အယ်ကလက်စီကိုဒါဘီ ပွဲစဉ်တွင် တစ်ပွဲတည်း နှစ်ဂိုးသွင်းယူနိုင်သည့် ပထမဆုံး ကစားသမားအဖြစ် ဘယ်လင်ဟမ် စံချိန်တင်
အယ်ကလက်စီကိုဒါဘီ ပွဲစဉ်အဖြစ် ကစားသည့် ဘာစီလိုနာအသင်းနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့ပွဲစဉ်တွင် ရီးယဲလ်မက်ဒရစ် အသင်းအတွက် ဘယ်လင်ဟမ်က သွင်းဂိုးနှစ်ဂိုး သွင်းယူနိုင်ပြီးနောက် ၂၁ ရာစုအတွင်း အယ်ကလက်စီကိုဒါဘီ ပွဲစဉ်တွင် တစ်ပွဲတည်း နှစ်ဂိုးသွင်းယူနိုင်သည့် ပထမဆုံး ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ကြောင်း သိရသည်။
အသက် ၂၀ အရွယ် ဘယ်လင်ဟမ်သည် ပြီးခဲ့သည့် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလက ဒေါ့မွန်အသင်းမှ ရီးယဲလ်မက်ဒရစ် အသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီး အသင်းနှင့် ပထမဆုံး ဘောလုံးရာသီတွင်ပင် အကောင်းဆုံး ခြေစွမ်းပြပြီး သွင်းဂိုးများသွင်းယူနိုင်ကာ စံချိန်မှတ်တမ်းကောင်းများ ရယူနိုင်ခဲ့သူဖြစ်သည်။
ရီးယဲလ်မက်ဒရစ်အသင်းက ဘာစီလိုနာအသင်းကို ၂ ဂိုး-၁ ဂိုးဖြင့် အနိုင်ရရှိသည့် ပွဲစဉ်တွင် ဂန်ဒိုဂမ်၏ သွင်းဂိုးဖြင့် ဘာစီလိုနာအသင်းက ဦးဆောင်ခဲ့သော်လည်း ဘယ်လင်ဟမ်က ပွဲချိန် ၆၈ မိနစ်တွင် ဂိုးဧရိယာထိပ်မှ အဝေးကန်ချက်ဖြင့် ရီးယဲလ်မက်ဒရစ်အသင်းအတွက် ချေပဂိုးနှင့် ပွဲချိန် ၉၂ မိနစ်တွင် အနိုင်ဂိုးထပ်မံ သွင်းယူခဲ့သဖြင့် မှတ်တမ်းကောင်း တစ်ရပ်ပိုင်ဆိုင်ခြင်းဖြစ်သည်။
ဘယ်လင်ဟမ်အနေဖြင့် အသင်းအတွက် ချေပဂိုး ကို ဘာစီလိုနာအသင်းဂိုး ဧရိယာအပြင်မှ သွင်းယူခဲ့သည့်အတွက် ၂၀၁၈ ခုနှစ် မေလက ဂါရတ်ဘေးလ် သွင်းယူနိုင်ပြီးနောက် အယ်ကလက်စီကိုဒါဘီ ပွဲစဉ်တွင် ရီးယဲလ်မက်ဒရစ် အသင်းအတွက် ဘယ်လင်ဟမ်က ဒုတိယမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ဘယ်လင်ဟမ်သည် ယခုဘောလုံးရာသီတွင် ရီးယဲလ်မက်ဒရစ် အသင်းနှင့်အတူ ပြိုင်ပွဲစုံ ၁၃ ပွဲ ပါဝင်ကစားရာတွင် ၁၃ ဂိုးအထိ သွင်းယူထားပြီး ဂိုးဖန်တီးမှု သုံးကြိမ်ပြုလုပ်ထားသူဖြစ်ကြောင်း သိရသည်။