိပါတယ်။ ဒီသတင်းအချက်အလက်တွေကိုကြည့်ပြီး နှစ်နိုင်ငံ ဘာဆက်လုပ်ရမလဲဆိုတာ ဆွေးနွေးတာ ရှိပါတယ်။ အဲဒီအပေါ်မူတည်ပြီး နှိမ်နင်း ဖမ်းဆီးတာတွေ ဆောင်ရွက်ပါတယ်။
မေး။ အဲဒါဆိုရင် ကွင်းဆင်းဖမ်းဆီးဖို့ ရှိပါသလား။
ဖြေ။ အဲဒါကို ကျွန်တော်ပြောခဲ့ပြီးဖြစ်ပါတယ်။ ဒီနယ်မြေကို ဒီကိစ္စတစ်ခုပဲ ကုသလို့ မဖြစ်ဘူး။ တရားဥပဒေစိုးမိုးရေးအဖွဲ့တွေ ဝင်ရောက်ဖို့လိုအပ်ပါတယ်။
မေး။ အခုထိ ဝင်လို့မရသေးဘူးပေါ့။
ဖြေ။ မှန်ပါတယ်။
မေး။ အဲဒီကို သွားမယ်ဆိုရင်း မြန်မာအစိုးရနဲ့ ဒေသခံတွေ တိုက်ပွဲတွေရှိနိုင်ပါသလား။
ဖြေ။ မှန်ပါတယ်။ ဒါကြောင့် တရုတ်-မြန်မာပူးပေါင်းပြီး တရားဥပဒေစိုးမိုးရေးဝင်ဖို့ လိုမယ်လို့ပြောခြင်းဖြစ်ပါတယ်။
Phoenix Media ။ ကျေးဇူးတင်ပါတယ်။ အခုလိုရှင်းပြပေးတာ။